လက်ဝှေ့ထိုးခြင်း

ဝီကီပီးဒီးယား မှ

လက်ဝှေ့ထိုးခြင်းသည် ယောက်ျားပီပီ မိမိကိုယ်ကို မိမိကာကွယ်သည့် ကိုယ်ခံပညာတစ်ရပ်ဟုလည်း တစ်ခါတစ်ရံဆိုကြသည်။ ဤကစားနည်းမှာ မိမိအထိုးမခံရဘဲ တစ်ဖက်ယှဉ်ပြိုင်သူအား ထိုးသတ်နည်း ဖြစ်သည်။ လက်ဝှေ့ထိုးခြင်းသည် ရှေးအကျဆုံးကစားနည်းတစ်နည်းဖြစ်၏။ ဤနည်းကို လွန်ခဲ့သည့်နှစ်ပေါင်း ငါးထောင်ကျော်လောက်က ဆူမားရီးယန်းလူမျိုးတို့ လေ့လာလိုက်စားခဲ့ကြောင်း မှတ်တမ်းများတွင်တွေ့ရသည်။ သို့ သော် ဘီစီ ၉ဝဝ လောက် ရောက်သောအခါ အပျော်သဘောမျိုးမဟုတ် တော့ဘဲ လက်ဝှေ့ထိုးခြင်းသည် ရက်စက်ကြမ်းကြုတ်သော ကစားပွဲများ အသွင်သို့ပြောင်းလဲလာခဲ့သည်။


ရှေးအက်သင်းမြို့တော်တွင် အသန်စွမ်းဆုံး သောအက်သင်းမြို့သား လူငယ်များကိုသာ လက်ဝှေ့ထိုးရန် ရွေးချယ်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး နှာခေါင်းချင်းထိလျက် ထိုင်နေစေ၏။ အချက်ပေးလိုက် သောအခါ ထိုသူနှစ်ဦးသည် လက်သီးသက်သက်ဖြင့် တစ်ဦးကိုတစ်ဦး ထိုးကြိတ်ကြလေရာ သွေးထွက်သံယိုဖြစ်ရသော်လည်း ကာလကြာသောအခါ ပရိသတ်များသည် ဤပွဲမျိုးကိုငြီးငွေ့လာကြ၏။ ထိုကြောင့် လက်ဝှေ့သမား များကို သံချွန်တပ်ထားသော လက်အိတ်များစွပ်၍ ထိုးသတ်စေလေသည်။ သွေးထွက်သံယိုမှုကား ပြောဖွယ်ရာမရှိပြီ။ မျက်စိကန်းသူကန်း၊ ဦးခေါင်းခွံ ကွဲသူကွဲနှင့် များသောအားဖြင့် ထိုးသတ်သူနှစ်ဦးလုံးပင် သေကြရလေသည်။ ထိုနောက် သံချွန်အစား သံပတ်များကို လက်အိတ်တွင် တပ်၍ ထိုးသတ်စေ ပြန်၏။ ဤနည်းမှာလည်း အတော်အတန် အထိနာလေသည်။ ရောမနိုင်ငံ တော် ခေတ်ကောင်းစဉ်က ဆစ္စတပ်ခေါ်ချောမွတ်မာကျောသော သားရေ လက်အိတ်များကို လက်ဝှေ့ထိုးသတ်ရာတွင် အသုံးပြုခဲ့ကြ၏။ သို့သော် ထိုအချိန်အထိ ထိုးသတ်သူနှစ်ဦးအနက်မှ တစ်ဦးဦးလဲကျမှသာလျှင် ပွဲသိမ်း လေ့ရှိခဲ့လေသည်။


