ဥမင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယခင်ရထားလမ်းဥမင်ကို ယခုလမ်းသွားလမ်းလာနှင့်စက်ဘီးဥမင် အဖြစ်ပြောင်းလဲထားသည် ဘယ်လ်ဂျီယံ၊ ဟိုးရပ်

ဥမင် (Tunnel)ဆိုသည်မှာ မြေအောက် (သို့မဟုတ်) ရေအောက်ဖြတ်လမ်း တစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ရေပြင်ညီ လမ်းကြောင်းများဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်း၏ အလျားသည် အကျယ်ထက် အနည်းဆုံးနှစ်ဆ ရှိသော မြေအောက်လမ်းကို ဥမင်အဖြစ် ယူဆသတ်မှတ်ကြသည်။ ထို့ပြင် လမ်း၏ ဘေးဘက်နံရံအားလုံး အပိတ်ဖြစ်ရမည့်အပြင် အဆုံးများ၌ ဝင်/ထွက်ပေါက်များ ပါရှိရမည်ဖြစ်သည်။ အချို့သော မြို့ပြစီမံကိန်း ရေးဆွဲသူများက ဥမင်တစ်ခုသည် အနည်းဆုံး အလျား ၀.၁ မိုင်(၀.၁၆ ကီလိုမီတာ) ရှည်လျားရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး ထို့ထက်တိုတောင်းပါက မြေအောက်အခန်းငယ် အဖြစ်သာ ခေါ်ဝေါ်ကြသည်။ ဥပမာအားဖြင့် အချို့သော မြေအောက်ဘူတာရုံများ၊ မြေအောက် ဖြတ်လမ်းများသည် အလျားနှင့်အနံကွာဟချက် မကြီးမားပေ။[၁]

မီးရောင်စုံများနှင့် လှပနေသော လူသွားလမ်းဥမင်၊ ဒက်ထရွိုက် လေဆိပ်

ဥမင်များတွင် လမ်းသွားလမ်းလာနှင့် စက်ဘီးစီးသူများအတွက် လမ်းကူးလူသွားဥမင်များ၊ မော်တော်ကားလမ်းဥမင်များ၊ ရထားလမ်းဥမင်များနှင့် ရေလမ်းဥမင်များ၊ ရေပေးဝေအတွက် ရေသွယ်ဥမင်များ၊ ရေအားလျှပ်စစ်ထုတ်ယူသော ဥမင်များနှင့် ရေဒီယိုကြေးနန်း အစရှိသည့် ဆက်သွယ်ရေး ဆက်ကြောင်းဥမင်များ စသည်များလည်း ရှိသည်။ အချို့သော ဥမင်များသည် တနေရာမှ တနေရာသို့ သွားလာရန်သို့မဟုတ် ထွက်ပြေးလွတ်မြောက်ရန် ဖောက်လုပ်ထားသော လျှို့ဝှက်ဥမင်များ ဖြစ်ကြပြီး အထူးသဖြင့် ရှေးဟောင်းခံတပ်များတွင် အများဆုံးတွေ့ရသည်။

စင်္ကာပူရှိ အရှေ့မြောက် MRT လိုင်း၏ ဥမင်အတွင်းပိုင်း

အရှည်လျားဆုံးသော ရေလမ်းဥမင်မှာ ဗြိတိန်နိုင်ငံရှိ စတန်းအိတ်(ချ်) ဥမင် (Standedge Tunnel)ဖြစ်ပြီး၊ သုံးမိုင်ကျော် (၅ ကီလိုမီတာ) ရှည်လျားသည်။ ရေလမ်းဥမင်များအနက် အရွယ်အစား အကြီးဆုံးဥမင်မှာ ပြင်သစ်နိုင်ငံ မာဆေးလ်နှင့် ရိုနေးတူးမြောင်း (Marseille-Rhône Canal)၏ တောင်ဘက်ပိုင်းတွင်ရှိသော ရော့ဗ်ရေလမ်းဥမင်[၂] ဖြစ်သည်။ ဥမင်အလျား ၇ ကီလိုမီတာ ရှည်လျားပြီး ဥမင် အမိုးခုံးထိအမြင့်မှာ ၁၅.၄ မီတာနှင့် အကျယ် ၂၂ မီတာရှိကာ ၁၉၂၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် လမ်းကူးလူသွားဥမင်များနှင့် အခြားသော ကားလမ်းဖြတ်ဥမင်များကို မြေအောက်လမ်းကူးဥမင် (subway)ဟု သုံးနှုန်းကြပြီး ထိုအသုံးအနှုန်းမှာ အမေရိကန်နိုင်ငံတွင် မြေအောက်မီးရထားလမ်းစနစ် ကိုခေါ်ဆိုခြင်း ဖြစ်သည်။

