ကသည်းမြင်းဝန်
ကသည်းမြင်းဝန်
[ပြင်ဆင်ရန်]၁၉ ဇန်နဝါရီ ၁၇၅၉ တွင် အလောင်းမင်းတရားက မဏိပူရမြို့တော်ကို သိမ်းပိုက်လိုက်ပါသည်။ ယင်းနောက် ကသည်းမြင်းသည်တော် အမှုထမ်း နှစ်ထောင်ကျော်ကို ရွှေ၊ ငွေ ၊ အဝတ်ပုဆိုး ၊ ရိက္ခာ စသည်တို့ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးပြီး နေပြည်တော်ဝန်းကျင်၌ အစုအကွက် ၊ နယ်မြေနေရာချထားပေးကာ ကသည်းမြင်းတပ်ကို ဖွဲ့စည်းပေးလိုက်၏။ ကသည်းမြင်းတပ်အား အုပ်ချုပ်ရန် ကသည်းမြင်းဝန် တစ်ဦးကိုလည်း သီးခြားခန့်ထားခဲ့သည်။ သို့သော် ကုန်းဘောင်ခေတ်ဦးကာလက ကသည်းဝန်သည်ပင် ကသည်းမြင်းတပ်ကို အုပ်ချုပ်ခဲ့ရဟန်ရှိသည်။ ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် ကသည်းမြင်းဝန်ဟူ၍ သီးခြားရှိလာခဲ့၏။ ကသည်းမြင်းဝန်သည် မြင်းတပ်ကိုသာ အုပ်ချုပ်ကွပ်ကဲပြီး ကသည်းဝန်မှာမူ အရပ်သား ကသည်းလူမျိုးများနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူရ၏။
ကသည်းမြင်းဝန် နေမျိုးကျော်စွာ
[ပြင်ဆင်ရန်]ဗဒုံမင်းနန်းတက်စ မုဒ္ဓါဘိသိက်အခမ်းအနား အပြီး နောက်တစ်နေ့ဖြစ်သော ၁၂ ဇွန် ၁၇၈၄ တွင် ကသည်းမြင်းဝန်အဖြစ် နေမျိုးကျော်စွာအား ခန့်အပ်ခဲ့သည်။ နေမျိုးကျော်စွာသည် ၁၁ နိုဝင်ဘာ ၁၇၈၅တွင် ယိုးဒယားသို့ စစ်ချီရာ၌ လိုက်ပါ စစ်မှုထမ်းခဲ့ရ၏။ သူသည် ထိုစဉ်က စစ်ကဲအဖြစ် လိုက်ပါစစ်ချီ ခဲ့ရခြင်း ဖြစ်ပြီး ဝန်ထောက်ရာထူးရရှိနေပြီ ဖြစ်သည်။ ၆ ဇူလိုင် ၁၇၈၈ တွင် မိုးတားမြို့စား ဝန်ထောက်နေမျိုးကျော်စွာသည် ကလေးစော်ဘွားက ဆက်သသော ဆင်တော်ကို ကြိုယူရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
ကသည်းမြင်းအုပ်
[ပြင်ဆင်ရန်]ဗဒုံမင်းလက်ထက် ၁၇၉၂ ခုနှစ် ဧပြီလတွင် ထားဝယ်သို့ စစ်ချီစဉ် ကသည်းမြင်းဝန်အစား ကသည်းမြင်းအုပ် လက်ယာသိင်္ခရွှေတောင်က အုပ်ချုပ်ကွပ်ကဲ လိုက်ပါခဲ့ရသည်။ သို့ဖြစ်၍ ထိုအချိန်၌ ကသည်းမြင်းဝန် နေမျိုးကျော်စွာအား ရာထူးမှ ပြောင်းရွှေ့ခန့်အပ်ခြင်း သို့မဟုတ် ပယ်ရှားခြင်း ရှိခဲ့ဟန်တူသည်။ သို့သော် ကသည်းမြင်းတပ်မှာမူ အရေးပါ အရာရောက်ဆဲ ဖြစ်သည်။ ၁၉ ဧပြီ ၁၇၉၆ တွင် အိမ်ရှေ့မင်း ဦးပေါ်၏ တပ်များ မိတ္ထီလာကန်တော်ကို ဆည်ဖို့ကြစဉ် ကသည်းမြင်းတပ် ပါဝင်အမှုထမ်းရွက်ခဲ့ရ၏။
မြင်းသည်တော်တို့၏ အသုံးစရိတ်မှတ်တမ်း
[ပြင်ဆင်ရန်]ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် မဏိပူရအရေးတော် ပေါ်ပေါက်သဖြင့်မြင်းသည်တော်များစစ်ချီတက်ကြရသည်။ ထိုစဉ်က မင်းရွာအရာပိုင် (ရွာသူကြီး)က စေလွှတ်လိုက်သဖြင့် မဏိပူရ စစ်မြေပင်သို့ ရောက်ရှိခဲ့ကြသူ မြင်းသည်တော်အချို့၏ အသုံးအစရိတ်မှတ်တမ်း (ကောင်နုတ်ချက်)ကို အောက်ပါ အတိုင်းတွေ့ရှိရသည်။