ခရစ် ၁၈၇၂ ခုနှစ်တွင် လက်ဝှေ့ပွဲများ၌ လက်အိတ်ကိုပထမ စတင်သုံးခဲ့လေသည်။ သို့ရာတွင် ကမ္ဘာ့လက်ဝှေ့ ဗိုလ်လုပွဲများ၌ကား ၁၈၉၂ ခုနှစ်အထိ လက်အိတ်မသုံးခဲ့ကြချေ။ ယခုအခါ ကြေးတမ်းစားလက်ဝှေ့ သမားဟူသမျှသည် ခြောက်အောင်စမှ ရှစ်အောင်စထိလေး၍ အထဲတွင် အစာသွတ်ထားသည့် သားရေလက်အိတ်များကို အသုံးပြုကြသည်။ ဤလက် အိတ်မျိုးသည် ထိုးသူတို့၏လက်များ ကိုလုံခြုံစေ၍ ဒဏ်ရာအပြင်းအထန်ရခြင်းမှလည်း ကာကွယ်သည်။ လက်အိတ် အကြီးစားမျိုးမှာ ၁ဝ အောင်စမှ ၁၄ အောင်စထိလေး၍ တစ်ခါတစ်ရံ ထိုထက်ပိုလေး၏။ ယင်းတို့ကိုအပျော်တမ်း လက်ဝှေ့သမားများ နှစ်သက်ကြလေသည်။ ကွင်စဗရီမြို့စား၏ စည်းမျဉ်းဥပဒေများဟူသော ၁၈၆၅ ခုနှစ်တွင် သတ်မှတ်ခဲ့ကြသည့် လက်ဝှေ့စည်းမျဉ်းဥပဒေများကို ယခုအခါတွင် တစ်ကမ္ဘာလုံး အသုံးပြုနေကြလေသည်။ ယင်းဥပဒေများ၏ ပထမရည်ရွယ်ချက်မှာ ကြေးစားလက်ဝှေ့ပွဲများ၏ ရက်စက်ကြမ်းကြုတ်မှုကို ဖယ်ရှားပစ်ရန်နှင့် လက်ဝှေ့ထိုးခြင်းကို ကျန်းမာရေးကစားနည်း တစ်နည်းဖြစ်လာအောင် လုပ်ရန်ပင်ဖြစ်၏။ တဖြည်းဖြည်းပြုပြင်ပြောင်းလဲလာခဲ့သော ဤစည်းမျဉ်းဥပဒေ များကို ယခုအခါ ကြေးစားနှင့် အပျော်ထမ်းလက်ဝှေ့ထိုးခြင်း နှစ်မျိုးစလုံး တွင်အသုံးပြုနေပေသည်။ ဤစည်းမျဉ်းဥပဒေများအရ ထိုးသတ်သူများသည် တတ်နိုင်သလောက် လုံးတူရပ်တူဖြစ်ရမည့်ပြင် နပန်းသတ်ခြင်း၊ အတင်းပူး ကပ်ထားခြင်းတို့ကို ခွင့်မပြုချေ။ တစ်ချီလျှင် သုံးမိနစ်ကြာ၍ တစ်ချီနှင့် တစ်ချီကြားတွင် နားချိန် တစ်မိနစ်ထားကာ သုံးချီထိုးရ၏။ အကယ်၍ ထိုးသတ်နေသူ တစ်ဦးဦးသည် အင်အားနည်းသောကြောင့်လည်းကောင်း၊ လက်သီးချက်မိသွားသောကြောင်းလည်းကောင်း လဲကျသွားလျှင် ၁ဝ စက္ကန့်အတွင်း အကူအညီမယူဘဲ တစ်ယောက်တည်းပြန်ထနိုင်အောင် ကြိုးစားရန် ခွင့်ပေးရလေသည်။

ဒိုင်လူကြီးက တစ်၊ နှစ်၊ သုံး စသည်ဖြင့်တစ်ဆယ်တိုင်အောင် ရေတွက်ပြီးသည်အထိ မထနိုင်လျှင် ထိုသူသည် ရှုံးလေတော့သည်။ အမေရိကန် အပျော်ထမ်း ကစားခုန်စား အသင်းကြီးသည် ကွင်းစဗရီစည်းမျဉ်း ဥပဒေများကို အနည်းငယ်လွှဲပြောင်း၍ လက်ခံခဲ့လေသည်။ အပြောင်းအလဲများမှာ အလေးဆုံးလက်အိတ်သည် ရှစ်အောင်စရှိရမည်ဆိုခြင်းနှင့် လက်ဝှေ့ ထိုးရန် စည်းဝိုင်းသည် ၁၆ ပေမှ ၂၄ ပေပတ်လည်ထိ ရှိရမည်ဆိုခြင်းတို့ဖြစ်သည်။ ဤသို့ဖြင့် မူလစည်းမျဉ်းဥပဒေများကို သင့်တော်သလို ပြင်ဆင်အသုံးပြုလာခဲ့ကြလေသည်။