မာတိကာ

ဥမင် အမျိုးအစားများ (လုပ်ငန်းသဘာဝအလိုက်) [ပြင်​ဆင်​ရန်​]

File:Alg triple-tube.jpg
မော်တော်ကားလမ်းဥမင်ဒီဇိုင်းပုံစံ

ဥမင်များကို လုပ်ငန်းသဘာဝအလိုက် အမျိုးအစား ၅ မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ-

  • သယ်ယူပို့ဆောင်ရေးဥမင်များ၊
  • ဆက်သွယ်ရေးဥမင်များ၊
  • သတ္တုတူးဖော်ရေးဥမင်များ၊
  • ရေအားသုံးနည်းပညာဆိုင်ရာ (Hydro technical) ဥမင်များနှင့်
  • သီးခြားရည်ရွယ်ချက်များအတွက် ဖောက်လုပ်သော ဥမင်များ ဟူ၍ဖြစ်သည်။

ထိုဥမင် အမျိုးအစားများတွင် ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေး ဥမင်များကို ကားလမ်းဥမင်များ၊ ရထားလမ်းဥမင်များနှင့် မီထရိုပိုလီတန် ဥမင်များစသည်ဖြင့် ထပ်မံ၍ အမျိုးအစားခွဲခြားနိုင်သည်။ တည်နေရာ အနေအထားအားဖြင့်လည်း ကျောက်တောင်ဖောက် ဥမင်များ၊ ရေအောက်ဥမင်များ၊ မြို့ပြဥမင်များ စသည်ဖြင့် ခွဲခြားနိုင်သလို၊ မြေအောက်အနက်ပေအားဖြင့်လည်း အနက်တိမ်သော ဥမင်များ၊ အနက်ပေများသော ဥမင်များ စသည်ဖြင့်လည်း ခွဲခြားနိုင်သေးသည်။

ဘူမိနည်းပညာဆိုင်ရာ စူးစမ်းလေ့လာခြင်း [ပြင်​ဆင်​ရန်​]

ဥမင်တူးဖော်ရေး စီမံကိန်းတစ်ခု စတင်ရာတွင် မြေအနေအထားများကို ပြည့်စုံစွာ စူးစမ်းလေ့လာခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။ လေ့လာတိုင်းတာချက်များမှ ရရှိသောအဖြေများပေါ် မူတည်၍ ဥမင်တူးဖော်ရမည့် နည်းလမ်း၊ စက်ပစ္စည်းအမျိုးအစားများနှင့် မြေသားကြံခိုင်မှုလုပ်ငန်း အမျိုးအစားများကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဥမင်တူးဖော်နေစဉ်အတွင်း ကြုံတွေ့လာနိုင်သည့် မြေအခြေအနေနှင့် ပတ်သက်သည့် လုပ်ငန်းခွင် အန္တရာယ်များကို ကောင်းစွာ လျော့ချနိုင်မည်ဖြစ်သည်။ ကနဦး လုပ်ငန်းအဆင့်များတွင် ဥမင်တည်ဆောက်ရန် သင့်လျော်သည့် မြေအနေအထားနှင့် မြေအောက်ရေ တည်ရှိမှု အခြေအနေများကို သိရှိခြင်းဖြင့် ဥမင်လမ်းကြောင်း၏ ရေပြင်ညီနှင့် ဒေါင်လိုက်ဖြတ်ပိုင်းပုံများကို အကဲဖြတ် အတည်ပြုနိုင်မည် ဖြစ်သည်။

