အကေးရှားပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အကေးရှားပင်[ပြင်​ဆင်​ရန်​]

အကေးရှားပင်သည် လီဂူမီနိုးစီးမျိုးရင်းတွင် မိုင်မိုစေစီအီးမျိုးရင်းခွဲ၌ ပါဝင်သော ထနောင်းမျိုး ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကေးရှားပင် အမျိုးပေါင်း ၄၅ဝ ခန့်ရှိရာ ယင်းတို့အားလုံးကို စုပေါင်း၍ အကေးရှားပင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ အကေးရှားပင်မျိုးကို ကမ္ဘာပေါ်ရှိ ပူနွေးသောအပိုင်း၊ အထူးသဖြင့် ဩစတြီးယားတိုက်အာဖရိကတိုက်တောင် အမေရိကတိုက်အမေရိကတိုက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံမြန်မာနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့၌ တွေ့ရသည်။ မြန်မာနိုင်ငံတွင် လူသိများ၍ ထင်ရှားသော အကေးရှားပင်မျိုးမှာ ထနောင်း၊ သင်္ဘောထနောင်း၊ ရှားထနောင်း၊ ထနောင်းဆူးဖြူ၊ ရှားကင်မွန်းချဉ်၊ နန်းလုံကြိုင်ဆူးဖြူ၊ ဆူးမန်ကျည်း၊ ဆူးပုပ်ကြီး၊ ဆူးရစ် စသော အပင်မျိုးဖြစ်၍ ယင်းတို့အားလုံးတွင် ဆူးများပြည့်လျက်ရှိပြီးလျှင် သီးတောင့်ရှည်များ သီးကြသည်။ ခြောက်သွေ့သော ဒေသများတွင် အကေးရှားပင်များသည် ချုံပင်လောက်သာ ရှိ၍ ရေများစွာရသော ဒေသများတွင်ကား အပင်ကြီးများ ဖြစ်လာကြသည်။ အချို့ အကေးရှားပင်မျိုးကို ခြံဥယျာဉ်များတွင် အလှစိုက်ပျိုးကြသည်။

အာဖရိကတိုက်မြောက်ပိုင်းရှိ အကေးရှားပင်မျိုးမှ အဖိုးတန်သော အစေး (ကော်စေး)များရ၍ ဩစတြီးလီးယားတိုက်ရှိ အကေးရှားပင်များမှ အခေါက်ကို သားရေနယ်ရာတွင် အသုံးပြုသည်။ အာဖရိကတိုက်ရှိ အချို့သော အကေးရှားအပင်များ၏အစေ့များသည်လည်း သားရေနယ်ဖန်ရည်များစွာပါသည်။ တောင်အမေရိကတိုက်ရှိ အကေးရှား အပင်တစ်မျိုးမှ ရရှိသော အစေ့များကို လှော်ပြီးထောင်း၍ရသော အမှု့န်ကို နှာရှူဆေးအဖြစ် အသုံးပြုကြသည်။ အခြား အကေးရှားပင်မျိုးကို ဘယဆေးအဖြစ် အသုံးပြု၍ အချို့အပင်မျိုးမှ အဖိုးတန်သစ်များရရှိသည်။ မြန်မာနိုင်ငံ၌ ပေါက်ရောက်သော အကေးရှားမျိုးဝင် ထနောင်းပင်သည် လူသိအများဆုံးဖြစ်၍ မြန်မာနိုင်ငံ မိုးပါးသည့် အရပ်တို့၌ ပေါများသည်။ အပင်အမြင့်ပေ ၃ဝ မှ ၄ဝ အထိနှင့် ပင်စည်လုံးပတ် သုံးပေမှ လေးပေအထိ ရှိသည်။ ကောက်ကွေး၍ အမျက်ထူသော ပင်စည်ပင်လုံးများ ရှိတတ်သည်။ ကန်များနှင့် တူးမြောင်းများ နံဘေး၌ပေါက်သောအပင်တို့ထက် ကြီးထွား သန်စွမ်းသည်။ အခေါက်မှာ သစ်ပင် ထက် ငယ်စဉ်တွင် ရေညှိရောင်ရှိ၍ အသက်ကြီးသည့်အခါ အုန်းခွံရင့်ရောင်သို့ ပြောင်းသွားသည်။ ပပ်သေးပပ်ကြောင်းတို့ကြောင့် အခေါက်မှာ မညီမညာရှိသည်။ ထနောင်းပင်ကို ရုက္ခဗေဒ အလိုအားဖြင့် အကေးရှား လူကိုဖလိုအီး ဟုခေါ်သည်။