ယခုခေတ်တွင် လက်ဝှေ့ထိုးသူများကို ကိုယ်လေးချိန်အားဖြင့် အတန်းရှစ်တန်းခွဲထားလေသည်။ တစ်တန်းစီအတွက် ကန့်သတ်ထားသော အများဆုံး ကိုယ်အလေးချိန်မှာ ဖလိုင်းဝိတ် တန်း ၁၁၂ ပေါင်၊ ဗင်တန်ဝိတ် ၁၁၈ ပေါင်၊ ဖဲသားဝတ် ၁၂၆ ပေါင်၊ လိုက်ဝတ် ၁၃၅ ပေါင်၊ ဝယ်လတာ ဝိတ် ၁၄၇ ပေါင်၊ မစ်ဒယ်ဝိတ် ၁၆ဝ ပေါင်၊ လိုက်ဟဲဗီးဝိတ် ၁၇၅ ပေါင် နှင့် ဟဲဗီးဝိတ် ၁၇၅ ပေါင်အထက်တို့ဖြစ်လေသည်။ ပမာအားဖြင့် လူတစ်ယောက်သည် ကိုယ်အလေးချိန် ၁၁၂ ပေါင်မှ ၁၁၄ ပေါင်သို့ တိုးလာလျှင် သူသည် ဖလိုင်းဝိတ်တန်းမှ ဗင်တန်ဝိတ်တန်းသို့ ရောက်လေသည်။ ကိုယ် အလေးချိန် ၁၁၈ ပေါင်မကျော်မခြင်း သူသည် ဗင်တန်ဝိတ်တန်း၌ပင် ရှိပေသည်။ ထိုးသူများသည် ကိုယ့်ဆိုင်ရာဆိုင်ရာ အတန်းတူ လူချင်းမှသာ တွဲ၍ ထိုးသတ်ရလေသည်။ အပျော်တမ်း လက်ဝှေ့ထိုးနည်းဟူ၍ ပြင်ဆင်ပြောင်းလဲထားသော စည်းမျဉ်းဥပဒေများ ပေါ်ပေါက်လာကတည်းကပင်လျှင် လက်ဝှေ့ထိုးခြင်းကို ကျန်းမာရေး ကစားနည်းတစ်နည်းအဖြစ်ဖြင့် ကလပ်များ၊ တပ် စခန်းများ၊ ကလေးသူငယ်ရိပ်သာများတွင် လေ့လာလိုက်စားကြ၍ ထိုးပွဲများ ကျင်းပခဲ့လေသည်။

၁၈၈၈ ခုနှစ်တွင် တည်ထောင်သော အပျော်တမ်းကစား ခုန်စားသမဂ္ဂသည် အတန်းအသီးအသီးအတွက် အပျော်တမ်းအမျိုးသား လက်ဝှေ့ဗိုလ်လုပွဲများကို ကျင်းပခဲ့၏။ ၁၉၂၈ ခုနှစ်တွင် နာမည်ကြီး သတင်းစာအချို့က ဦးစီးခေါင်းဆောင်ကာ 'ရွှေလက်အိတ်' လက်ဝှေ့ပွဲများ ဟူ၍ကျင်းပခဲ့၏။ ထိုအခါမှစ၍ အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် လက် ဝှေ့ဗိုလ်လုပွဲများကျင်းပသည့် အလေ့သည် ခေတ်စားလာခဲ့လေသည်။ လက်ဝှေ့ဗိုလ်လုပွဲ ဝါသနာအိုး ထောင်ပေါင်းများစွာတို့သည် ရပ်ကွက်လိုက် လက်ဝှေ့ဗိုလ်လုပွဲများတွင် ပါဝင်ဆင်နွှဲကြလေသည်။ အချို့ကောလိပ်ကျောင်းများ၌လည်း လက်ဝှေ့ဗိုလ်လုပွဲများ ကျင်းပကြ၏။ အမေရိကန်ပြည်ထောင်စုနိုင်ငံ လုံးဆိုင်ရာ တက္ကသိုလ် ကစားခုန်စား အသင်းကြီးမှ ကောလိပ်ကျောင်းများ အတွက် လက်ဝှေ့စည်းမျဉ်း ဥပဒေများကို ပြဋ္ဌာန်းခဲ့၏။ အပျော်တမ်းလက် ဝှေ့အသင်းအသီးသီးမှ လက်ဝှေ့ကျော်များကိုလည်း ကမ္ဘာ့အိုလံပစ်ကစား ခုန်စား ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပေသည်။ များသောအားဖြင့် အမေရိကန်လက်ဝှေ့ကျော်များသည် ကမ္ဘာ့လက်ဝှေ့ဗိုလ်လုပွဲများတွင် အနိုင် များကြလေသည်။

