သတ္တုဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သတ္တုဗေဒ သတ္တုဗေဒဘာသာရပ်သည် Materials ဆိုသည့် အများစုများအားဖြင့် အင်ဂျင်နီယာသုံး သတ္တုများကို ထုတ်လုပ်သန့်စင် ဓာတ်ခွဲ ပြုပြင်ပေးသည့် အကြောင်းဖြစ်သည်။ ဆိုလိုသည်မှာ မြေကြီးထဲမှ mining သမားတူးထုတ်ပေးပြီဆိုလျှင် ကုန်ကြမ်းအဆင့်ထိ အဆင့်ဆင့်ရအောင်လုပ်ပေးသော အပိုင်းဖြစ်ပါသည်။


သတ္တုဗေဒ[ပြင်​ဆင်​ရန်​]

တွင်းထွက်သတ္တုကျောက်ရိုင်းများမှ သတ္တုများကိုထုတ်ယူ၍ အသုံးပြုရန်လုပ်ကိုင်ခြင်းကို သတ္တုဗေဒဟုခေါ်သည်။ သတ္တုဗေဒ၏ကျေးဇူးကြောင့်သာလျှင် ကျွန်ုပ်တို့သည်အသုံးအဆောင်ပစ္စည်းများကို သတ္တုဖြင့်ပြုလုပ် သုံးစွဲနိုင်ခဲ့ကြသည်။ သတ္တုသည်အိမ်များနှင့် စက်ရုံ အလုပ်ရုံများသို့ လျှပ်စစ်ဓာတ်ကိုသယ်ယူပို့ဆောင်ပေးသည့် အပြင် အလွန်မြင့်မားသောတိုက်တာအဆောက်အအုံကြီးများ အတွက် အမာခံပေါင်များကိုရရှိစေသည်။ မော်တော်ကား၊ မိီးရထားနှင့် လေယာဉ်ပျံများကို သတ္တုဖြင့်ပြုလုုပ်ယူကြသည်။

ကျွန်ုပ်တို့အသုံးပြုလျက်ရှိသောကိရိယာ တန်ဆာပလာများကို လည်း သတ္တုဖြင့်ပြုလုပ်ကြသည်။ ယခုခေတ်ယဉ်ကျေးမှု အဆင့်အတန်းသည် သတ္တုမပါရှိကတည်တံ့နေနိုင်မည် မဟုတ်ပေ။ ဤသို့အလွန်အရေးကြီးသောသတ္တုဗေဒကို ထုတ်ယူရေးသတ္တုဗေဒနှင့်လုပ်ကိုင်ရေးသတ္တုဗေဒဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။

ထုတ်ယူရေးသတ္တုဗေဒဆိုသည်မှာ သတ္တုကျောက်ရိုင်းများမှ သတ္တုကိုထုတ်ယူပြီးလျှင်သတ္တုစင် အဖြစ်ရအောင်ချွတ်ပေးခြင်းကိုခေါ်သည်။ ဤအပိုင်းတွင် သတ္တုကျောက်ရိုင်းများကိုခွဲကြိတ်ခြင်း၊ လှော်ခြင်း၊ စုခဲသွား အောင်မီးတိုက်ပေးခြင်း၊အရည်ကျိုခြင်း၊စစ်ထုတ်ခြင်း၊ လျှပ်စစ်ဖြင့်ဓာတ်ခွဲခြင်း၊ ပြဒါးသတ္တုစပ်ဖြစ်အောင်ပြုလုပ် ပေးခြင်းနှင့် မီးပြင်းတိုက်ခြင်းတို့ပါဝင်သည်။

