ကပိဇာ၊ ဒေါက်တာ၊ ပွိုင်တာလီယွန်နစ်ဒိုဗစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကပိဇာ၊ ဒေါက်တာ၊ ပွိုင်တာလီယွန်နစ်ဒိုဗစ်

ပြင်းအားမြင့် သံလိုက်စက်ကွင်း၊ အအေးလွန်နှင့် ပလာစမာ ရူပဗေဒပညာရပ် နယ်ပယ်အသီးသီးတွင် အရေး ပါသော ရှာဖွေတွေ့ရှိချက် များနှင့် တီထွင်မှုများ ပြုလုပ်ခဲ့သည့် နိုဘဲလ်ဆုရှင် ဆိုဗီယက်သိပ္ပံပညာရှင် ကပိဇာကို ဆိုဗီယက် ပြည်ထောင်စု ကရွန်စတဒ်မြို့၌ ၁၈၉၄ ခုနှစ် ဇွန်လ ၂၆ ရက် နေ့တွင် မွေးဖွားသည်။ ဖခင်သည် ဆိုဗီယက်တပ်မတော်မှ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ ကပိဇာသည် ပက်ထရိုဂရက် ပေါ်လီတက္ကနိသိပ္ပံမှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ၁၉၁၈ ခုနှစ် တွင် ရရှိသည်။

ကပိဇာသည် ပုံဆောင်ခဲကို အသုံးပြု၍ ဗရက်လှိုင်း ထပ်စေရန် စုဆုံစေသည့်နည်းကို လည်းကောင်း၊ အက်တမ်များ၏ သံလိုက်လည်ကိန်းကို စက်ကွင်းပြင်းအား မသမသော သံလိုက်စက်ကွင်းအတွင်း၌ ရှာဖွေနည်းကို လည်းကောင်း ဗွေဆော်ဦး သုတေသနစာတမ်းများတွင် တင်ပြခဲ့သူ ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ကိန်းဘရစ်ချ် တက္ကသိုလ်သို့ ပညာဆည်းပူးရန် ရောက်ရှိလာပြီး လော့အားနက်စ်ရပ်သာဖို့နှင့်အတူ ကဗင်ဒစ်ရှ စမ်းသပ်ခန်း၌ ပါရဂူဘွဲ့အတွက် လက်တွဲ၍ အလုပ်လုပ်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ပါရဂူဘွဲ့ ရသည်။ ၁၉၂၅ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ် တရီနီတီကောလိပ် ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဖြစ်လာပြီး ၁၉၂၉ ခုနှစ်တွင် တော်ဝင်အသင်းသို့ ရွေးချယ်ခံရ၍ အက်ဖ်အာအက်စ်နှင့် အက်ဖ်အင့်စ်ပီဘွဲ့များကို ရသည်။ အနှစ် ၂ဝဝ အတွင်း ယင်းဘွဲ့များကို ပထမဆုံး ရရှိသည့် နိုင်ငံခြားသားဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် သူ့အတွက် အထူးစီစဉ်ဖွင့်လှစ်သော မွန်းစမ်းသပ်ခန်းကို ဦးစီးညွှန်ကြားခဲ့ရသည်။ ထိုအချိန်တွင် ကပိဇာ၏ ထင်ရှားသော ဆောင်ရွက်ချက်မှာ ဟီလီယံကို အရည်အဖြစ်သို့ ပြောင်း ပေးသော ဓာတ်ဗူးတစ်မျိုး တီထွင်ခဲ့ခြင်း ဖြစ်သည်။

