မျက်စိ

ဝီကီပီးဒီးယား မှ


မျက်စိ[ပြင်ဆင်ရန်]

လူတို့တွင် မြင်မှု၊ ကြားမှု၊ အနံ့ရမှု၊ အရသာခံစားမှု၊ တွေ့ထိမှု တည်းဟူသော အာရုံငါးပါးတို့သည် သိမှုနာဗ်ကြောတို့ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာကြသည်။ ထိုအာရုံငါးပါးအတွက် အာရုံခံအင်္ဂါ တစ်ခုစီ အသီးအခြားရှိကြသည်။ ပုံပမာ အနံ့ရမှုသည်နှာခေါင်းရင်းရှိ သိမှုနာဗ်ကြောတို့ကြောင့် ဖြစ်ပေါ်လာ၍၊ ကြားမှုသည် နားအတွင်းရှိ သိမှုနာဗ်ကြောတို့ကြောင့် ဖြစ်ပေါ်လာသည်။ အနံ့ရမှုကို နားကြော များက မဆောင်ရွက်နိုင်သကဲ့သို့ အသံကြားမှုကိုလည်း နှာခေါင်းကြောများက မဆောင်ရွက် နိုင်ကြပေ။ ထိုအတူမြင်မှုသည်လည်း မျက်စိ၏ နောက်ဖက်၌ ရှိသော ဓာတ်ပုံကရိယာနှင့် သဏ္ဌာန်တူသည့် အလွှာအတွင်းရှိ သိမှုနာဗ်ကြောပေါ် သို့ အရိပ်ကျရောက်သာကြောင့် ဖြစ်ပေါ်လာသည်။ ထိုသိမှု နာဗ်ကြောများသည် ဦးနှောက်နှင့် ဆက်သွယ်နေမှုကို ဦးနှောက်ကသာ အုပ်ချုပ်၍သရုပ်ဖော်ပေးလေ သည်။ အရသာ ခံစားမှုသည်လည်း ထိုနည်းတူပင် ဖြစ်၏။ ထိုကြောင့် အရာဝတ္ထု တစ်ခုတစ်ခုကို မြင်ရာ၌လည်းကောင်း၊ အသံကြား၌လည်းကောင်း၊ အနံ့ခံရာ၌ လည်းကောင်း၊ အရသာ ခံစားရာ၌ လည်းကောင်း၊ တွေ့ထိရာ၌ ဦးနှောက်ကသာလျှင်ဦးစီး၍ ထိုအာရုံများကို ဖြစ်ပေါ်လာစေသည်။

ကင်မရာခေါ် ဓာတ်ပုံရိုက်ကရိယာသည် မှန်ဘီလူး နေရာမှ အလင်းကို ဝင်စေ၏။ ထိုမှန်ဘီလူးရှိ အပေါက်ကို ဒိုင်ယာဖရမ်ခေါ် အဖုံးရှင်ကလေးဖြင့် ကြီးစေ ငယ်စေ နိုင်လေသည်။ ဓာတ်ပုံရိုက် ကရိယာ၏ နောက်ပိုင်းတွင် အလင်းမိလွယ်သော ကော်ပြားတစ်ခုရှိ၏။ ထိုကော်ပြားပေါ်တွင် မှန်ဘီလူးမှ ဝင်လာသော အလင်းသည် ဝတ္ထု၏ ရုပ်ပုံကို စောက်ထိုး ထင်ပေါ်စေသည်။ ဓာတ်ပုံရိုက်သူသည် ရိုက်လို သည့် ပစ္စည်းပုံကို ပြတ်ပြတ်သားသား ထင်ရှားစေရန် ဓာတ်ပုံရိုက် ကရိယာကို ရှေ့တိုးနောက်ဆုတ် လုပ်သည်ကို သတိမူမိကြပေလိမ့်မည် ။ မျက်စိသည် သဘောအားဖြင့် ဓာတ်ပုံရိုက် ကရိယာနှင့် တူသည့်ပြင် ထိုထက်ပို၍ ကောင်းမွန် သေးသည်။ ဓာတ်ပုံရိုက် ကရိယာမှာကဲ့သို့ မျက်လုံးအိမ်၏ နောက်ပိုင်းတွင် ပုံဖမ်း ကော်ပြားသဘောမျိုးရှိသော ရက်တီးနားခေါ် အလွန် သိမ့်မွေ့နူးညံ့သော မြင်လွှာရှိသည်။ ဓာတ်ပုံရိုက် ကရိယာမှာကဲ့သို့ ရုပ်ပုံပြတ်သားစွာ ထင်ပေါ်စေရန် မြင်လွှာကို ရှေ့တိုးနောက်ငင် လုပ်ရန်မလို အလိုအလျောက် ချိန်ပြီးသား ဖြစ်လေသည်။