တွင်းထွက်သတ္တုရိုင်းများမှ ပထမဦးစွာအညစ် အကြေးများကိုတတ်နိုင်သမျှ ထုတ်ပစ်ရသည်။ ထုတ်ပစ်နည်းမှာ သတ္တုကျောက်ရိုင်းများကို များသောအားဖြင့်ကြိတ်ချေလိုက် ရသည်။ ထိုအခါသတ္တု ကျောက်ရိုင်းတွင်ရှိသော သတ္တုနှင့်တကွ၊ သတ္တုမဟုတ်သည့်ပစ္စည်းမျာသည် အညစ်အကြေးများနှင့် တခြားစီကွဲထွက်ကုန်သည်။ ထိုနောက်အညစ်အကြေးများကိုရေနှင့်ဆေးထုတ်လိုက်ရသည်။ ယင်းသို့ဆေး ထုတ်လိုက်ခြင်းအားဖြင့် သတ္တုထုတ်ယူရာ၌ ကိုင်တွယ်ရမည့်သတ္တုရိုင်း၏အရွယ်ပမာဏမှာ အလွန်လျော့ နည်းသွားလေသည်။

သတ္တုကျောက်ရိုင်းများကို လှော်ပေးရသည့်အကြောင်း မှာ ကန့်ကဲ့သို့သောအညစ်အကြေးများကို ထုတ်ပစ်ရန် ဖြစ်လေသည်။ သတ္တုကျောက်ရိုင်းကိုလှော်ပေးလိုက်သောအခါ ကန့်နှင့်အခြားအညစ်အကြေး များသည်လေထဲရှိ အောက်ဆီဂျင်နှင့်ပေါင်းကာ ဓာတ်ငွေ့ဖြစ်ပြီးထွက်သွားတော့၏။ သတ္တုကျောက်ရိုင်းများကိုလှော်ပေးရင်းအပူချိန်အလွန် တက်လာသောအခါ စုခဲလာလေသည်၊ ပဌမတွင် သတ္တုရိုင်းအမှုန်များအရည်ပျော်သွား၍ စုခဲလာပြီးလျှင် အတုံးအခဲကြီးများဖြစ်လာလေသည်။ ဤအတုံး အခဲများကား နောက်တစ်ဆင့်လုပ်ရမည့်လုပ်ငန်းနှင့်အလွန်သင့်လျော်ပေသည်။ သတ္တုကျောက်ရိုင်းများကိုကြိတ်ချေခြင်း၊ လှော်ခြင်း၊စုခဲအောင်ပြုလုပ်ပေးခြင်းစသော လုပ်ငန်းများ ပြီးဆုံးသောအခါသတ္တုကို ထုတ်ယူသည့်လုပ်ငန်းစတော့၏။ သတ္တုကိုထုတ်ယူရာတွင်အညစ်အကြေး များ ထွက်သွားအောင်ကျိုပေးရသည်။

အကယ်၍သတ္တုသည်သံဖြစ်လျှင် သတ္တုကျောက်ရိုင်းသည်လေပြင်း မီးဖိုတွင် ထည့်၍ပြင်းစွာအပူတိုက်ပေးရသည်။ ထိုသို့အပူတိုက်သောအခါသတ္တုကျောက်ရိုင်းနှင့် အတူကုတ်မီးသွေးနှင့်ထုံးကျောက်တို့ကိုလည်းထည့်ပေးရသည်။ မီးဖိုတွင်အပူချိန်ကိုမြှင့်တင်ပေးသောအခါကုတ်မီးသွေးမှာ မီးလောင်သွားပြီးလျှင် ကာဗွန်မွန်အောက်ဆိုက်ဓာတ်ငွေ့ အဖြစ်ထွက်လာလေသည်။ က္ကာဗွန်မွန်အောက်ဆိုက်သည် သံတွင်ပါရှိသော အောက်ဆီဂျင်နှင့် ပေါင်းစပ်ကာသံကိုသန့်စင်အောင် ပြုလုပ်ပေးသည်။ အခြားအညစ်အကြေးတို့ကိုအလွန်ပြင်းထန်သော အပူချိန်ကြောင့်အရည်ပျော်ပြီးလျှင် ထုံးကျောက်နှင့် ပေါင်း စပ်သွားလေသည်။ ယင်းအညစ်အကြေးများသည် သံရည်ထက်ပေါ့ရကား ချော်အဖြစ်နှင့်အပေါ်ယံသို့ တက်၍မျောနေလေသည်။

