ကာတွန်းမီးထွန်းပွဲ

ဝီကီပီးဒီးယား မှ
၄,၁၁,၂၀၁၄ တွင်တွေ့ရသော ကာတွန်းမီးထွန်းပွဲပုံရိပ်

ကာတွန်းမီးထွန်းပွဲကို ရန်ကုန်မြို့၊ အနောက်ပိုင်း (၁၃) လမ်းတွင် (၁၉၃၄) ခုနှစ်က စတင်ကျင်းပခဲ့သည်။ ထိုစဉ်က ကာတွန်းဦးဘဂျမ်းက သူနေထိုင်ရာ (၁၃) လမ်းတွင် ကာတွန်းပုံကလေးများရေးဆွဲကာ အတွင်းမှ မီးထွန်းလျက် ကာတွန်းမီးထွန်းပွဲအနေဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၈ ဖေဖော်ဝါရီ ၁၉၅၃ ခုတွင် ကာတွန်းဦးဘဂျမ်း ကွယ်လွန်ခဲလပြီးနောက် ဦးဘဂျမ်း၏ တပည့်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကြွယ်လေး၊ ဦးသန်းကြွယ်၊ ဦးစိန်ကြီး စသူတို့က ဆက်လက် ကြီးကြပ်ကျင်းပခဲ့ကြသည်။

စတင်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ကာတွန်းမီးထွန်းပွဲ စတင်ဖြစ်ပေါ်ပုံမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ (၁၉၃၄) ခုနှစ်တွင် ပဲရောက်ရုပ်ရှင်မှ ကြက်တောင်ကွကာတွန်းဇာတ်ကားကို ကာတွန်းဦးဘဂျမ်းနှင့် ဦးဟိန်းစွန်းတို့ ရိုက်ကူးခဲ့ကြရာ ယင်းနှစ် နိုဝင်ဘာလတွင် ပြီးစီးခဲ့သည်။ ထိုစဉ် ဦးဘဂျမ်းက ဦးဟိန်းစွန်းအား ကမ္ဘာတွင်မပေါ်ဖူးသေးသော ကာတွန်းမီးပုံးမီးထွန်းပွဲကို စတင်တီထွင်ကြရန် အကြံပြုပြောကြားခဲ့သည်။ နှစ်ဦးသား လာမည့်တန်ဆောင်တိုင်ပွဲတော်အတွင်း ရန်ကုန်မြို့ (၁၃) လမ်း အောက်လမ်းမီးထွန်းပွဲတွင် စတင်လုပ်ဆောင်ကြရန် တိုင်ပင်ခဲ့သည်။

ဦးဟိန်းစွန်းက မည်သည့်ကာတွန်းများ ရေးဆွဲကြမည်ကို မေးမြန်းသောအခါ ဦးဘဂျမ်းက သူရိယနှင့် မြန်မာ့အလင်းသတင်းစာများမှ ပယ်ထားသော နိုင်ငံရေးကာတွန်းများအား ပြန်လည်ရေးဆွဲရန်နှင့် သူကိုယ်တိုင်မှာမူ မင်းတိုင်ပင်အမတ်များ၏ ချွတ်ယွင်းချက်များကို ကာတွန်းရေးဆွဲမည်ဖြစ်ကြောင်းပြန်ဖြေခဲ့သည်။

ထိုစဉ်က ဦးဘဂျမ်းမှာ သူရိယနှင့် မြန်မာ့အလင်းတွင် ကာတွန်းမရေးဆွဲရသေးဘဲ ရန်ကုန်ဂေဇက်နှင့် ကဝိမျက်မှန်၊ ရယ်ရွှင်ဘွယ်အလင်းမဂ္ဂဇင်းနှင့် ဒီးဒုတ်ဂျာနယ်လောက်တွင်သာ ကာတွန်းရေးဆွဲသေးသည်။ ဦးဟိန်းစွန်းက ပိုမိုလူသိများနေချိန် ဖြစ်သည်။

ကာတွန်းမီးထွန်းပွဲ၏အရေးပါပုံ[ပြင်ဆင်ရန်]