ကပိဇာသည် ၁၉၃၄ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိသွားသည်။ ၁၉၃၅ ခုနှစ်တွင် ဆိုဗီယက်သိပ္ပံပညာ တံခွန်အဖွဲ့၊ ရူပဗေဒ သုတေသန ဗိမာန်ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရသည်။ မွန်းစမ်းသပ်ခန်းကို ဆိုဗီယက်ပြည်ထောင်စုသို့ ရွှေ့ပြောင်း တပ်ဆင်ရန် မိတ်ဆွေဟောင်း ရပ်သာဖို့၏ ကြားဝင်ကူညီပေးမှုဖြင့် စီမံဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှ စ၍ အအေးလွန် ရူပဗေဒသုတေသနကို ဆက်လက် လုပ်ကိုင်ပြန်ရာ အစီးလွန်အရည် (Super fluid) ကို တွေ့ရှိသည်။ အပူချိန် ၂ ဒသမ ၁၇၄ ကေ (-၂၇ဝ ဒသမ ၉၇၆ ဒီဂရီ စင်တီဂရိတ်)တွင် ဟီလီယံ (နှစ်)သည် စေးပြစ်ခြင်း ကင်းသလောက်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ အပူစီးခြင်းနှင့် ဟီလီယံ (နှစ်)၏ အစီးလွန်သတ္တိ (၁၉၄၁)နှင့် ဟီလီယံ (နှစ်)အတွင်း အပူစီးခြင်း အာနိသင်ကို သုတေသနပြုချက် (၁၉၄၂)စာအုပ်များတွင် သူ၏ တွေ့ရှိချက်များကို ဖော်ပြခဲ့သည်။ ဤသို့ဖြင့် ကပိဇာသည် လွန်ကဲ လျှပ်ကူးမှု၊ မိုက်ခရိုက်လှိုင်းဆိုင်ရာ အီလက်ထရွန်နစ်၊ ပလာစမာ ရူပဗေဒ စသည့် ပညာရပ်နယ်ပယ် အများအပြားမှ လေ့လာတွေ့ရှိခဲ့ သမျှကို စာတမ်းပေါင်း ၈ဝ ကျော် ပြုစုခဲ့သည်။ ကပိဇာသည် ၁၉၄၆ ခုနှစ်တွင် အဏုမြူလက်နက် သုတေသနပြုပေးရန် ဆိုဗီယက်ခေါင်းဆောင် စတာလင်၏ ခိုင်းစေချက်ကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ရာထူးမှ ဖယ်ရှားခံရသည်။ ၁၉၅၃ ခုနှစ်တွင် စတာလင် ကွယ်လွန်ခဲ့ပြီးမှ ရူပေဗဒသုတေသန ညွှန်ကြားရေးမှူး ရာထူးကို ပြန်ရခဲ့၍ ဆိုဗီယက် ကမ္ဘာပတ်ဂြိုဟ်တု စပွတ်နစ်လွှတ်တင်ရေး စီမံကိန်းကို ကွပ်ကဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဆိုဗီယက်ဂြိုဟ်တုနှစ်လုံးကို အာကာသထဲသို့ လွှတ်တင်နိုင်ခဲ့သောအခါ ဂုဏ်ပြုခံရသည်။

ဒေါက်တာကပီဇာသည် ၁၉၃၃ ခုနှစ် နိုဘယ်ဆုရှင် ဗြိတိသျှ ရူပဗေဒပညာရှင် ဒေါက်တာ ဒိရက်နှင့် ရင်းနှီးကျွမ်းဝင်သည်။ ဒိရက်အား ဖန်သွေးမှန်သွေးပညာကို လက်ထပ်သင်ပေးဖူးသည်။ အလင်းလှိုင်းမတ် သုံးပြီး အီလက်ထရွန် လှိုင်းကွေ့ခြင်း ဖြစ်ပေါ်စေရန် ဒိရက်နှင့် လက်တွေ့စမ်းသပ်ခဲ့ကြသည်။ ကပိဇာ သည် ၁၉၆၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် လည်ပတ်ခဲ့ရာ ကိုလံဗီယာတက္ကသိုလ်က ကပိဇာ အား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းသည်။ ကပိဇာသည် လျှပ်စစ်အင်ဂျင်နီယာ ပညာရှင်အဖွဲ့၏ဖာရာဒေး ဂုဏ်ထူးဆောင်တံဆိပ် (၁၉၄၂)၊ လီနင် ဂုဏ်ထူးဆောင်ဘွဲ့ (၁၉၄၃၊၁၉၄၄၊၁၉၄၅၊၁၉၆၆၊၁၉၇၁၊၁၉၇၄)၊ ဆိုရှယ်လစ်လုပ်သား သူရဲကောင်းဘွဲ့ (၁၉၄၅၊ ၁၉၇၄)၊ လုပ်အား အောင်လံနီ ဂုဏ်ထူးဆောင်ဘွဲ့ (၁၉၅၄) စသည့် ဂုဏ်ထူးဆောင်ဘွဲ့ အမြောက်အမြားကို အပ်နှင်းခံ ရသည့်ပြင် ၁၉၇၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ အာနိုးပင်ဇီ ယာ့စ်နှင့် ရောဗတ်ဝီလဆင်တို့နှင့်အတူ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိသည်။

ကပိဇာသည် ၁၉၈၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် မော်စကိုမြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)