လက်ဝှေ့ထိုးခြင်း၏ရည်ရွယ်ချက်မှာ မိမိကတစ်ဖက်လူကို မိအောင်ထိုး၍ တစ်ချိန်တည်းတွင် တစ်ဖက်လူ၏ အထိုးမခံရအောင် ကာကွယ်ရန်ဖြစ်လေသည်။ ဝါရင့်သော လက်ဝှေ့သမားတိုင်းတွင် မိမိ၏အင် အားနှင့် ကျွမ်းကျင်မှုတို့ကို အစွမ်းကုန် အကျိုးရှိရှိ အသုံးပြုနိုင်သော ကိုယ်ပိုင်ဟန်နှင့် ခုခံကာကွယ်နည်းတို့ရှိသည်။ သို့ရာတွင် လက်ဝှေ့သင်စလူ တို့ကား လက်ခံထားသော သဘောများကိုသာတိကျစွာ လိုက်နာထိုးသတ်ဖို့ လိုပေသည်။ လက်ဝှေ့ထိုးခြင်း၏ ပထမဆုံးအခြေခံ သဘောများကို မတတ်မြောက်မကျွမ်းကျင်မီ သဘာဝကျသော အနေအထားမျိုးနှင့် ထိုးသတ်ရန် မသင့်ချေ။ လက်ဝှေ့ကြိုးဝိုင်းသည် လေးထောင့်ပုံဖြစ်၍ ထိုးသူနှစ်ဦးသည် မျက်နှာချင်းဆိုင် ထောင့်တစ်ထောင့်စီတွင် ထိုင်နေရ၏။ ထိုးသူနှစ်ဦး အကြားရှိ ထောင့်များကို ထောင့်လွတ် (ဝါ) ကြားထောင့်ဟုခေါ်၏။ ဒိုင်လူ ကြီးလုပ်သူကခေါ်သောအခါ ထိုးသူနှစ်ဦးသည် ထိုင်ရာနေရာမှထလာ၍ တစ်ဦးနှင့်တစ်ဦး လက်လှမ်းမမီသော နေရာတွင် မျက်နှာချင်းဆိုင်ရပ်နေရ သည်။ များသောအားဖြင့် ဘယ်ခြေကိုရှေ့ထားရပ်၍ တစ်ဖက်လူဘက်သို့ ကိုယ်၏ဘယ်ဖက်အခြမ်းကို မသိမသာလှဲ့ထားရလေသည်။ အထိုးသင်စလူများကား ကိုယ်ကိုမတ်မတ်ထားကာ ရပ်သင့်လေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနိုင်ငံရှိ ကြေးစားလက်ဝှေ့ သမားများသည် ခပ်ကုန်းကုန်း အနေအထားနှင့် စတင်ထိုးသတ်တတ်ကြ၏။ ဤအနေအထားတွင် ကိုယ်ကို ညာဘက်သို့ကိုင်းထား၍ ဘယ်လက်ကို မိမိနှင့်ထိုးမည့်သူ ဘက်သို့ ဆန့် တန်းထားလေသည်။ ဗယ်လက်မှာ တည့်တည့်ထောက်ရာတွင် အသုံးများ၍ ညာလက်ကိုမူ ခပ်ပြင်းပြင်းထိုးရန်သာ သုံးကြသည်။