အချို့သော အခြေအနေများတွင် သမရိုးကျ လေ့လာမှုများနှင့် လုပ်ငန်းခွင် တိုင်းတာမှုများသည် မြေထု/ကျောက်သားများ၏ သဘာဝဖွဲ့စည်းပုံ၊ ပြတ်ရွေ့ဇုန် (fault zone) များ၏ တည်နေရာ အတိအကျ၊ ပျော့ပြောင်းသော မြေလွှာများ၏ ပြောင်းလဲမှုများ စသည်တို့အပေါ် လုံလောက်သော အချက်အလက်များ ရယူနိုင်မှု မရှိပေ။ ထိုအချက်သည် ဖြတ်ပိုင်းပုံ အရွယ်အစားကြီးမားသော ဥမင်များဖောက်လုပ်ရာတွင် အထူးသတိပြုရမည့် အချက်ဖြစ်သည်။ ထိုသို့သော ပြဿနာများကို ကျော်လွှားရန် ဖောက်လုပ်မည့် ဥမင်၏ ဝင်ရိုးတလျှောက် (သို့) ဘေးဘယ်ညာမှ ရှေးဦးဥမင်ငယ် (Pilot tunnel)[၃][၄] သို့မဟုတ် စမ်းသပ်ဥမင်ငယ် (Leading adit) များကို ပင်မဥမင်ကြီး၏ ရှေ့မှ ၂ ကီလိုမီတာခန့် ကြိုတင်တူးဖော် စမ်းသပ်ခြင်းပင် ဖြစ်သည်။ ပင်မဥမင်ကြီး၏ ဖြတ်ပိုင်းပုံ အတွင်း (သို့) ၁၀ မှ ၅၀ မီတာအကွာမှ အပြိုင် ရှေးဦးဥမင်ငယ်များ တူးဖော်ခြင်းဖြင့် လုပ်ငန်းအတွက် မသင့်လျော်သော အခြေအနေများ၊ မြေအနေအထား မကောင်းသော အပိုင်းများကို အချိန်မီ ကြိုတင်သိရှိ ဖော်ထုတ်နိုင်ပြီး ပင်မဥမင်၏ အနားတလျှောက် မြေသားများကို ကြံ့ခိုင်မှုကောင်းစေရန် Cementation ကိုလည်း ကြိုတင် လုပ်ဆောင်ထားနိုင်သည်။ စမ်းသပ်တွင်း (Borehole) နှင့် pit opening တို့ကို အသုံးပြု၍ ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သလို ဘူမိ-ရူပဗေဒနည်းလမ်းများ (Geophysical exploration methods)ကို အသုံးပြု၍လည်း မြေသားထုကို လေ့လာကြသည်။ ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းတွင် အဓိက အသုံးပြုသောနည်းမှာ ဒေါင်လိုက်၊ ရေပြင်ညီနှင့် လျှောစောင်း သဏ္ဍာန် စမ်းသပ်တွင်းများ တူးဖော်ခြင်းပင်ဖြစ်သည်။

ဖောက်လုပ်ခြင်း [ပြင်​ဆင်​ရန်​]

ဥမင်များကို ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို အသုံးပြု၍သော်လည်းကောင်း၊ မြေပျော့မှသည် ကျောက်သားစသည့် မြေအမျိုးမျိုးတွင်လည်းကောင်း၊ မြေအခြေအနေပေါ်မူတည်၍ နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍သော်လည်းကောင်း တူးဖော်ဆောက်လုပ်ကြသည်။

တူး-ဖို့ ဖောက်လုပ်နည်း (Cut-and-cover) [ပြင်​ဆင်​ရန်​]

