မာတိကာသို့ ခုန်သွားရန်

ကထာ သရိတ သာဂရ

ဝီကီပီးဒီးယား မှ

ကထာ သရိတ သာဂရ ခေါ် ဝတ္ထုသမုဒ္ဒရာသည် သက္ကဋဘာသာဖြင့်ရှိသော ကမ္ဘာကျော် ဝတ္ထုပုံပြင်ပေါင်းချုပ်ကြီးဖြစ်သည်။ ကထာ သရိ သာဂရ ဟူသည် မြန်မာလို ဝတ္ထုသမုဒ္ဒရာဟု အဓိပ္ပာယ်ရသည်။ ဝတ္ထုသမုဒ္ဒရာဟု ဆိုသည့်အတိုင်း ကထာ သရိတ သာဂရ တွင် ပုံပြင်ဝတ္ထုပေါင်းများစွာ ပါဝင်သည်။

သက္ကဋဘာသာဖြင့်ရှိသော ရှေးဟောင်းပုံပြင်ဝတ္ထုများကို ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ ပထမတစ်ခုမှာ အဆုံးအမ ဥပဒေသပေးသော ပုံပြင်ဝတ္ထုများဖြစ်သည်။ ဒုတိယတစ်မျိုးမှာ စိတ်ဝင်စားမှုအတွက် သက်သက်ရေးသားသော ပုံပြင်ဝတ္ထုများဖြစ်ကြသည်။ ဟိတောပဒေသ၊ ပဉ္စတန္တရ စသည့် ကမ္ဘာကျော် ပုံဝတ္ထုများသည် ပထမအမျိုးအစားထဲမှဖြစ်သည်။ ကထာ သရိတ သာဂရမှာ ဒုတိယအမျိုးအစားထဲတွင်ပါဝင်သည်။ ကထာ သရိတ သာဂရတွင် အဆုံးအမ ဥပဒေသပေးသည့် ပုံဝတ္ထုများပါဝင်စေကာမူ ပုံဝတ္ထုများ၏ အဓိက ရည်ရွယ်ချက်မှာ လူနှင့် လူ့လောကတို့၏ ဘဝကို ရေးခြယ်ပြခြင်းဖြင့် စာဖတ်သူများအား စိတ်ဝင်စားစေလိုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သက္ကဋစာပေသမိုင်းနှင့် ကမ္ဘာပုံဝတ္ထုစာပေသမိုင်း၌ ကထာ သရိတ သာဂရသည့် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေခြင်းဖြစ်သည်။

ဗရိဟတ်ကထာ

[ပြင်ဆင်ရန်]

ကထာ သရိတ သာဂရသည် မူလပင်ရင်းဝတ္ထုမဟုတ်ပေ။ 'ပိုက်ရှာကျီ' ဘာသာဖြင့် မဟာကဝိ ဂုဏာဒယ ရေးသားခဲ့သော အလွန်ရှေးကျပြီး လူကြိုက်များခဲ့သည့် 'ဗရိဟတ်ကထာ' အမည်ရှိကျမ်းကို အကျဉ်းချုပ်အားဖြင့် သက္ကဋဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ ပိုက်ရှာကျီဘာသာစကား တည်ရှိရာဒေသနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားကြသော်လည်း ပညာရှင်အများစုအလိုအရ ထိုခေတ်က ပိုက်ရှာကျီဘာသာစကားကို ဝိန္ဓယာဒေသတွင် ပြောဆိုသုံးဆွဲခဲ့ကြသည်။ ဗရိဟတ်ကထာမှာ ယခုအထိ ရှာဖွေမတွေ့ရသေးပေ။ ဗရိဟတ်ကထာနှင့် ပတ်သတ်၍သော်လည်းကောင်း၊ ရေးသားသူနှင့် ပတ်သတ်၍သော်လည်းကောင်း အတိအကျ အပြည့်အဝမသိရသေးပေ။ ဗရိဟတ်ကထာတည်ရှိခဲ့ကြောင်းကိုမူ ကထာ သရိတ သာဂရ၌ သက်သေအထောက်အထားအဖြစ်ပါရှိသည်။ ကထာ သရိတ သာဂရ၏ ပထမကဏ္ဍဖြစ်သော ပုံဝတ္ထုကျောရိုး၌ ယင်းအကြောင်းကို ထည့်သွင်းရေးသားထားသည်။