မျက်လုံး တစ်ခုလုံးသည် ဓာတ်ပုံရိုက် ကရိယာဲ့သို့ပင် ပြုမူလေသည်။ မျက်လုံး များတွင် အသားအရေမှာ ကဲ့သို့ တစ်ရှူးများ ရှိ၏။ မျက်လုံး၏ အပေါ်ယံ မျက်လွှာကို မျက်ဖြူလွှာဟု ခေါ်သည်။ ထိုမျက်ဖြူ အလယ်တည့်တည့်ရှိ ထုတ်ချင်းပေါက် မြင်ရသော နေရာကို မျက်ကြည်ဟု ခေါ်သည်။ ထိုခိုင်မာသော အထပ်အတွင်း၌ မည်းနက်၍ ပါးလွှာသော အထပ်တစ်ခု ရှိသည်။ ထိုအထပ် သည် ဓာတ်ပုံရိုက်ကရိယာ သေတ္တာအတွင်းတွင် သုတ်၍ထားသော ဆေးနက်နှင့် တူလေသည်။ ထိုအထပ်ကို မျက်စိသွေးကြောလွှာဟု ခေါ်သည်။ ထိုမျက်စိ သွေးကြောလွှာ၏ အစိတ်အပိုင်း အချို့သည် မျက်စိမှန်ခုံးပေါ်သို့ အနည်းငယ် ရောက်လျက်နေသည်။

မျက်စိတွင် အရောင်ရှိသော အပိုင်းကို မျက်နက်ဝန်းဟု ခေါ်သည်။ ဆံပင်နှင့် အရေမှာကဲ့သို့ပင် မျက်နက်ဝန်းတွင် အရောင်မြောက်မြားစွာရှိသောအခါ မျက်စိ၏ အရောင်သည် အညိုရင့်ရောင်ရှိသည်။ မျက်နက်ဝန်းတွင် အရောင်အနည်းငယ်သာ ရှိလျှင် မျက်စိသည်ပြာနေသည်။ မျက်စိတွင် အလွန် မည်းနက်သော မျက်ဆန် ရှိ၏။ မျက်ဆန်သည် အလင်းဝင်သော ပြတင်းပေါက်ပိုင်း ဖြစ်သည်။

မျက်ဆန်ထဲသို့ ဝင်လာသော အလင်းသည် မျက်စိမှန်ခုံးကို ဖြတ်၍ မြင်လွှာပေါ် သို့ကျရောက်သည်။ မျက်စိမှန်ခုံးကို ဖြတ်၍ မြင်လွှာပေါ်သို့ ကျရောက်သည်။ မျက်ဆန် မည်းနက်ရခြင်း အကြောင်းမှာ မျက်စိ၏ အတွင်းဘက်သည် မည်းနက် နေသောကြောင့်ပင် ဖြစ်သည်။ မြင်လွှာသည် မျက်စိသွေးကြောလွှာ အနက်ထပ်၏ အတွင်းဘက်တွင်ရှိသော ပါးလွှာ၍ သိမ့်မွှေ့သည့်အလွှာ အထပ်ဖြစ်သည်။