ကာတွန်းမီးပုံးမီးထွန်းပွဲကို (၁၃) လမ်းအောက်လမ်းတွင် ပထမအကြိမ်ကျင်းပခဲ့စဉ်က သတင်းစာများတွင်အပယ်ခံကာတွန်းများဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ဦးဘဂျမ်းလမ်းတွင် တန်ဆောင်တိုင်ကာတွန်းမီးထွန်းပွဲ လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ကာတွန်းလောကတွင် လှုပ်ရှားမှုငါးခု ထွက်ပေါ်ခဲ့သည်။

ယင်းတို့မှာ

  • (၁) မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း
  • (၂) ဘဂျမ်းဂျာနယ်ပြောင်
  • (၃) နှစ်စဉ်ကာတွန်းပြိုင်ပွဲ
  • (၄) ရပ်ကွက်ကာတွန်းမီးထွန်းပွဲ
  • (၅) ကာတွန်းသက်ကြီးပူဇော်ပွဲတို့ ဖြစ်ကြသည်။


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းနှင့် တန်ဆောင်တိုင်ကာတွန်းပြိုင်ပွဲ[ပြင်ဆင်ရန်]

(၁၉၆၀) ပြည့်နှစ်ဝန်းကျင်တွင် ဦးဘဂျမ်းလမ်း ကာတွန်းပြိုင်ပွဲ၌ ပါဝင်ခဲ့ကြသည့် ကာတွန်းဆရာ ဆယ်ဦးခန့်ကို အခြေခံ၍ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းကာတွန်းဆရာများအသင်းနှင့် (၁၃)လမ်း အောက်လမ်းသမဂ္ဂမှ ကြီးမှူးကာ တန်ဆောင်တိုင်ကာတွန်းပြိုင်ပွဲကို ကျင်းပခဲ့သည်။ ပထမဆုံးကာတွန်းပြိုင်ပွဲ၏ ခေါင်းစဉ်မှာ "ယခုခေတ်ဗမာ့ယဉ်ကျေးမှု"ဖြစ်ပြီး ပထမဆုရရှိခဲ့သူမှာ ကာတွန်းလှတင်ဖြစ်သည်။

ဖိုင်:Myanmar cartoonists association.jpg
myanmar cartoonists association logo

ယခုအခါ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းအား ပန်းဆိုးတန်းလမ်း(အလယ်) အမှတ်(၁၇၃/၁၇၅)ပန်းဆိုးတန်းတာဝါ၊အခန်း(၆၀၁)တွင်တည်ရှိသည်။


ကာတွန်းသက်ကြီးပူဇော်ပွဲ[ပြင်ဆင်ရန်]

(၁၉၆၀) ပြည့်နှစ်တွင် ဦးဘဂျမ်းလမ်း တန်ဆောင်တိုင်မီးထွန်းပွဲအပြီး ကြီးကြပ်ရေးဆွဲသူ ကာတွန်းဆရာများထဲမှ အသက်အကြီးဆုံးဖြစ်သော ကာတွန်းဦးဟိန်းစွန်းကို ကန်တော့ရန် ကာတွန်းဦးဖေသိန်း ဦးဆောင်လျက် အကြံရခဲ့သည်။ ထိုစဉ်က ကာတွန်းမီးထွန်းပွဲတွင် ပါဝင်ရေးသားနေသူ ကာတွန်းဆရာ (၂၅) ခန့် ရှိသည်။ ကာတွန်းဆရာများက စေတနာအလျောက် ငွေကြေးထည့်ဝင်ကာ ပုဇွန်တောင်တပ်မြေရပ်နေ ကာတွန်းဆရာကြီးဦးဟိန်းစွန်းအား သွားရောက် ကန်တော့ခဲ့ကြသည်။ ပထမဆုံးကာတွန်းကန်တော့ပွဲဖြစ်သည်။

သို့ဖြစ်၍ (၁၃) လမ်းအောက်လမ်းတွင် ပြုလုပ်သည့် ကာတွန်းမီးထွန်းပွဲသည် မြန်မာ့ကာတွန်းလောကအတွက် အရေးပါလှသောပွဲတော်တစ်ရပ်ဟု ဆိုနိုင်သည်။

အကိုးအကား[ပြင်ဆင်ရန်]

  • မြန်မာပြည်တစ်ခွင် ရိုးရာပွဲတော်များ။ တင်နိုင်တိုး။ ပကြိမ်။ အောက်တိုဘာ ၂၀၁၄။ မဇ္ဈိမစာပေ။ ရန်ကုန်။ စာ-၃၉။