သွားတိုက်ဆေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ညှစ်ဘူးအတွင်းမှ သွားတိုက်တံပေါ်သို့ တင်လိုက်သော သွားတိုက်ဆေး

သွားတိုက်ဆေး ဆိုသည်မှာ အပျစ်အရည် သို့မဟုတ် ဂျဲလ် (gel) တစ်မျိုးပင်ဖြစ်ပြီး သွားများကို သန့်ရှင်းစေရန်၊ အနံ့ဆိုးများ ပျောက်စေရန်နှင့် ခံတွင်းသန့်ရှင်းစေရန် အတွက် အသုံးပြုသည်။ အင်္ဂလိပ်ဘာသာ အားဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုလည်း ခေါ်ဝေါ်ကြသည်။ သွားတိုက်ဆေးကို အသုံးပြုခြင်း ဖြင့်တစ်ကိုယ်ရေကျန်းမာရေး ကို ထိန်းသိမ်းရာလည်း ရောက်သည်။ သွားကြားရှိ အစာဟောင်းများကို ဖယ်ထုတ်ရာတွင်လည်းကောင်း၊ ခံတွင်းမှ အနံ့ဆိုးများ ထွက်ခြင်းအား ကာကွယ်ပေးရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့အပြင် သွားတိုက်ဆေးတွင် ဖလိုရိုက်ဒ် (fluoride) နှင့် xylitol ကဲ့သို့သော အမှုန့်များလည်း ပါဝင်သဖြင့် သွားနှင့်ခံတွင်း ရောဂါများအား ကာကွယ်ရာတွင်လည်း များစွာအသုံး ဝင်သည်။ ဖွံ့ဖြိုးသော နိုင်ငံများတွင် သွားတိုက်ဆေး အသုံးပြုခြင်းသည် ပိုမိုများပြားလာသည်။ အချို့သွားတိုက်ဆေးများတွင် အန္တာရာယ်ဖြစ်စေသော ဓါတုဗေဒ ပစ္စည်းများပါဝင်ပြီး ၎င်းတို့ကို မြိုချမိပါက လည်ချောင်းအား ဥပါဒ်ဖြစ်စေတတ်သည်။

သွားတိုက်ဆေး ကဲ့သို့သော ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုမူ့မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ဝ ခန့်က တရုတ်အီဂျစ်မွန်ဂိုလီးယား နှင့် အိန္ဒိယတို့မှ စတင်ခဲ့ခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းထားသည်။

ရှေးဦး သွားတိုက်ဆေးများ သမိုင်း[ပြင်​ဆင်​ရန်​]

ရှေးအကျဆုံး သွားတိုက်ဆေးအဖြစ် ဖေါ်ပြနိုင်သော ပစ္စည်းမှာ အေဒီ ၄ ရာစုခန့်က အီဂျစ်တွင်တွေ့ရှိခဲ့ရသော အရာဖြစ်သည်။ ထိုသွားတိုက်ဆေးထဲတွင် ဆား၊ ပက်ပါ (pepper)၊ ပရုတ်ရွက်နှင့် iris ပန်းများ ပါဝင်သည်။ ရောမလူမျိုးများသည် လူ၏ ကျင်ငယ်ကို အခြေခံကာ သွားတိုက်ဆေးကို ဖေါ်ထုတ်ခဲ့သည်။ ၉ ရာစုနှစ် ရောက်သောအခါ ပါရှန်း ဂီတပညာရှင် ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်သော Ziryab မှ သွားတိုက်ဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး၊ ထိုသွားတိုက်ဆေးသည် အစ္စလာမ်မစ် စပိန်များ အကြားတွင် ပေါ်ပြူလာ ဖြစ်ခဲ့သည်။ ထိုသွားတိုက်ဆေးတွင် ပါဝင်သော ပစ္စည်းများကို အသေအချာ မသိရှိရသော်လည်း ထိုသွားတိုက်ဆေးသည် သာမန်အသုံးဝင်ရုံသာမက ခံတွင်းနံ့ကိုပါ မွှေးမြစေသည်ဟု ဆိုကြသည်။