မျက်စိမှန်ခုံး၏ ရှေ့ပိုင်းတွင် အက်ကွီံယပ်ဟျူးမားခေါ် အရည်ကျဲတစ်မျိုးဖြင့် ပြည့်၍ နောက်ဖက်တွင်ကား ဗစ်ထရီယပ်ဟျူးမားခေါ်ကြည်လင်သော အရည်ပျစ် ဖြင့် ပြည့်လျက်ရှိသည်။ မျက်စိသည် ဓာတ်ပုံရိုက် ကရိယာကဲ့သို့ မျက်စိမှန်ခုံးမှ အလင်းကို ဝင်လာစေပြီးလျှင် မြင်လွှာပေါ်တွင် ရုပ်ပုံကို ထင်ပေါ်စေသည်။ မျက်လုံးကို သေးငယ်သော ကြွက်သား ၆ ခုက ထိန်း၍ ထားသည်။ ထိုကြွက်သား ၆ ခုတို့အနက် ၄ ခုသည် တည့်တည့်တန်းဆွဲ၍ ထားသည်။ ကျန် ၂ ခုမှာ ကား ဘေးသို့ဆွဲထားသည်။ ပထမကြွက်သား ၄ ခုကြောင့် မျက်လုံးသည် ရှေ့သို့လည်းကောင်း၊ ဘေးသို့လည်းကောင်း စောင်း၍ကြည့်နိုင်သည်။ ဒုတိယ ကြွက်သား ၂ ခုကြောင့် မျက်လုံးသည် အထက်မှအောက်သို့၊အောက်မှအထက်သို့ လည်းကောင်း၊ ဘေးသို့လည်းကောင်း လှည့်ကာ ကြည့်ရှုနိုင်သည်။

မျက်နက်ဝန်းတွင် အတွင်းကြွက်သားများ ရှိသည်။ ထိုအတွင်း ကြွက်သားများသည် အလင်းရောင်များသောအခါ မျက်ဆန်ကိုကျဉ်းစေနိုင်၍ အလင်းရောင် နည်းသော အခါ မျက်ဆန်ကို ချဲ့ပေးနိုင်သည်။ ဤနည်းဖြင့် အဝေးနှင့်အနီးရှိ ဝတ္ထုပစ္စည်း များကို မျက်စိဖြင့် မြင်နိုင်သည်။ အတွင်း ကြွက်သားများသည် အလိုအလျောက် မျက်စိမှန်ခုံးများ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲနေစေ၍ မြင်လွှာပေါ်တွင် ဝတ္ထုမှ လာသော အလင်းတန်းများကို ကျရောက်စေပြီးလျှင် ဝတ္ထု၏ ရုပ်ပုံကို ပြတ်သား စွာထင်ပေါ်စေနိုင်သည်။

ထိုအတွင်း ကြွက်သားများကြောင့် မျက်စိမှန်ခုံးသည် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်သည်။ အသက်အရွယ်ကြီးရင့်သူများတွင် အတွင်း ကြွက်သားများ သည် မည်မျှပင် မျက်စိမှန်ခုံးကို ပြုပြင်သော်လည်း များစွာ ခုံးနိုင်တော့မည် မဟုတ်သည့်ပြင် ပြားမြဲ ပြားလျက် ရှိနေတတ်သည်။ ထိုသို့ ပြားလျက်ရှိသော မှန်ခုံးများသည် အဝေးရှိ ဝတ္တုပစ္စည်းများမှလာသော အလင်းတန်းမျာကို အနီးရှိဝတ္တုပစ္စည်းများမှ လာသော အလင်းတန်းများထက် ပို၍ မြင်လွှာပေါ်တွင် စုဆုံ ကျရောက်စေနိုင်သည်။ ထိုကြောင့် အသက်ကြီးရင့်သူများသည် အဝေးရှိ ပစ္စည်းများကို အနီးရှိ ပစ္စည်းများထက် ပို၍ ထင်လင်းစွာ မြင်နိုင်ကြခြင်း ဖြစ်လေသည်။