တူး-ဖို့ ဖောက်လုပ်နည်းသည် မြေအနက်တိမ်သော ဥမင်များ (shallow tunnels) များကို ဖောက်လုပ်ရာတွင် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည်။ ပထမဦးစွာ ဥမင်ဖောက်လုပ်မည့် လမ်းတလျှောက် မြေပေါ်မှ မြောင်းတူးထုတ်ပြီး ထိုမြောင်းအတွင်း ဥမင်ကိုတည်ဆောက်ကာ အပေါ်မှ မြေပြန်ဖို့ခြင်း ဖြစ်သည်။ ဥမင်အမိုးခုံးသည် ၎င်းအပေါ်မှ ဖို့မြေနှင့် အခြားသော လမ်းအစရှိသည့် အဆောက်အအုံများမှ ကျရောက်လာမည့် ဝန်အားကို ကောင်းစွာခံနိုင်ရည် ရှိရန်လိုအပ်သည်။

File:Mitino.jpg
တူး-ဖို့ ဖောက်လုပ်နည်းကို အသုံးပြုသော မော်စကိုမြို့ မီတီနို ဘူတာစီမံကိန်း လုပ်ငန်းခွင်

တူး-ဖို့ နည်းလမ်းကို ဖောက်လုပ်ပုံ နည်းလမ်းများအရ နှစ်မျိုးခွဲခြားနိုင်သည်-

  • အောက်-အပေါ် ဖောက်လုပ်နည်း - ဖောက်လုပ်မည့် ဥမင်လမ်းကြောင်းတလျှောက် မြောင်းတူးဖော်ပြီး ထိုမြောင်းထဲတွင် ဥမင်ကို ဆောက်လုပ်နည်းဖြစ်သည်။ ဥမင်နံရံ (lining)ကို မိုနိုလစ်သစ် ကွန်ကရစ် (monolithic concrete) ခေါ် လုပ်ငန်းခွင်နေရာတွင် တိုက်ရိုက်သွန်းလောင်းခြင်းဖြင့် ဖြစ်စေ၊ ကြိုတင်အားဖြည့် ပုံသွန်းလောင်းထားသော ကွန်ကရစ် (Precast-concrete) နံရံဘလောက်တုံးများ၊ အမိုးခုံးများဖြင့် ဖြစ်စေ အခြားသော သံမဏိ အစရှိသည့် ပစ္စည်းများကို အသုံးပြု၍ ဖြစ်စေ ဆောက်လုပ်တပ်ဆင်သည်။ (ရှေးယခင် ကွန်ကရစ် မပေါ်သေးမှီက ကွန်ကရစ်အစား အုတ်များကို အသုံးပြု ဆောက်လုပ်ခဲ့သည်)။ ဥမင်ကို ဆောက်လုပ်ပြီးသောအခါ အပေါ်မှ မြေပြန်ဖို့သည်။
  • အပေါ်-အောက် ဖောက်လုပ်နည်း- ဤနည်းတွင် ပထမဦးစွာ ဥမင်၏ ဘေးနံရံများကို မြေမျက်နှာပြင်ထက်မှစတင်၍ မြေထိန်းနံရံ (Diaphragm wall[၅], slurry walling) သို့မဟုတ်၊ တဆက်တည်းရှိသော ပိုင်တိုင်များ (continuous bore piles) နှင့် အခြားသော နည်းလမ်းများကို အသုံးပြု၍ ဆောက်လုပ်သည်။ ထို့နောက် ဥမင်အမိုးခုံး ဆောက်လုပ်ရန်အတွက် သတ်မှတ်ထားသော အနက်ထိရောက်အောင် မြေတူးထုတ်ပြီး ဥမင်အမိုးခုံးကို တိုက်ရိုက်သွန်းလောင်း၍ဖြစ်စေ၊ ကြိုတင်သွန်းလောင်းထားသော ကွန်ကရစ်တုံးများကို အသုံးပြု၍ ဖြစ်စေ အသုံးပြု ဆောက်လုပ်ပြီး ၎င်းအပေါ်မှ မြေပြန်ဖို့သည်။ ထိုနေရာတွင် ကားလမ်းနှင့် အခြားသော အဆောက်အအုံများကို ဆောက်လုပ်ကြသည်။ ထို့နောက် ဆောက်လုပ်ပြီး နံရံနှင့် အမိုးခုံးများအောက်မှ မြေကြီးကို ဆက်လက်တူးဖော်ပြီး ကျန်ရှိသော ဥမင်အစိတ်အပိုင်းများကို ဆောက်လုပ်တပ်ဆင်သည်။

