ကမ္ဘာ့စစ်တုရင်ဗိုလ်လုပွဲ (၁၉၈၅)

ဝီကီပီးဒီးယား မှ
ကက်စ်ပါရော့နှင့် ကားပေါ့တို့အား ၁၉၈၅ ကမ္ဘာ့စစ်တုရင်ဗိုလ်လုပွဲတွင် တွေ့ရစဉ်
၁၉၈၅ ကမ္ဘာ့စစ်တုရင်ဗိုလ်လုပွဲအတွက် ရည်ရွယ်ထုတ်လုပ်သော ဆိုဗီယက် တံဆိပ်ခေါင်းတစ်ခု

ကမ္ဘာ့စစ်တုရင်ဗိုလ်လုပွဲကို ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံမော်စကိုတွင် ၁၉၈၅ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ နိုဝင်ဘာ ၉ ရက်နေ့ထိ ကျင်းပခဲ့ရာ၊ ယင်းဗိုလ်လုပွဲ၌ ၁၉၇၅ ခုနှစ်မှစ၍ ကမ္ဘာ့စစ်တုရင် ချန်ပီယံဖြစ်ခဲ့သူ အန်နာတိုလီ ကားပေါ့ (၃၄ နှစ်)နှင့် စိန်ခေါ်သူ ဂယ်ရီကက်စ်ပါရော့ (၂၂ နှစ်) တို့ ယှဉ်ပြိုင် ကစားသည်။

အန်နာတိုလီ ကားပေါ့သည် ခုနစ်နှစ်သား အရွယ်ကပင် စစ်တုရင်ကို စတင်ကစားခဲ့ရာ အသက် ၁၅ နှစ်အရွယ်တွင် စစ်တုရင်မာစတာဘွဲ့ကို ရရှိခဲ့သည်။ တဖန် ၁၉၆၉ ၌ အငယ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြန်သည်။ နောက်တနှစ် အကြာတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ဆရာကြီးအဖြစ် ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြန်သည်။ ၁၉၇၀ ပြည့်နှစ်တွင် စစ်တုရင်ဆရာကြီးစာရင်းဝင် ဖြစ်လာပြီးနောက် ကမ္ဘာ့ပြိုင်ပွဲကြီး လေးပွဲတွင် အနိုင်ရကာ ၁၉၇၄ ၌ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသည်။

စိန်ခေါ်သူ ဂယ်ရီကက်စ်ပါရော့သည် အသက် ၁၅ နှစ်အရွယ်တွင် ပြည်တွင်းစစ်တုရင် မာစတာဘွဲ့ကို ရရှိ၍ နောက်တနှစ်တွင် နိုင်ငံတကာ မာစတာဘွဲ့ကို ရရှိသည်။ ၁၉၈၀ ပြည့်နှစ်မှ စ၍ နိုင်ငံတကာ ဂရင်းမာစတာဘွဲ့ကို ရရှိသည်။

၁၉၇၆ နှင့် ၁၉၇၇ တွင် ကက်စ်ပါရော့သည် ယက် လူငယ်စစ်တုရင် တံခွန်စိုက် ဖြစ်လာပြီး၊ ၁၉၈၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ် စစ်တုရင်တံခွန်စိုက် ဖြစ်လာသည်။

ကမ္ဘာ့စစ်တုရင် ဗိုလ်လုပွဲတွင် ပွဲငယ်ပေါင်း ၂၄ ပွဲ ကစားရပြီး လက်ရှိ ချန်ပီယံက အမှတ်ပေါင်း ၁၂ မှတ် ရလျှင် ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းထားနိုင်၍ စိန်ခေါ်သူသည် ချန်ပီယံဘွဲ့ကို ရရှိရန် အမှတ် ၁၂ မှတ်ခွဲ ရရှိရမည် ဖြစ်သည်။ ပွဲငယ် ၂၄ ပွဲကစားရာတွင် နိုင်သော ပွဲတပွဲတိုင်းအတွက် တမှတ်ရ၍ သရေဖြစ်ပါက အမှတ်တဝက်စီ ရသည်။

ကမ္ဘာ့စစ်တုရင် ဗိုလ်လုပွဲ ပထမပွဲငယ်ကို စက်တင်ဘာ ၄ တွင် စတင်ကျင်းပရာ စိန်ခေါ်သူ ကက်စ်ပါရော့ အနိုင်ရရှိသည်။ ဒုတိယပွဲငယ်ကို စက်တင်ဘာ ၆ တွင် ကျင်းပရာ ချန်ပီယံ ကားပေါ့ ၆၅ ကွက် ရွှေ့အပြီး၌ သရေပွဲအဖြစ် သတ်မှတ်ရန် နှစ်ဦး သဘောတူလိုက်ကြသည်။ ထို့နောက် ဆက်လက်ကျင်းပသော တတိယပွဲငယ်တွင်လည်း အရှုံးအနိုင်မပေါ်ဘဲ သရေပွဲ ဖြစ်သွားသည်။

စတုတ္ထပွဲငယ်ကို စက်တင်ဘာ ၁၂ တွင် ယှဉ်ပြိုင်ကြရာ အကြိမ် ၄၀ မြောက် ရွှေ့အပြီး ပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းကြသည်။ နောက်တနေ့တွင် ပြန်လည်ကစားရာ ချန်ပီယံကားပေါ့က စိန်ခေါ်သူ ကက်စ်ပါရော့ကို အနိုင်ရသွားသည်။