ထိုချော်များကိုသံရည်အပေါ်ပိုင်းမီးဖိုဘေးဖက်ရှိ အပေါက်များမှ မကြာမကြာ ထုတ်ပစ်ရလေသည်။ ဖိုတွင်ကျန်ရစ်သည့်အရည်ပျော်နေသောသံတွင် အညစ်အကြေးများလုံးဝ ကင်းစင် သည်မဟုတ်သေးပေ။ သို့သော်လည်း သတ္တုကျောက်ရိုင်းမှသံအားလုံးကိုကား ထုတ်ယူပြီးဖြစ်လေသည်။ ထိုကြောင့် သတ္တုကိုသန့်သည်ထက်သန့်အောင်လုပ်ပေးရသေးသည်။ အထက်ပါအတိုင်း သတ္တုကျောက်ရိုင်းမှ ထုတ်ယူထားသောသတ္တုကိုဓာတ်အဖျော်ပစ္စည်းတစ်ခုခု နှင့်အရည်ပျော်စေသည်။ထိုနောက်ထိုအရည်ပျော်နေသောအရည်မှ တစ်ဖန်အနည်ထိုင်စေသောနည်းဖြင့် သတ္တုကိုပြန်ထုတ်ယူပြန်သည်။ ပုံပမာ သတ္တုသည် ရွှေဖြစ်သည်ဆိုလျှင် မသန့်သေးသောရွှေသတ္တုကို ဆိုဒီယမ်ဆိုင်ယနိုက်အပေါ့ရည်တွင် ပျော်ဝင်စေပြီးလျှင်ထိုအထဲသို့ သွပ်ကိုထည့်ပေးလိုက်လေသည်။ သို့ဖြင့်ရွှေအားလုံးသည် သွပ်တွင်လာ၍စုရုံးနေတော့၏။ ဤနည်းကိုစစ်ယူသောနည်းဟုခေါ်သည်။

စစ်ယူသောနည်းဖြင့် သတ္တုကိုအဖျော်ပစ္စည်းတစ်ခုခုနှင့် အရည်ပျော်စေပြီးသည်နောက် တစ်ခါတစ်ရံ ထိုအဖျော်ရည်ကိုလျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့် သတ္တုကိုထုတ်ယူတတ်သည်။ ပုံပမာ ကြေးနီသတ္တုရိုင်းသည် ဆာလဖျူရစ်အကဆစ်နှင့်ပျော်ဝင်စေပြီးလျှင် ဓာတ်ခွဲသည့်အိုး တွင်ထည့်သည်။ ထိုအိုးတွင်လျှပ်စစ်ဓာတ်သည် ခဲနှင့် ပြုလုပ်ထား သော ဓာတ်ဖိိုုတိုင်မှ ကြေးနီဓာတ်မတိုင်သို့ ပျော်ဝင်ရည်ကို ဖြတ်ကာစီးသွားသည်။

ပျော်ဝင်ရည်တွင်ရှိသော ကြေးနီအက်တမ်များတွင် အဖိုဓာတ်ရှိ၏။ ဓမ္မတာအတိုင်းအဖိုဓာတ်သည် အမဓာတ်ကိုရှာရာတွင်ကြေးနီဓာတ်မတိုင်သို့ ရောက်သွာလေသည်။ အလျူမီနမ်နှင့်မဂ္ဂနီဇီယမ်တို့ကိုလည်း လျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့်ထုတ်ယူသည်။ ထုတ်ယူနည်းမှာ ပျော်ဝင်ရည်ကို ပြင်းစွာအပူတိုက်ပေးထားရသည်။