မြေအနက်တိမ်သော ဥမင်များကို ဤနည်းလမ်းဖြင့် ဖောက်လုပ်ကြပြီး အများစုမှာ မြေအောက်ရထား ဘူတာရုံဥမင်များဖြစ်ကြသည်။

ဥမင်တူးဖောက်စက်များ (TBM) [ပြင်​ဆင်​ရန်​]

Mixshield တစ်ခု၏ ဖြတ်ပိုင်းပုံ

ဥမင်တူးဖောက်စက် (Tunnel boring machine-TBM) သည် ဥမင်တူးသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် ပါဝင်သော လုပ်ငန်းအဆင့်များအားလုံးကို အဆင့်မြင့် ထိန်းချုပ်စနစ်များ အသုံးပြု၍ ပေါင်းစပ်တပ်ဆင်ထားသော စက်ဖြစ်သည်။ မာကျောသော ကျောက်လွှာများမှသည် ပျော့ပြောင်းသော မြေအမျိုးမျိုးကိုလိုက်၍ ဥမင်ဖောက်စက် အမျိုးမျိုးရှိသည်။ ၎င်းတို့၏ ပုံသဏ္ဍာန်မှာ များသောအားဖြင့် cylinder ပုံသဏ္ဍာန်ရှိပြီီး အခြားပုံသဏ္ဍာန်များ (ဥပမာ- ဘဲဥပုံ၊ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုုံ) လည်းရှိသည်။ TBM တွင် အဓိကပါဝင်သော စက်ပစ္စည်း အစိတ်ပိုင်းများမှာ rotating cutting wheel, chamber (TBM ပုံစံ အမျိုးအစား ပေါ်မူတည်၍ ပုံစံ၊ အရွယ်အစား ပြောင်းလဲသည်)၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်၊ TBM ကို ရှေ့သို့တွန်းရွှေ့ပေးသော hydraulic jacks များ၊ ဥမင် အတွင်းသား နံရံများ (Lining) ကို တတ်ဆင်သော erector, လေဝင်လေထွက် ပိုက်လိုင်းများ ပါရှိသည်။ အခြားသော စနစ်များမှာ Lining segment block များကို ဥမင်တူးဖော်ရာ လုပ်ငန်းခွင်သို့ သယ်ပို့ပေးသော စနစ်နှင့် လျှပ်စစ်ဆက်သွယ်မှု စနစ်များ ဖြစ်သည်။ ဥမင်ဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်ဖောက်လုပ်နည်းကို Shield tunneling method ဟု ခေါ်ပြီး စက်စွမ်းအားအသုံးပြုတူးဖော်နည်း (Mechanized tunneling) တွင်ပါဝင်သည်။[၆]

လက်ရှိ ကမ္ဘာ့အကြီးဆုံး TBM များမှာ တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့တွင် ဖောက်လုပ်နေသော ချန်ဇင်း(Changxing) မြစ်ဖြတ်ဥမင် တည်ဆောက်ရေး၌ အသုံးပြုနေသည့် ဥမင်ဖောက်စက်များ ဖြစ်ကြပြီး ကမ္ဘာ့အကြီးဆုံး Mixshield များဖြစ်ကာ ဂျာမနီနိုင်ငံ အခြေစိုက် Herrenknecht ကုမ္ပဏီက ထုတ်လုပ်သည်။ အချင်း ၁၅.၄၃ မီတာ အရွယ်အစားရှိသည်။[၇]