မူလ သွားတိုက်ဆေးများသည် တစ်ခုတည်းအသုံးပြုခြင်းလော သို့မဟုတ် သွားတိုက်တံ တစ်မျိုးမျိုးနှင့် တွဲ၍အသုံးပြုခြင်းဟုလော ဆိုသည့် အကြောင်းအား မည်သူမျှရှင်းပြနိုင်ခြင်း မရှိသေးပေ။ ခေတ်သစ် သွားတိုက်တံ သို့မဟုတ် သွားပွတ်တံများအား တရုတ်နိုင်ငံတွင် အေဒီ ၁၄၀ဝ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အသုံးပြုခဲ့သော်လည်း ဥရောပနိုင်ငံများတွင် အေဒီ ၁၈၀ဝ ခုနှစ်များမှ စတင် အသုံးပြုခဲ့ကြသည်။ ၁၈၀ဝ ခုနှစ်နောက်ပိုင်းနှစ်များအထိ သွားတိုက်တံအား ရေ တစ်မျိုးတည်းနှင့်သာ တွဲဖက်အသုံးပြုခဲ့သည်။ ရှေးအခါက ကျွန်းသားမီးသွေးမှုန့်၊ ဆား စသည်တို့ကို သွားတိုက်ဆေးအဖြစ်အသုံးပြုခဲ့ကြပြီး ကြံစုတ်ခြင်းကြောင့် သွားချီးပြောင်စင်စေနိုင်သည်ဟုလည်း မှတ်ယူကြသည်။

"လှစေလိုလို့ ပါးချောင်တိုက် ရေစီးကမ်းပြိုလိုက်" ဟုသောဆိုရိုးစကားကို ထောက်ချင့်သော် သွားတိုက်ခြင်းအလေ့မှာ ကြာခဲ့ပြီဖြစ်ကြောင်းသိနိုင်သည်။

ခေတ်ပေါ် သွားတိုက်ဆေးများ သမိုင်း[ပြင်​ဆင်​ရန်​]

တံဆိပ် အမျိုးမျိုးနှင့် သွားတိုက်ဆေးဘူး

၁၈ ရာစုနှစ်တွင် အမေရိကန်နှင့် ဗြိတိန် သွားတိုက်ဆေး အပျစ်အရည် (paste) အား မီးလောင်ထားသော ပေါင်မုန့်များကို အသုံးပြု ထည့်သွင်းခဲ့သည်။ ထိုအချိန်တွင် အခြားဖေါ်မြူလာ တစ်ခုအဖြစ် နဂါးသွေးဟု ခေါ်သော စေးကပ်ပျစ်ချွဲသောအရာ၊ cinnamon (သစ်ကြမ်းပိုး) နှင့် လောင်ကျွမ်းထားသော alum ကဲ့သို့ပစ္စည်းများအား အသုံးပြုကာ အပျစ်အရည်အဖြစ် ထုတ်လုပ်ခဲ့သည်။

၁၉၀၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် နှင့် မုန့်ဖုတ်ရာတွင် သုံးသော ဆော်ဒါကိုလည်း သွားတိုက်ဆေး အတွင်း ထည့်သွင်း အသုံးပြုခဲ့ကြသည်။ ရှေးဦးပိုင်း အပျစ်အရည်ပုံစံသွားတိုက်ဆေးများအား ၁၉ ရာစုနှစ်မှ စတင်ကာ ဈေးကွက်အတွင်း ဖြန့်ချီခဲ့သော်လည်း ပထမ ကမ္ဘာစစ်ဖြစ်ပွားသည့်အချိန်ထိ သွားတိုက်ဆေးအမှုန့် အသုံးပြုခြင်းအား ကျော်လွှားနိုင်ခြင်း မရှိခဲ့ပေ။ နယူးလန်ဒန်မှ ဒေါက်တာ ဝါရှင်တန် ရှက်ဖီး က ၁၈၉၂ ခုနှစ်တွင် ညှစ်တောင့်ပုံစံ သွားတိုက်ဆေးဘူး နှင့် သွားတိုက်ဆေးအား တီထွင်ထုတ်လုပ်ခဲ့သည်။ ဒေါက်တာ ရှက်ဖီး၏ သွားတိုက်ဆေးအား Dr. Sheffield's Creme Dentifrice ဟု ခေါ်တွင်ခဲ့ကြသည်။ သူသည် ထိုသွားတိုက်ဆေး ပုံစံအား ပါရီမြို့သို့ အလည်သွားသော သူ့သားထံမှ အကြံဉာဏ်ရခဲ့ခြင်းဖြစ်သည်။ ပါရီတွင် ပန်းချီ ဆရာများ အသုံးပြုသော ပန်းချီဆေးဘူးတောင့်များအား သူ့သားမှ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် နယူးယောက် မြို့မှ Colgate & Company Dental Cream သည် ရှက်ဖီး၏ အကြံဉာဏ်မှတဆင့် ညှစ်ဘူးတောင့်ထဲတွင် ထည့်သွင်းထားသည့် သွားတိုက်ဆေးများကို ထုတ်လုပ်ခဲ့သည်။