ကခုန်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မင်းသားက

ထာဝစဉ်တည်မြဲသည့် သုခုမပညာတရပ် ယဉ်ကျေးသည်ဖြစ်စေ၊ ရိုင်းစိုင်းသည်ဖြစ်စေ၊ မည်သည့် လူမျိုး တွင်မဆို မိမိတို့၏စိတ်တွင်းသဏ္ဍာန်ကို အကဖြင့် ဖေါ်ပြသည့် ဓလေ့ရှိပေသည်။ ဤအကြောင်းရပ်တွင် ကခုန်ခြင်း၏အဓိပ္ပါယ်၊ လူအမျိုးမျိုးတို့၏ ကပုံကနည်းများနှင့် ကခြင်း၏ အကျိုး ကျေးဇူးများကို ဖေါ်ပြထားသည်။

ကခုန်ခြင်း[ပြင်​ဆင်​ရန်​]

ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ ထိုသို့ လှုပ် ရှားမှုတွင် သဘော၊ သရုပ်၊ အဓိပ္ပါယ် အမျိုးမျိုးပါရှိလေသည်။ ကခုန်သည့်အခါ တေးသီချင်းများကို သီဆိုပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။ အချို့သော ရှေးခေတ် အကအခုန်တို့တွင် ခေါင်း၊ ခြေထောက်၊ ကျော၊ ခါး၊ လက်မောင်း၊ လက်ချောင်း စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးကို လှုပ်ရှား၍ တပင်တပန်း လိမ်ကောက်ခုန်ပေါက် ကကြရ၏။ အချို့သော အကများတွင်ကား ခြေလက်များကို လှုပ်သည်ဆိုရုံမျှ လှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့်သူနှစ်သက်မှုရရန်ထက် ကသူပျော်ရွှင်ကျေနပ်မှုရရန် အဓိကအချက်ပင်ဖြစ်သည်။

တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများတွင် ပို၍ခေတ်စားလာရကား ကခုန်ခြင်းသည် ဖိုမဆက်ဆံရေးနှင့် ဆက်သွယ်နေသည်ဟု အချို့က ထင်မြင်ကြသည်။ ထိုထင်မြင်ချက် မှားယွင်းကြောင်းကို ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီးတို့၏ ကခုန်မှုဓလေ့ထုံးစံများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ အကအခုန် ဟူသရွေ့တွင် ဖိုမဆက်ဆံရေး သဘောဖြစ်သော ကာမဂုဏ်အာရုံစိတ် လှုံ့ဆော်မှုများ မကင်း သော်လည်း ထို လှုံ့ဆော်မှုမှာ အကြောင်းရင်းမဟုတ်၊ အဆွယ် အပွား အခြင်းအရာ တစ်ရပ်သာလျှင် ဖြစ်ချေသည်။ သာဓက ပြရသော် မင်းသားမင်းသမီးနှစ်ပါးသွားအကများတွင် ဖိုမ ဆက်ဆံရေးသဘောများ သက်ဝင်ပါရှိသော်လည်း အဓိက အားဖြင့် ကြည့်သူကသူ နှစ်ဖက်သောလူတို့ စိတ်ပေါ့ပါး ရွှင်မြူးခြင်း အတွင်းသဏ္ဍာန်ကို ပေါ်လွင် စေသော အမူအရာ တစ်ရပ်ပင် ဖြစ်သည်။