ဩစတြီးယား ဥမင်တူး နည်းသစ် (NATM) [ပြင်​ဆင်​ရန်​]

NATM- (New Austrian Tunneling Method) သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ်ကြား ကာလများတွင် ဩစတြီးယား နိုင်ငံ၌ ပေါ်ပေါက်ခဲ့ပြီး ယခင်ရှိပြီးဖြစ်သော ဥမင်လိုဏ်ခေါင်း တူးဖော်မှု နည်းလမ်းနှင့် ကွဲပြားစေရန် ထိုအမည်ကို ၁၉၆၂ ခုနှစ်တွင် Salzburg မြို့၌ ပေးခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းကို စတင်ဖော်ထုတ်ခဲ့သူများမှာ Ladislaus von Rabcewicz၊ Leopold Muller နှင့် Franz Pacher တို့ ဖြစ်ကြသည်။ NATM ၏ အဓိကရည်ရွယ်ချက်မှာ ဥမင်လိုဏ်ခေါင်းတစ်ခု၏ ဘေးပတ်ပတ်လည်တွင်ရှိသော ကျောက်သား (မြေလွှာ) တို့မှ သက်ရောက်လာမည့် Geological stress များကို ထိုဥမင်လိုဏ်ခေါင်း၏ Stability အား ထိန်းသိမ်းရာတွင် ပြန်အသုံးချနိုင်စေရန် ဖြစ်သည်။

NATM ဆိုသည်မှာ loading သက်ရောက်မှုခံနေရစဉ်အတွင်း ဖြစ်ပေါ်လာသော ကျောက်သား(မြေလွှာ) တို့၏ ပြုမူပုံ သဘော၊ သဘာဝများနှင့် ဥမင်တစ်ခုကို တူးဖော်နေစဉ်အတွင်း မြေအောက် ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု၏ သဘော သဘာဝများနှင့် ဖြစ်ပျက်ပုံများကို စောင့်ကြည့်အကဲဖြတ်သော ချဉ်းကပ်မှုပုံစံ တစ်ရပ်ဖြစ်သည်။[၈]

Pipe jacking [ပြင်​ဆင်​ရန်​]

ရေအောက်ဥမင်များ [ပြင်​ဆင်​ရန်​]

အခြားသော ဥမင်တူးနည်းလမ်းများ [ပြင်​ဆင်​ရန်​]

ဥမင်နှင့်တံတား နှိုင်းယှဉ်ခြင်း [ပြင်​ဆင်​ရန်​]

ကမ္ဘာတဝှမ်းရှိ ဥမင်များ [ပြင်​ဆင်​ရန်​]

ဥမင်တူးဖော်ရေး သမိုင်း [ပြင်​ဆင်​ရန်​]

အရှည်ဆုံး ဥမင်များ [ပြင်​ဆင်​ရန်​]

ထင်ရှားသော ဥမင်များ [ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံရှိ ဥမင်များ [ပြင်​ဆင်​ရန်​]

ဆက်လက်လေ့လာရန် [ပြင်​ဆင်​ရန်​]

အကိုးအကား [ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Tunnel
  2. Rove Tunnel
  3. http://www.mymetroworld.org/2007/03/pilot-tunnel.html
  4. http://www.mymetroworld.org/2007/05/pilot-tunneling-method.html
  5. http://www.mymetroworld.org/2007/04/diaphragm-walls_02.html
  6. http://www.mymetroworld.org/2008/02/tunnel-boring-machine-tbm.html
  7. http://www.mymetroworld.org/2007/10/crossing-yangtze-in-shanghai.html
  8. http://www.mymetroworld.org/2007/04/blog-post_30.html

အခြားသော ဥမင်ဆိုင်ရာ ဝဘ်ဆိုက်များ [ပြင်​ဆင်​ရန်​]

  1. Directory of the world's longest tunnels by category
  2. ITA-AITES International Tunnelling Association
  3. Tunnels & Tunnelling International magazine
  4. Tunnel Builder

--MyMetro 23:02, 23 ဇူလိုင် 2008 (UTC)