လျှပ်စစ်ဖြင့်ဓာတ်ခွဲယူနည်းသည် ပျော်ဝင်ရည်မှ သတ္တုကိုထုတ်ယူရာ၌ အဖိုးတန်သောနည်းဖြစ် သည်သာမက သတ္တုများသန့်သည်ထက်သန့်အောင် ပြုလုပ်ရာ၌လည်း အသုံးဝင်သည်။ကြေးနီသည် လျှပ်စစ်ဖြင့်ဓာတ်ခွဲနည်းဖြင့် သန့်စင်အောင်ပြုလုပ်၍ရသော သတ္တုတစ်ခုဖြစ်သည်။ အညစ်အကြေးမစင်သေးသော သတ္တုကိုဓာတ်ဖိုတိုင်အဖြစ်နှင့် ထားသည်။ လျှပ်စစ်ဓာတ်ဖြတ်စီးသွားသောအခါ ကြေးနီအစစ် အက်တမ်များသည်ဓာတ်ဖိုဖြစ်လာပြီးလျှင်ဓာတ်မတိုင်ရှိရာသို့ သွားရောက်စုကြတော့၏။ ဤနည်းဖြင့်ကြေးနီအစစ်သည် ဓာတ်မတိုင်တွင်စုခဲရှိနေတော့၏။

ပြဒါးသတ္တုစပ်ဖြစ်အောင် ပြုလုပ်ယူနည်းသည် တစ်ခါတစ်ရံ သတ္တုကျောက်ရိုင်းများမှ ရွှေနှင့်ငွေ ကို ထုတ်ယူူရာ၌ အသုံးပြုသောနည်းဖြစ်သည်။ အလွန်သေးငယ်သောအမှုန်များဖြစ်အောင် ကြိတ်ထားသည့် သတ္တုကျောက်ရိုင်းအမှုန့်များကိုအရည်ဖျော်၍ ပြဒါး ထည့်ထား သော ခွက်များထဲသို့လောင်းထည့်လိုက်၏။ ပြဒါးသည် သတ္တုရိုင်းထဲရှိ ရွှေ၊ သို့မဟုတ် ငွေ သတ္တုကို ထုတ်ဆွဲယူပြီးလျှင် ယင်းတို့နှင့်ပေါင်းကာ ပြဒါးသတ္တုစပ်အဖြစ် သို့ ပြောင်းသွားသည်။ ထိုနောက်ပြဒါးသတ္တုစပ်ကို အပူတိုက်ပေးလိုက်သောအခါ ပြဒါးသည်ဓာတ်ငွေ့အဖြစ်နှင့် လွင့်သွား၍ ရွှေနှင့်ငွေအစစ်သာလျှင် ကျန်ရစ်လေသည်။

လုပ်ကိုင်ရေးသတ္တုဗေဒဆိုသည်မှာ လူတို့အသုံးပြုရန်အတွက် သတ္တုကိုပြုပြင်စီမံလုပ်ကိုင်သော ပညာရပ်ခွဲကိုခေါ်သည်။ သတ္တုကိုအသုံးအဆောင်ဖြစ်အောင် ပြုလုပ်ပေးသောမည်သည့်လုပ်ငန်းပင်ဖြစ်စေ၊ ဤပညာရပ်ခွဲတွင်အကျုံးဝင်သည်။ သံမဏိကိုနစ်ကယ်နှင့် ရောစပ်ပေးလိုက်လျှင်အလွန်ခိုင်မာတောင့်တင်း၍ ခံနိုင်ရည်ရှိသောသံမဏိတစ်မျိုး ဖြစ်လာသည်။

ထိုနည်းတူစွာအခြားသတ္တုများကိုလည်း ခိုင်မာတောင့်တင်းသော သတ္တုစပ်များဖြစ်လာအောင် သက်ဆိုင်ရာသတ္တုများနှင့် ရောစပ်ပေးရသည်။ ပို၍ခိုင်မာတောင့်တင်းလာအောင် သတ္တုများကိုတစ်ခါတစ်ရံ အပူတိုက်ပြီးပြုပြင်ပေးရသည်လည်း ရှိ၏။ ဤကဲ့သို့သောလုပ်ငန်းများ အားလုံးသည် လုပ်ကိုင်ရေးသတ္တုဗေဒတွင်အကျုံးဝင်လေသည်။ ပန်းဘဲဆရာတစ်ဦးသည် မြင်းခွာတခုကို မီးရဲအောင်ဖုတ်ပြီး ထုရိုက်နေသောအခါထိုသူသည် သတ္တုဗေဒကို လုပ်ကိုင်နေသည်မည်ပေသည်။