၎င်းနေ့ကန့်ကောသူကြီးကို ပုရပိုက်ဝယ်စေသည့် အဖိုးငွေ (၂)
၎င်းပြာသို လပြည့်ကျော် ၁၂ ရက်နေ့ ခါးစည်းရန်ဆို၍ ဗိုလ်တောက်တဲ့ကို တဘက်နီ ၁၊ ၎င်းပခန်းမြို့အုပ်ကို လက်ဆောင်ပေးရန်ဆို၍ တစ်လီစစ်ကဲပေး တဘက်နီ ၁၊ ၂ စု (၂)
၁၁၈၂ ခု ပြာသို လပြည့်ကျော် ၂-ရက်နေ့ မဏိပူရမြို့မှာ ဗိုလ်မှူးမင်းကြီးကို လက်ဆောင်ဆက်သည့် ခွာညိုပုဆိုး ငွေသားအချိန် (၁၀ ကျပ် ၄)
၎င်းလပြည့်ကျော် ၇ ရက်နေ့ တောင်ပံတပ်တွင် ငညွန့်ကို ကွမ်းဝယ်စေသည်ငွေ (၂)
ပခန်းမြို့စာရေး ငစံဝင်းကို စိန်ယမ်းများ မထမ်းမဆောင်လိုပါက လက်ဆောင် အဖိုးပေးရမည်ဆို၍ တပို့တွဲလဆန်း ၅ ရက်နေ့ ငမှိုင်းကို ကန့်ကော လူကြီးပေးငွေ (၃)
ကွမ်းဝယ်ဆေးဝယ်ခပေးငွေ ရွှေဦးပေး ၂ စု (၂)
၎င်းနေ့ ကသည်းမတို့ ခြုံရန် စောင် ၂ ထည် ၂ ၁ဲ
၎င်းနေ့ တောင်ပံရွာတွင် ငညွန့်ကို ထုံး ၊ ရှားစေး ၊ ကွမ်းသီးဝယ်ခ (၁ိ)
ငကြံပုံကို မြင်းစာ မြက်ထမ်းဝယ်စေသည့်ငွေ (၆ူ)
လပြည့်ကျော် ၄ ရက်နေ့ ငကြံပုံကို မြင်းစာ မြက်ထမ်းစေသည့်ငွေ (၆ူ)
၎င်းလပြည့်ကျော်၈ ရက်နေ့ ဆင်တပ်ထမင်းဆိုင်တွင် ဟင်းဖိုး ကရွှေဦးကို ဝယ်စေသည် (၂)
၎င်းလဆန်း ၁၅-ရက်နေ့ မဏိပူရသို့ ငကြွယ်ကိုစေရာ ကွမ်းဝယ်ဆေးဝယ်ခပေးငွေ ရွှေဦးပေး ၂စု (၂)
စသည်ဖြင့် ဖြစ်သည်။ ဤစာရင်းအရ မြင်းသည်တော် အချို့သည် ကသည်းမများနှင့် အရှုပ်အထွေးရှိခဲ့ကြောင်း တွေ့ရှိရသည်။
မင်းကြီးဦးမှို
[ပြင်ဆင်ရန်]သာယာဝတီမင်းလက်ထက် ကသည်းမြင်းဝန်မှာ ဦးမှိုဖြစ်သည်။ မင်းပေးဘွဲ့မည်မှာ မင်းကြီးမဟာမင်းလှကျော်သူဖြစ်၏။ ကသည်းမြင်းဝန် မင်းကြီးဦးမှိုသည် နောင်မင်းတုန်းမင်းလက်ထက်တွင် ပန်းပဲမင်းကြီး အဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ မင်းကြီး ဦးမှိုသည် သာယာဝတီမင်းလက်ထက်တွင် ကသည်းမြင်းဝန် အဖြစ်သာမက အက္ကပတ်မြင်းဝန် အဖြစ်ပါ အမှုထမ်းရွက်ခဲ့၏။ ပုဂံမင်းလက်ထက်၌ပင် ကသည်းမြင်းဝန်ရာထူး ပူးတွဲထမ်းရွက်ရဟန်တူသည်။
ရေနံ့သာမင်းသား
[ပြင်ဆင်ရန်]မင်းတုန်းမင်း နန်းတက်စတွင် ရေနံ့သာမင်းသားခေါ် ဦးရွှေမောင် ကသည်းမြင်းဝန်အရာ ခန့်အပ်ခံခဲ့ရသည်။ မင်းသား ဦးရွှေမောင်သည် ရေနံ့သာမြို့စားဖြစ်ပြီး မင်းလှသမိန်ထောရာဇာဘွဲ့ဖြင့် ကသည်းမြင်းဝန်အရာ ရရှိခဲ့၏။ အမတ်ကြီး ဦးသာဖြူ၏ ဒုတိယ အိမ်ထောင်မှ ဖွားမြင်သူ ဖြစ်သော်လည်း မင်းတုန်းမင်း၏ လင်ပန်းမိဖုရားနှင့် သက်ပန်းမိဖုရားတို့၏ မောင်ဖြစ်ဩဖင့် ရေနံ့သာမင်းသားဟု အမည်တွင်ခဲ့သည်။ လင်းပင်မင်းသားနှင့် လက်ဆက်ခဲ့သည့် ရေနံ့သာ ခင်ခင်ကြီးမှာ ရေနံ့သာမြို့စား ကသည်းမြင်းဝန် ဦးရွှေမောင်၏ ပထမက ဝန်ကတော်က ဖွားမြင်သူ ဖြစ်သည်။