ကရှမိရ်ပြည်သားရေး ဗရိဟတ်ကထာမဉ္ဇရိစာအုပ်၌ ဂုဏာဒယကို ဂေါဒါဝရီမြစ်ကမ်း၌ တည်ရှိသော ပတိဋ္ဌာနအရပ်သားဟု ယူဆပြီး သာတဝါဟနဘုရင်၏ သူကောင်းပြုခံရသူဟု ဖော်ပြထားသည်။ နီပေါပြည်သားရေး ဗရိဟတ် ကထာ ရှလိုက ဆန်ဂရဟ စာအုပ်တွင် ဂုဏာဒယသည် မထုရာ၌ ဖွားမြင်ပြီး ဥဇ္ဇေနီဘုရင် မဒန၏ မင်းမှုထမ်းဖြစ်သည်ဟု ဖော်ပြထားသည်။ ပညာရှင်အများစုကမူ ပထမအကြောင်းအရာကို မှန်သည်ဟု ယူဆကြသည်။

ဗရိဟတ်ကထာ၏ ဘာသာပြန် သို့မဟုတ် အသွင်ပြောင်းသုံးမျိုးကို ယခုအခါ၌ တွေ့ရှိရသည်။

၁။ ဗရိဟတ် ကထာ ရှလိုက ဆန်ဂရဟ

[ပြင်ဆင်ရန်]

ယင်းစာအုပ်ကို ရေးသားသူမှာ နီပေါပြည်သား ဗုဓဆွာမိဖြစ်သည်။ ရေးသားသည့်အချိန်ကို အတိအကျမပြောနိုင်သော်လည်း ၈ရာစု သို့မဟုတ် ၉ရာစုခန့်က ရေးသားခဲ့သည်ဟု ခန့်မှန်းကြသည်။ ယင်းဝတ္ထုပေါင်းချုပ်တွင် ဂါထာပေါင်း ၂၅၀၀၀ ခန့်ပါဝင်သည်ဟု ခန့်မှန်းရသည်။ ပညာရှင်အချို့၏အလိုအရ ယင်းဘာသာပြန်သည့် မူရင်းပုံဝတ္ထုများနှင့်အနီးစပ်ဆုံးဖြစ်သည်။ ရေးသားပုံမှာ လွယ်ကူပြီး ရှင်းလင်းပြတ်သားသည်။

၂။ ဗရိဟတ် ကထာ မဉ္ဇရီ

[ပြင်ဆင်ရန်]

ယင်းကျမ်းကို ကရှမိရ်ဘုရင် အနန္တ (၁၀၂၈ - ၈၀) လက်ထက် ခရစ်နှစ် ၁၀၆၃ - ၆ ခုနှစ် ဝန်းကျင်ခန့်က မဟာကဝိ ခေမိန္ဒရ ရေးသားခဲ့သည်။ ကဗျာအဖွဲ့အနွဲ့များမှာ အဆင့်အတန်းမြင့်သည်။ သို့ရာတွင် မူရင်းဝတ္တုကြောင်းများကို အကျဉ်းရုံးထားလွန်းသဖြင့် အရသာပျက်သွားသည့်အပြင် ပေါ်လွင်မှုနည်း နည်းသွားလေသည်။ အချို့နေရာ၌ ဖွဲ့ထားပုံများမှာ လှပပြီး စိတ်ကို ဆွဲဆောင်နိုင်ပေသည်။ မိန်းမ၏အလှနှင့် မင်းညီမင်းသားတို့၏ သူရသတ္တိအကြောင်းကို ဖွဲ့ဆိုရာ၌ ပြောင်မြောက်သည်။ 'ရှလိုကဆန်ဂရဟ' နှင့် နှိုင်းယှဉ်ကြည့်ပါက ယင်းကျမ်းတွင် ဗရိဟတ်ကထာ၌ မပါဝင်သည့် ပုံဝတ္ထုများကို ထည့်သွင်းကြောင်းတွေ့ရသည်။ ထိုပုံဝတ္ထုများသည့် ကရှမိရ်၌ ခေတ်စားသော ပုံဝတ္ထုများဖြစ်လေသည်။ စာဆိုပညာရှင်ကို ဗျာသဒေဝ ဟုလည်းခေါ်သည်။

၃။ ကထာ သရိတ သာဂရ

[ပြင်ဆင်ရန်]