သတ္တုဗေဒကိုယခုခေတ်မှသာ ပေါ်ထွန်းလာသည့် သိပ္ပံပညာရပ်ဖြစ်သည်ဟုထင်မှတ်ကြသော်လည်း အမှန်မှာ ယင်းသည်ရှေးအကျဆုံး ပညာရပ်တစ်ခုဖြစ်သည်။ သမိုင်းမတင်မီအချိန်ကပင် လူတို့သည်လုပ်ကိုင်ရေးဆိုင်ရာ သတ္တုဗေဒကိုသိရှိခဲ့ကြသည်။ရှေးခေတ်တုတ်လူမျိုုးနှင့် အီဂျစ်လူမျိုးတို့သည် ရွှေအစစ်ကို အမှုန့် နှင့်အခဲအဖြစ်ဖြင့် တွေ့ရှိခဲ့ကြ၍ ထိုရွှေကိုလက်ဝတ်လက်စား အမျိုးမျိုးဖြစ်အောင် ပုံသွင်းယူခဲ့ကြသည်။ အမေရိကန်၊ အင်ဒီးယန်းလူမျိုးတို့သည် လည်း ဆူးပီးရီးယားအိုင်ပတ်လည်၌ ကြေးနီအစစ်ကိုတွေ့ရှိခဲ့ ကြသည်။ ဤသတ္တုဖြင့်သူတို့သည် အလွန်လှပပြီးအသုံးဝင်သော လှံများကိုပြုလုပ်သုံးစွဲခဲ့ကြသည်။

သမိုင်းမတင်မီအခါကပင်ရှေးလူတို့သည် သတ္တုကျောက်ရိုင်းများကိုအရည်ကျို၍ သတ္တုထုတ်ယူူ သည့်သာမန်နည်းများကိုတွေ့ရှိခဲ့ကြသည်။ ခဲသည်သတ္တုကျောက်ရိုင်းကိုအရည်ကျို၍ ရရှိသောပထမဆုံး သတ္တုဖြစ်ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် ခဲသတ္တုရိုင်းကိုအလွယ်တကူအရည်ကျိုနိုင်သောကြောင့် ဖြစ်သည်။ သံကိုအရည်ကျိုရန်ကိစ္စမှာ အခက်ဆုံးဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝဝဝ ခန့်က ပင် အီဂျစ်လူမျိုးတို့သည်သံသတ္တုရိုင်းများမှ သံထုတ်ယူနည်းကိုသိရှိခဲ့ကြသည်။ အဆီးရီးယန်းလူမျိုးတို့ ကောင်းစား သောခေတ်သို့ရောက်သောအခါ သတ္တုရိုင်းမှ သံထုတ်ယူသောအလုပ်သည်အထူးတိုးတက်ခဲ့ပြီ ဖြစ်လေသည်။ ရှေးအဆီးရီးယန်းများသည်သံထုတ်ယူနည်းကိုသာ သိရှိခဲ့ကြရုံမျှမက ၊ သံမဏိလုပ်ကိုင် နည်းကိုပါ သိရှိခဲ့ကြလေသည်။

အလယ်ခေတ်ကအဂ္ဂိရတ်သမားတို့သည်အခြား ပစ္စည်းများကိုဖိုထိုး၍ ရွှေဖြစ်အောင်လုပ်ကိုင်ခဲ့ကြသော်လည်း ရွှေကားမဖြစ်၊သို့သော် သတ္တုဗေဒ၌ များစွာတိုးတက်မှု ရရှိခဲ့ ကြသည်။ သူတို့သည်သတ္တုများ၏ ဤပြုအမူနှင့် တကွ သုံးစွဲနည်းကိုပါသိရှိလာကြသည်။ ခေတ်သစ်သတ္တုဗေဒပညာရပ်ကိုအုတ်မြစ်ချပေးခဲ့သူ များမှာအလယ်ခေတ်မှအဂ္ဂိရတ်ဆရာများပင် ဖြစ်သည်ဟုယူဆနိုင်ပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)