ကသည်းမြင်းဝန် ဦးအောင်သူ
[ပြင်ဆင်ရန်]မြန်မာမင်းများ လက်ထက် ကသည်းမြင်းဝန်များထဲတွင် နိုင်ငံခြားပြန် ခေတ်ပညာတတ် တစ်ဦးလည်း ပါဝင်သည်။ ထိုသူမှာ ကသည်းမြင်းဝန် ဦးအောင်သူဖြစ်၏။ ဦးအောင်သူသည် လက်ဖက်ရည်တော်အဖြစ် အမှုထမ်းနေစဉ်အတွင်း ၁၈၆၂ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံသို့ ပညာတော်သင် အဖြစ် သွားရောက်ခဲ့ရ၏။ ထို့နောက် ၁၈၆၃ ခုနှစ် မတ်လတွင် L' Ecoledes Arts & T Manufacture ကျောင်း၌ပင် ပညာသင်ခွင့်ရရှိခဲ့သည်။ ၁၈၆၅ ခု အောက်တိုဘာလတွင် စိန့်စီ (Saint Cyr) တက္ကသိုလ်ဝင်ခွင့် ရရှိကာ စစ်ပညာ သင်ယူခဲ့သည်။ ၂ ဩဂုတ် ၁၈၆၆ တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကျဆုံးသွားသဖြင့် ယင်းနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ၁၈၇၀ ပြည့်နှစ် ဇွန်လတွင် ပန်းတဉ်းဝန် ဦးရွှေပင်နှင့်အတူ ဥရောပသို့ သွားရောက်ခဲ့ရပြီး ၁၈၇၂ ခုနှစ်၊ မေလ၌ မန္တလေးသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ကင်းဝန်မင်းကြီး ဦးဆောင်သော သံအဖွဲ့နှင့် ပြင်သစ်သို့ ထပ်မံ သွားရောက်ခဲ့ရပြန်သည်။ ၁၈၇၆ ခုနှစ်တွင် ဦးအောင်သူအား ကသည်းမြင်းဝန်အရာ ခန့်အပ်လိုက်၏။ သူသည် မင်းတုန်းမင်း နတ်ရွာစံလွန်သွားပြီးနောက် သီပေါမင်း နန်းတက်စကာလအထိ ကသည်းမြင်းဝန် အဖြစ် အမှုထမ်းရွက်ခဲ့ပြီး ၁၈၈၀ ပြည့်နှစ်ခန့်တွင် ကွယ်လွန်သွားသည်။
သီပေါမင်းလက်ထက် ကသည်းမြင်းတပ်
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက်တွင် မြင်းတပ်ဖွဲ့ ၁၁ ဖွဲ့ရှိခဲ့ရာ ကသည်းမြင်းတပ်မှာ စစ်သည်အင်အား ၈၅၂ ဦး ရှိပြီး ဒုတိယ အင်အား အများဆုံး ဖြစ်သည်။ မြင်းတပ်စစ်သည်များအတွက် လစာငွေ ၁၃၀၉၀ ကျပ်ကုန်ကျပါသည်။ သီပေါမင်း နန်းတက်စတွင် ကသည်း မြင်းဝန် ဦးအောင်သူ ကွယ်လွန်သွားပြီဖြစ်ရာ သူ၏ နေရာ၌ လယ်မ မြို့စားအား ခန့်အပ်ခဲ့သည်။ လယ်မ မြို့စား ကသည်းမြင်းဝန်သည် ၁၈၈၁ ခုနှစ် မြို့တော် ၁၂ ဌာနသတ်မှတ်ပြီး ရာဇဝတ်မှုကင်းရှင်းရေးအတွက် ကြည့်ရှုစောင့်ကြပ်ကြရာ၌ ပါဝင်ဆောင်ရွက်ခဲ့ရ၏။ ယင်းနောက်ပိုင်း ကသည်းမြင်းဝန်အကြောင်းကို မြန်မာရာဇဝင်ကျမ်းများတွင် မတွေ့ရတော့ပေ။ လယ်မ မြို့စားသည်ပင် နောက်ဆုံး ကသည်းမြင်းဝန် ဖြစ်ဟန်ရှိသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