အက်စတာဇေနော

ဝီကီပီးဒီးယား မှ

အက်စတာဇေနော (အင်္ဂလိပ်: Esther Ze Naw Bamvo) သည် ကချင်လူမျိုး လူနည်းစုအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူနှင့် လူငယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းသူ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူအဖြစ် အိသဉ္ဇာမောင်နှင့်တွဲကာ ၂၀၂၁ ခုအတွက် လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြသည်။ [၁]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် စီးပွားရေးပညာဖြင့် ဘွဲ့ရသည်နောက် ချင်းမိုင်တက္ကသိုလ်တွင် ဆက်တက်ရာ ၂၀၁၈ ခုတွင် မဟာဘွဲ့ ရ၏။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဒီပလိုမာကို၎င်း၊ နယူးဇီလန်ရှိ ဘာဆဲတက္ကသိုလ်မှ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခကိုလေ့လာခြင်း ဒီပလိုမာကို၎င်း ယူသည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

မိခင်ကျောင်းဖြစ်သော မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၌ပင် လစ်ဘရယ်အနုပညာပရိုဂရမ်၌ စီးပွားရေးပညာ နည်းပြအဖြစ် ၂၀၁၈ ခု၊ အောက်တိုဘာလ ၁၆ ရက်တွင် အလုပ်ဝင်သည်။

လူ့အခွင့်အရေးဆိုင်ရာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၁၁ ခုတွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်၌ လူငယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းသူအဖြစ် ပါဝင်သည်။ ၂၀၁၂ ခုတွင် ဆီမီးတိုင် ရွေ့လျားစာကြည့်တိုက်ဖေါင်ဒေးရှင်းကို ပူးတွဲတည်ထောင်ကာ စစ်ဘေးရှောင်စခန်းများရှိ ကလေးတို့အား ကျောင်းသုံးစာအုပ်များ ငှားရန်ပေးရန် စီမံသည်။ ယင်းသို့ ရွေ့လျားစာကြည့်တိုက် ၁၅ ခုကို ထူထောင်နိုင်ခဲ့၏။ [၂]

၂၀၁၄-၁၅ ကာလတွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordination Team) ၌ အချက်အလက်သွင်းသူအဖြစ် ပါဝင်ရသည်။ ၂၀၁၇ ခုတွင် အာရှ-ပစိဖိတ်ဒေသ လူငယ်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်၎င်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ (National Ethnic Youth Alliance) တွင် နည်းပညာဆိုင်ရာအဖွဲ့ဝင်အဖြစ်၎င်း ပါဝင်ခဲ့သည်။ ဤနှစ် အောက်တိုဘာလ ၇ ရက်တွင် တခုတည်းသောလူငယ်တို့ကမ္ဘာ (One Young World) အဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ၏။ [၂]

၂၀၂၁ ခုတွင် အာဏာသိမ်းအစိုးရမှ လွှတ်တော်အမတ်အားလုံးကို အုပ်မိကာ အငိုက်မိနေချိန်၌ ဖေဖော်ဝါရီလ ၆ ရက်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုကို နီးစပ်ရာလူငယ်များဖြင့် စတင်ကာ ပြည်သူတို့ကို လှုပ်နှိုးသည်။ [၃] အရပ်သားအစိုးရအောက်တွင်တည်ငြိမ်မှုမရသော တိုင်းရင်းသားတို့မှာ စစ်အစိုးရအောက်တွင် အသက်ရှူရန်ပင် လွယ်မည်မဟုတ်ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသားတို့ကိုလည်း ဆန္ဒပြမှုတွင် ပါဝင်လာရန် လှုံဆော်၏။ [၄]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "THE 100 Most Influential People of 2021". Time. 2021-09-15.
  2. ၂.၀ ၂.၁ "B Esther Ze Naw". One Young World.
  3. Andrew Nachemson. 'Spirit To Fight': Inside The Labor, Minority Rights Roots Of Myanmar's Protests. GPB News. 2021-03-23.
  4. Thin Lei Win. "A Chance to Rebuild?". New Internationalist. 2021-07-29.