လူတိုင်းလူတိုင်းတွင် ကြီးမားသောဆန္ဒနှစ်ခုရှိရာ၊ တစ်ခုမှာ ထင်ပေါ်လိုသောဆန္ဒဖြစ်၍ အခြားတစ်ခုမှာ လူအများနှင့် ရောနှော ဆက်ဆံလိုသော ဆန္ဒဖြစ်သည်။ ကခုန်ခြင်းသည် လူ တစ်ဦးတစ်ယောက်အား ထိုဆန္ဒကြီး နှစ်ခုစလုံးကို တစ်ပြိုင် တည်း ပြည့်ဝစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကချေသည် တစ်ဦးသည် ပရိသတ်ရှေ့တွင် မိမိ၏အစွမ်းကိုပြသခြင်းဖြင့် မိမိ ကိုယ်ကို ထင်ပေါ်အောင် ပြုလုပ်နိုင်သည့်နည်းတူ၊ အများနှင့် ရောနှောခြင်းဖြင့်လည်း ထင်ပေါ်မှုကို ရရှိနိုင်ပေသည်။ တစ်ခါ တစ်ရံ ကိုယ်ထီးအစွမ်းပြမှုသည် ပို၍ပေါ်လွှင်တတ်လျက်၊ တစ်ခါတစ်ရံတွင်မူ အများနှင့်ရောနှော ဆက်ဆံမှုသည် ပို၍ ပေါ်လွင်တတ်လေသည်။ သို့ရာတွင် များသောအားဖြင့် ထို အချက်နှစ်ရပ်စလုံးပင် ကမှုခုန်မှုတို့၌ အကျုံးဝင်လျက်ရှိသဖြင့်၊ ဆန္ဒကြီး နှစ်ခုစလုံးကို တစ်ကြိမ်တည်းနှင့်ပင် ဖြည့်စွမ်းနိုင် သည်သာ ဖြစ်လေသည်။ သို့အားလျော်စွာ လူတို့၏ ဆန္ဒလိုဘ ပြည့်ဝမှုကို ပေးစွမ်းသော ကခုန်ခြင်းသည် လူ့လောကတွင် ရှေးပဝေဏီခေတ်မှစ၍ ယနေ့ တိုင်အောင် ခေတ်စားလျက် ရှိနေတော့သည်။

ကခုန်ခြင်းသည် မြူးတူးပျော်ရွှင်မှုကို အရင်းခံထားသည်ဟု ဆိုခဲ့သော်လည်း အချို့သောကခုန်ခြင်းတို့သည် ကာမဂုဏ်အာရုံ စိတ်ကို သိသိသာသာ လှုံ့ဆော်ပေး၏။ ယင်းမှာ ငှက်များ၊ တိရိစ္ဆာန်များတွင် တွေ့မြင်ကြရသည့် အကအခုန်များကို အတု ယူထားဟန် တူလေသည်။ သာဓကပြရသော် ဩစတြေးလီး ယားတိုက်နှင့် နယူးဂင်းနီကျွန်းစပ်ကြားရှိ တောရက်ရေလက် ကြားမှ ကျွန်းစုများတွင် ထူးဆန်းသော ရှေးရိုးထုံးစံတစ်ခုရှိ၏။ ထိုထုံးစံမှာ မိန်းမပျိုကလေးများသည် လူပျိုတစ်စု ကခုန်နေကြ သည်ကို စောင့်ကြည့်ကြပြီးနောက်၊ မိမိတို့ သဘောကျသူကို ရွေးချယ်လျက် ပခုံးကို လက်နှင့်တို့၍ ခေါ်ယူသွားသော ထုံးစံပင်ဖြစ်သည်။

ထိုမျှမကသေး လူတို့သည် တိရိစ္ဆာန်များကို အတုယူ၍ ကခုန်ခြင်း ပြုတတ်ကြ၏။ ထိုကဲ့သို့သော အက မျိုးကို မြန်မာဇာတ်ပွဲများတွင် တွေ့မြင်ကြရပေသည်။ တိရိစ္ဆာန်ကဲ့သို့ ကရာတွင် မျက်နှာဖုံးများကို စွပ်၍၎င်း၊ ဆိုင်ရာဆိုင်ရာ တိရိစ္ဆာန်နှင့်တူအောင် ပြုလုပ်ထားသော ကိုယ်ခန္ဓာအတုထဲသို့ ဝင်၍၎င်း ကပြကြ၏။ တစ်ခါတစ်ရံ တိရိစ္ဆာန်နှင့်တူအောင် ပြုလုပ်ရန် ပစ္စည်းမရှိသည့်အခါ အမူအရာနှင့်ပင် တိရိစ္ဆာန်နှင့် တူအောင်ပြုလုပ်၍ ကပြကြသေးသည်။ ဘီလူးက၊ မျောက်က၊ ဟင်္သာက၊ လိပ်ပြာက၊ ကိန္ဒရာက၊ တိုးနရားက စသော အက များမှာ မြန်မာတို့အတွက် တိရိစ္ဆာန်များမှ အတုခိုးသည့် အက များ ဖြစ်ကြသည်။ ဂျားဗါးကျွန်းသူကျွန်းသားများလည်း တိရိစ္ဆာန်အတုခိုးသည့်အကများကို ကခုန်လေ့ရှိကြ၏။ တိဗက်နိုင်ငံနှင့် တရုတ်နိုင်ငံများတွင်ကား မကောင်း ဆိုးရွားအကများကို ကခုန်တတ်ကြသည်။