မဟာကဝိ ခေမိန္ဒရနှင့် ခေတ်ပြိုင် ရာမ၏သား သောမဒေဝ ဘဋ္ဋသည် ခေမိန္ဒရနောက် နှစ်ပေါင်း ၂၀ ကြာပြီးနောက် ရေးသားစီရင်ခဲ့သည်။ သောမဒေဝသည်လည်း ကရှမိရ်ပြည်သားဖြစ်သည်။ ဆိုရိုးစကားအရ အနန္တဘုရင်၏ ပညာရှိမိဘုရား သူရိယဝတီက 'မဉ္ဇရီ' ကျမ်းသည် အကျဉ်းရုံးထားလွန်းသည်ကိုတွေ့ရ၍ သောမဒေဝအား ကျမ်းအသစ်တစ်စောင် ရေးသားစီရင်ရန် တိုက်တွန်းခဲ့သည်။ ထိုအခါ သောမဒေဝက 'ဗရိဟတ်ကထာ'ကို အခြေခံပြီး မကျဉ်းလွန်းမကျယ်လွန်းသော ကျမ်းတစ်စောင်ကို သက္ကဋဘာသာဖြင့် အနုပညာမြောက်စွာ ရေးသာခဲ့သည်။ ကထာ သရိတ သာဂရ တွင် ဂါထာအဖွဲ့ပေါင်း ၂၂၀၀၀ ခန့်ပါဝင်သည်။ ရေးဟန်နှင့် ဘာသာစကားလုံးတို့မှာလည်း ညက်ညောပြီး လွယ်ကူသည်။ ထို့ကြောင့် 'မဉ္ဇရီ' ထက် လူကြိုက်များသည်။ ကထာ သရိတ သာဂရ တွင်လည်း ကရှမိရ် ပုံဝတ္ထုများ ရောနှောပါဝင်နေပေသည်။ ဇိဝါနန္ဒ အမည်ရှိသော ဆရာ ကထာ သရိတ သာဂရ ဂါထားများကို သက္ကဋ စကားပြေဖြင့် ဖွင့်ဆိုရေးသားခဲ့သည်။

၄။ သက္ကဋဘာသာပြန်

[ပြင်ဆင်ရန်]

အထက်ပါ ၃ ကျမ်းအပြင် ၇ ရာစုနှစ်၌ ဂင်္ဂါရာဇ ဒဝိနီတသည့် ဗရိဟတ် ကထာကို သက္ကဋဘာသာသို့ ပြန်ဆိုခဲ့သည်။

အရေးပါပုံ

[ပြင်ဆင်ရန်]

ကထာ သရိတ သာဂရတွင် ပါရှိသော ဝတ္ထုများတွင် ထိုခေတ် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဓလေ့ထုံးစံများကို ဖော်ပြထားသဖြင့် ရာဇဝင်သမိုင်းပြုစုသူများအတွက် များစွာ အထောက်ပံ့ဖြစ်သည်။

ဗုဒ္ဓဘာသာအတွေးအခေါ်

[ပြင်ဆင်ရန်]

ကထာ သရိတ သာဂရ ၌ ပါရှိသော ဝတ္ထုများအပေါ်၌ ဗုဒ္ဓဘာသာအတွေးအခေါ်အယူအဆများ များစွာထင်ဟပ်နေသည်ကို တွေ့ရသည်။ များစွာသော ဝတ္ထုကြောင်းတို့မှာ ဇာတ်နိပါတ်တော်များမှ ယူထားသည်ကို တွေ့ရသည်။ ဝတ္ထုရေးဆရာ သောမဒေဝကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟု တချို့က သတ်မှတ်ဆုံးဖြတ်ကြသည်။ အိန္ဒိယရဟန်းတော် အာနန္ဒာကောသလ္လာယန ကမူ သူ၏ ဇာတ်ဘာသာပြန်နိဒါန်း၌ "ဗရိဟတ်ကထာ၏ မြစ်ဖျားခံရာမှာ ဇတ်နိပါတ်ဝတ္ထုများဖြစ်ပေလိမ့်မည်" ဟု ရေးသားထားလေသည်။ ကထာ သရိတ၌ ပါသော ဥဒယနမှာ ဇာတ်နိပါတ်တော်လာ ဥတိန္နဘုရင်ပင် ဖြစ်သည်ဟု ဆိုကြသည်။

ဘာသာပြန်

[ပြင်ဆင်ရန်]

ဝတ္ထုသမုဒ္ဒရာဟု ဆိုသည့်အတိုင်း ကမ္ဘာ့ပုံတ္ထုများ၏ ပုံဝတ္ထုပင်လယ်သမုဒ္ဒရာကြီးသဖွယ်ဖြစ်နေသည်။ ထို့ကြောင့် ကျမ်းဂန်၏ ပမာဏာမှာလည်း ကြီးမားကျယ်ပြန့်လှသည်။ ဝတ္ထုသမုဒ္ဒရာ အင်္ဂလိပ်ဘာသာပြန်မှာ အတွဲဆယ်တွဲရှိသည်။ မြန်မာဘာသာကို ၁၉၆၆ ခုနှစ်တွင် ဆရာ ပါရဂူက အကျဉ်းရုံးပြီး ပြန်ဆိုခဲ့သည်။

အကိုးအကား

[ပြင်ဆင်ရန်]
  • ကထာသရိတသာဂရ ခေါ် ဝတ္ထုသမုဒ္ဒရာ။ ပါရဂူ။ ဒုကြိမ်။ ၂၀၀၉။ နေရီရီစာအုပ်တိုက်။ ရန်ကုန်။