မျက်နက်ဝန်းသည် ကြွက်သားဖြင့်ပြီး၍ မျက်စိအတွင်းသို့ အလင်းကို လိုသလောက်သာလျှင် ဝင်ခွင့်ပြုသည်။ မှောင်နေသောအခန်းတွင်းမှ အလင်းဖက် သို့ လူတစ်ယောက် ထွက်လာသောအခါတွင် မျက်ဆန် ကျဉ်းသွားသည်ကို သတိမူမိကြပေလိမ့်မည် ။ ကြောင်များ၏ မျက်စိများကို ဂရုစိုက်၍ ကြည့်မိလျှင် ညဉ့်အချိန်တွင် မျက်ဆန်ပို၍ ကြီးလာသည် ကို တွေ့ရပေမည် ။ ထိုအခါတွင် အလွန်မှိန်သည့် အလင်းရောင်ပင် ကြောင်၏ မျက်စိတွင်းသို့ ဝင်နိုင်သောကြောင့် ကြောင်များသည် အမှောင်ထဲတွင် မြင်နိုင်ကြခြင်း ဖြစ်သည်။

နေ့အခါ၌ ကြောင်၏ မျက်စိတွင် အလွန်ကျဉ်းမြောင်းသော မျက်ဆန်ကိုသာလျှင် မြင်နိုင်သည်။ မြင်လွှာသည် အလင်းမိလွယ်သော ဖလင်ကော်ပြားကဲ့သို့ဖြစ်၍ မျက်စိတွင် အလွန်အံ့ဩဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြင်လွှာတွင် နဗ်ကြောထပ်ပေါင်း ၁၁ ထပ်ရှိသည်။ အထူး ဆဲကလေးများရှိသည့် မြင်လွှာအပိုင်းသည် အလင်းရောင်တိုက်ရိုက်ကျရောက်သော အပိုင်းဖြစ်သဖြင့် အရေးအကြီးဆုံး ဖြစ်သည် ၊ ထို ဆဲကလေးများသည် မြင်လွှာ၏ ရှေ့ဖက်တွင်မရှိ၊ မည်းနက်သောမျက်စိသွေးကြောလွှာ၏ နောက်ဖက်တွင် ရှိသည်။ မြင်လွှာတွင် အထပ်များစွာပင် ရှိသော်လည်း ထိုအထပ်များသည် ပါးလွှာသိမ်မွေ့၍ထုတ်ချင်း ပေါက် မြင်နိုင်ကြလေသည်။

ထိုဆဲများသည် အချောင်းပုံ၊ ကတော့ပုံတို့နှင့် တူသောကြောင့် ထိုဆဲတို့ကို ဆဲချောင်းများ၊ ဆဲကတော့များဟု ခေါ်သည်။ ဆဲကတော့များထက် လေးဆပို၍ ဆဲချောင်းများက များသော်လည်း ဆဲကတော့များက ပို၍ အရေးကြီးလေသည်။ မြင်လွှာအလယ်ရှိအဝါစက်တွင်ကား ဆဲကတော့မျာသာလျှင် ရှိသည်။ ဆဲကလေး တော့များကို တောက်ပသော အလင်းနှင့် အရောင်များအတွက် အသုံးပြုပြီးလျှင် ဆဲချောင်းများကို မှုန်သော အလင်းအတွက် အသုံးပြုသည် မြင်လွှာမှ အဝါစက် ကလေးအားဖြင့် ဝတ္ထုပစ္စည်းများကို ထင်ရှားစွာမြင်နိုင်သည်။ ပုံနှိပ်စာလုံးများကို ဖတ်သောအခါတွင်လည်းကောင်း၊ ဝတ္ထုပစ္စည်းများကိုကွဲပြားအောင် ကြည့်သော အခါတွင်လည်းကောင်းထိုအဝါစက်ကို အသုံးပြုသည်။ နေ့အခါတွင် ထိုအစက်ဖြင့် ထင်ရှားစွာ မြင်နိုင်သော်လည်း ညဉ့်အခါ၌ လုံးဝ မမြင်နိုင်ချေ။ အဘယ်ကြောင့် ဆိုသော်လ မှုန်သည့် အလင်းတွင် အသုံးပြုရသော ဆဲချောင်းများသည် ထိုအဝါစက်တွင် လုံးဝမရှိသောကြောင့် ဖြစ်သည်။