ဆောင်းရာသီ အကုန်နှင့် နွေဦးပေါက်အချိန်တွင် ထနောင်း ပင်ရွက်ဟောင်းများ ကြွေ၍ ရွက်သစ်များ ထွက်လာသည်။ ရွက်သစ်များနှင့် စုံစုံလင်လင် ရှိသော်လည်း အရိပ်ကောင်း ပေးနိုင်သော သစ်ပင်ဟူ၍ မဆိုနိုင်ချေ။ သို့သော် အခြား အရိပ်ကောင်းသည့်အပင်များ မပေါက်နိုင်သော အရပ်မျိုး၌ ထနောင်းပင်များ ပေါက်နိုင်သဖြင့် မိုးပါးသည့်အရပ်တို့တွင် လမ်းနံဘေးတစ်လျှောက်၌ ယင်းတို့ကို စိုက်ထားကြသည်။ အစေ့ကို စိုက်ပျိုးခြင်းအားဖြင့် အပင်သစ်ပွားအောင် ပြုလုပ် နိုင်သည်။

ထနောင်းသားမှာ နီ၍ အစင်းကြောင်းများ ပါသည်။ မာ၍ ခိုင်ခံ့သော သစ်သားပင် ဖြစ်သော်လည်း အသုံးပြုရာ၌ တာရှည် မခံချေ။ ဆီကြိတ်ဆုံများ၊ အိမ်တိုင်နှင့် ထုတ်လျောက်များ၊ ထယ်များ အစရှိသည်တို့ကို ပြုလုပ်ရန်နှင့် ပွတ်ခံရန် အသုံး ဝင်သည်။ ထနောင်းခေါက်ကို လမုလမဲ့ခေါက်၊ ငုခေါက်တို့ ကဲ့သို့ သားရေနယ်ရာ၌ အသုံးပြုကြသည်။ ထနောင်းပင်မှ ရသော အစေးကို မီးခြစ်အိမ်ကပ်ရန် စမ်းသပ် အသုံးပြုခဲ့သည်။ ရှားထနောင်းပင်သည်လည်း မြန်မာနိုင်ငံတွင် လူသိများသော အပင် ဖြစ်သည်။ ရှားထနောင်းပင် နှစ်မျိုး ရှိသည်။ မိုးပါး သောသရက်မြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ရမည်းသင်းမြို့နယ် တို့တွင် မြေကောင်းသော သစ်တောများ၌ ပေါက်သည့် ရှား ထနောင်းပင်တို့သည် အမြင့်ပေ ၆ဝ မှ ၇ဝ အထိ ပင်လုံး ရှိသည်။ ဤအပင်တို့တွင် တည့်မတ် ညီညာသော ပင်စည် ပင်လုံးများ ရှိသည်။

မေမြို့အနီးတစ်ဝိုက်၌ ပေါက်သည့် ရှားထနောင်းပင်တို့၏ အမြင့်မှာ ပေ ၅ဝ ထက် မကျော်ပေ။ အသား ရောင်မှာ နီ ကြန်ကြန်ဖြစ်၍ မာလျက် သာမန် ထနောင်းပင်၏ အသားနှင့် ဆင်ဆင်တူသည်ဟု ဆိုနိုင်ပေ သည်။ ရှားထနောင်းပင်ကို ရုက္ခ ဗေဒ အလိုအားဖြင့် အကေးရှား မာကရိုစီဖားလားဟုခေါ်သည်။ ဆူးဖြူပင်သည် ထနောင်းမျိုးဝင် အပင်မျိုး ဖြစ်သည်။ ရုက္ခ ဗေဒ အလိုအားဖြင့် ယင်းကို အကေးရှား အာရာဗီးကဟု ခေါ် သည်။ ထိုအပင်မျိုး စတင်ပေါက်ရာ မူလဒေသမှာ အာဖရိက တိုက်၊ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ ပူသော အရပ်များ၌ များစွာ ပေါက်ရောက်သည်။ အမြင့်ပေ ၁၅ ပေမှ ၃ဝ အထိ ရှိသည်။ ယင်းအပင်မှ အစေး များရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)