ပဉ္စမပွဲငယ်ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည်ယှဉ်ပြိုင်ရန် ဖြစ်သော်လည်း ဂယ်ရီကက်စ်ပါရော့က ဆက်လက်မယှဉ်ပြိုင်ဘဲ အရှုံးပေးလိုက်သဖြင့် ချန်ပီယံ ကားပေါ့ အနိုင်ရသွားပြန်သည်။

ဆဋ္ဌမပွဲငယ်ကို စက်တင်ဘာ ၁၇ တွင် ယှဉ်ပြိုင်ကြရာ ကက်စ်ပါရော့သည် ပထမဆုံးကြိမ် ရပ်နားခွင့် တောင်းသည်။ စစ်တုရင်သမားတဦးသည် သုံးကြိမ် ရပ်နားခွင့် ရှိသည်။ ယင်းနောက် စက်တင်ဘာ ၁၉ တွင် ဆဋ္ဌမပွဲကို ယှဉ်ပြိုင်ကစားရာ သရေပွဲ ဖြစ်သွားသည်။

သတ္တမပွဲငယ်၊ အဋ္ဌမပွဲငယ်၊ နဝမပွဲငယ်၊ ဒသမပွဲငယ်တို့ကို ယှဉ်ပြိုင်ကြရာတွင် အရှုံးအနိုင်မပေါ်ဘဲ သရေပွဲ ဖြစ်သွားသည်။

ပွဲငယ် ၁၁ ပွဲမြောက်ကို အောက်တိုဘာ ၁ တွင် ကျင်းပရာ၊ ကက်စ်ပါရော့က ချန်ပီယံ ကားပေါ့ကို ၂၅ ကွက်ရွှေ့ အပြီး၌ အနိုင်ရသည်။

ပွဲငယ် ၁၂ ကို အောက်တိုဘာ ၃ တွင် ကျင်းပရာ၊ ကားပေါ့နှင့် ကက်စ်ပါရော့တို့ ၁၈ ကွက် ရွှေ့အပြီးတွင် သရေ ဖြစ်သည်။ ကားပေါ့နှင့် ကက်စ်ပါရော့တို့ ခြောက်မှတ်စီဖြင့် အမှတ်တူနေသည်။ ပွဲငယ် ၁၃၊ ၁၄ နှင့် ၁၅ ကို အောက်တိုဘာ ၈၊ ၁၀ နှင့် ၁၂ တွင် ကျင်းပရာ အနိုင်အရှုံးမရှိ သရေပွဲ ဖြစ်သွားသည်။

ပွဲငယ် ၁၆ ကို အောက်တိုဘာ ၁၅ တွင် ကျင်းပရာ ကက်စ်ပါရော့က ချန်ပီယံကို အနိုင်ရရှိသည်။ ပွဲငယ် ၁၇ နှင့် ၁၈ တွင်မူ မည်သူမျှ မနိုင်ကြဘဲ သရေ ကျကြပြန်သည်။

ပွဲငယ် ၁၉ တွင် ကက်စ်ပါရော့က ကားပေါ့ကို အနိုင်ရရှိရာ၊ ယင်းပွဲအထိ ကက်စ်ပါရော့က ၁၀ မှတ်ခွဲ၊ ကားပေါ့က ၈ မှတ်ခွဲ ရထားသည်။

ပွဲငယ် ၂၀ ကို အောက်တိုဘာ ၂၀ တွင်၊ ပွဲငယ် ၂၁ ကို အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၁ တို့တွင် ကျင်းပရာ နှစ်ပွဲစလုံး သရေ ဖြစ်သွားသည်။ ပွဲငယ် ၂၂ ကို ဆက်လက် ပြိုင်ပွဲဝင်ကြရာ ချန်ပီယံက ပြန်လည် အနိုင်ရရှိသည်။ ပွဲငယ် ၂၃ သည် သရေပွဲ ဖြစ်ပြန်သည်။ ထို့ကြောင့် ကက်စ်ပါရော့က ၁၂ မှတ်၊ ကားပေါ့က ၁၁ မှတ် ရရှိလေသည်။

ကမ္ဘာ့စစ်တုရင် ဗိုလ်လုပွဲ၏ အဆုံးအဖြတ် ဖြစ်သည့် နောက်ဆုံးပွဲကို နိုဝင်ဘာ ၉ ၌ ကျင်းပသည်။ ငါးနာရီကြာ ပြိုင်ပွဲဝင်ကြပြီး ၄၃ ကွက် ရွှေ့အပြီး၌ ချန်ပီယံကားပေါ့သည် စိန်ခေါ်သူ၏ အကွက်ဆင်ထားချက်ကို လွတ်အောင် မရှောင်သာတော့သဖြင့် အရှုံးပေးလိုက်ရကာ ကက်စ်ပါရော့သည် ၁၃ မှတ်၊ ၁၁ မှတ်ဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး စစ်တုရင် ချန်ပီယံ ဖြစ်လာခဲ့သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၆။ စာပေဗိမာန်။ ပထမကြိမ်၊ ၁၉၈၆။ p. ၁၃၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)