အရှေ့တိုင်းအကများသည် အဓိပ္ပါယ်နက်နဲ၍ စိတ်ပါဝင်စား ဖွယ်ရာ ကောင်းလေသည်။ ပျော်ရွှင်မှုအတွက်သာလျှင် မဟုတ်ဘဲ သာသနာရေးအကြောင်းများကို သရုပ်ဖေါ်ကာ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့၍ ခင်းကျင်း ပြသလေ့ရှိလေသည်။

သာသနာရေးအကများမှ အဆင့်ဆင့် ပြောင်းလဲပေါ်ထွန်း လာသော လူမျိုးဆိုင်ရာအကများသည် အရှေ့တိုင်း များတွင် သာမက အနောက်နိုင်ငံများ၌လည်း တွေ့ရှိနိုင်ပေသည်။ သို့အားဖြင့် ဗိုဟီးမီးယား၊ ဟန်ဂေရီ၊ အီတလီ၊ ပိုလန်၊ အင်္ဂလန်စသော အနောက်နိုင်ငံများတွင် ရှေးရိုးအကများသည် ကျေးလက်ဒေသများတွင် ယခုတိုင်အောင် ခေတ်စားလျက် ရှိကြ၏။ အနောက်နိုင်ငံများတွင် သရုပ်ဖေါ်အက 'ဗယ်လေ' မှာ ၁၅ ရာစုနှစ်တွင် ပေါ်ပေါက်ခေတ်စားခဲ့သည်။

ယခုခေတ်စားလျက်ရှိသော ဝေါ့ဇစုံတွဲကနည်းမှာ နပိုလီယန် လက်ထက်တွင်မှ ထင်ရှားလာ ခဲ့သည်။ ယခုခေတ်တွင် ကမ္ဘာ အရပ်ရပ်၌ ခေတ်စားလျက်ရှိသော အနောက်နိုင်ငံစုံတွဲ ကနည်း များမှာ ဖေါ့စထရော့၊ တန်ဂို၊ ရွမ်းဗါး၊ ဂျစ်တာဗတ် စသော က နည်းများ ဖြစ်ကြ၏။

နိုင်ငံခြားများမှာကဲ့သို့ပင် မြန်မာအကပညာသည်လည်း ရှေး ခေတ်လူတို့၏ သာသနာရေးအကများမှ ပေါ်ပေါက်လာသော သဘင်မှုတစ်ရပ် ဖြစ်ပေသည်။ ယဉ်ကျေးမှုနယ်ပယ် ကျယ်ဝန်း လာခဲ့သည်နှင့်အမျှ၊ မြန်မာ ယဉ်ကျေးမှုသည် အနောက်ဖက်ရှိ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ပေါင်းစပ်မိလေသည်။ သို့ရာတွင် မြန်မာ့ ယဉ်ကျေးမှု၏ မူရင်းအသွင်အပြင်မှာကား ပျောက်ကွယ် သွားခြင်း မရှိခဲ့ချေ။ မြန်မာအကပညာသည်လည်း မြန်မာပီပီပင် တည်ရှိခဲ့ပေသည်။

၁၆ ရာစုနှစ်အတွင်း စိုးစံခဲ့သောဘုရင့်နောင်လက်ထက်နှင့် ၁၈ ရာစုနှစ်အတွင်း စိုးစံခဲ့သော အလောင်း ဘုရားလက်ထက် တို့တွင် ဖြစ်ပွားခဲ့သော ယိုးဒယား-မြန်မာစစ်ပွဲများကြောင့် ယိုးဒယား(ထိုင်း) ယဉ်ကျေးမှုများသည် မြန်မာနိုင်ငံတော် အတွင်းသို့ ရောက်ရှိလာခဲ့ရာ၊ ယိုးဒယားကခြေသည်များနှင့် ယိုးဒယားအကပညာ လည်း ပါဝင်လေသည်။ ယခုခေတ်တိုင်အောင် မြန်မာဂီတနှင့်ဇာတ်သဘင်လောကတွင် ခေတ်စားသည်တို့မှာ ယိုးဒယား(ထိုင်း)လူမျိုးများ ထံမှ ရရှိခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များပင် ဖြစ်ပေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)