အချို့သော သူများသည် အရောင်ကို မခွဲခြားနိုင်ကြချေ။ အစိမ်းရောင်နှင့် အနီရောင်များသည် ထိုသူတို့ မျက်စိတွင် အစိမမ်းနှင့် အနီရောင် မဟုတ်ကြ တော့ဘဲ မွဲပြာရောင်သာလျှင်ဖြစ်၍ နေကြသည်။ မော်တော်ကားမောင်းသမားနှင့် မီးရထားစက်ခေါင်းမောင်းသမားတို့၏ အရည်အခြင်းကို စမ်းသပ်သည့်အခါတွင် အရောင်ကို ခွဲခြား၍ မြင်နိုင်၊ မမြင်နိုင်ကိုထည့်၍ စမ်းသပ်လေသည်။ အဘယ် ကြောင့်ဆိုသော် လမ်းများရှိ အထိမ်းအမှတ်မီးများသည် အများအားဖြင့် အနီရောင် နှင့် အစိမ်းရောင်ရှိသော မီးများဖြစ်ကြသောကြောင့်တည်း။

မျက်စိနှစ်လုံးရှိမည့်အစား မျက်စိတစ်လုံးတည်းသာရှိခဲ့လျှင် မြင်ရသည့် အရာဝတ္ထုများသည် ပန်းချီကားရေးဆွဲထားဘိသကဲ့သို့အားလုံး ပြား၍ နေပေမည် ။ မျက်စိနှစ်လုံးရှိခြင်းကြောင့် အလုံးကို အလုံးအတိုင်းမြင်ရ၍ အပြားကို အပြားအတိုင်း မြင်နိုင်သည်။

မျက်စိသည် ကိုယ်ခန္ဓာတွင် အသုံးဝင်၍ အလွန် သိမ်မွေ့နူးညံ့သော အပိုင်းတစ်ခု ဖြစ်၏။ အနည်းငယ်သော ဒဏ်ရာနှင့်ပင်လျှင် မျက်စိကို ဒုက္ခပေးနိုင်ပြီးလျှင် မျက်စိကို ကွယ်ပင် ကွယ်စေနိုင်လေသည်။ ထိုကြောင့် မျက်စိများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်ပေသည်။ မျက်ခွံ၊ မျက်တောင်၊ မျက်ခုံးတို့သည် ဖုံများကို ကာကွယ်ပေးသည်။ မျက်လုံးခွံနှင့် မျက်ဖြူလွှာများတွင် ဖုံမှုန့်တစ်ခုဝင်သွားလျှင် မျက်ရည်အိတ်မှ မျက်ရည်များ ကျဆင်းလာ၏။ ထိုသို့ ကျဆင်းခြင်းသည် မျက်စိကို ဆေးကြောခြင်းပင် ဖြစ်၍ ဖုံမှုန့်များ ပြန်၍ထွက်လာစေသည်။ မျက်ရည်အိတ်သည် အပေါ်နှင့်အောက် မျက်ခွံများအတွင်းရှိ၏။ မျက်ရည်အိတ်မှ မျက်ရည်ထွက်လာအောင် လုပ်သောအခါတွင် မျက်စိတွင် မျက်ရည်များပြည့်လာ၍ ပိုလျှံသော မျက်ရည်သည် နှာခေါင်းပေါက်ထဲသို့ စီးဝင်နိုင်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)