လက်ဝှေ့ထိုးရာတွင် တစ်ဖက်လူကို တိုက်ခိုက်ထိုးသတ်ရန် နည်းအမျိုးမျိုးရှိ၏။ ပထမနည်းမှာ တည့်တည့်ထောက်၍ထိုးနည်းဖြစ်၏။ လက် ကိုကွေ့ကောက်ခြောက်လှန့်ခြင်းမပြုဘဲ ပခုံးအင်အားနှင့် တည့်တည့် ခပ်ပြင်းပြင်းတင်ကြို၍ ထောက်ရလေသည်။ ခြောက်လှန့်ခြင်းသည် တစ်ဖက်လူ အားလန့်စေ၍ ယောင်မှားကာ အကာအကွယ်မဲ့စေနိုင်၏။ ခြောက်လှန့်နည်း အမျိုးမျိုးရှိပေသည်။ ပမာအားဖြင့် လက်ဝှေ့သမားတစ်ယောက်သည် ညာလက်နှင့် တစ်ဖက်လူ၏ခေါင်းကို ချိန်ဟန်ပြု၍ ဘယ်လက်ဖြင့် ဝမ်းဗိုက် အပေါ်ပိုင်းကို ထိုးနိုင်ပေသည်။ တန်ပြန်ထိုးခြင်းမှာ ထောက်ခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း တစ်ဖက်လူက မိမိကိုထိုးချိန်နှင့် တစ်ချိန်တည်းတွင် တုံ့ပြန်ထိုးရလေသည်။ ယင်းကို တန်ပြန် ထောက်ထိုးခြင်းဟုလည်းခေါ်၏။ ကိုယ်အနေအထား အလျင်အမြန်ပြောင်းလဲလိုက်သောအခါမျိုးတွင် ဤထိုး နည်းကို သုံးကြလေသည်။ ပမာဆိုသော် တစ်ဖက်သို့ ခြေတစ်လှမ်းရွှေ့လိုက်သောအခါမျိုး၊ ခပ်ကုန်းကုန်းအနေအထားသို့ ပြောင်းလိုက်သောအခါမျိုးတို့တွင် တစ်ဖက်လူသည် မိမိအား တန်ပြန်ထောက်ထိုးတော့မည်ကို ရိပ်စားမိ ဖို့လိုပေသည်။

ကြက်ခြေခတ် တုံ့ပြန်ထိုးခြင်းမှာတစ်ဖက်လူက မိမိအား ဘယ်လက်ဖြင့် ရိုးရိုးထောက်လိုက်သောအခါတွင်လည်းကောင်း၊ တုံ့ပြန် ထောက်ထိုးလိုက်သောအခါတွင်လည်ကောင်း ညာလက်ဖြင့် တစ်ဖက်လူ၏ ဘယ်လက်အပေါ်မှ ကန့်လန့်ဖြတ် ကျော်ထိုးခြင်းဖြစ်လေသည်။ လက်ဝှေ့ထိုးရာတွင် ကာကွယ်နည်း အမျိုးမျိုးရှိ၏။ ထုံးစံအား ဖြင့် လက်မောင်းလက်ဖျံတို့နှင့်သော်လည်းကောင်း၊ လက်သီးနှင့်သော်လည်း ကောင်း ကာကွယ်ရလေသည်။ လက်သီး ချက်တစ်ခုကို ဦးခေါင်းလျင်မြန်စွာ ငုံ့လိုက်ခြင်းဖြင့် ရှောင်နိုင်၏။ တစ်ဖက် လူ၏လက်သီးချက်ကို တစ်ဖက်သို့ တွန်းလိုက်ခြင်းဖြင့် လည်းရှောင်နိုင်၏။ အချိန်မရသောအခါမျိုးတွင် ကိုယ်ကို နောက်သို့ယိမ်း၍ ရှောင်ရ၏။ တစ်ခါတစ်ရံ နောက်သို့ခြေတစ်လှမ်းဆုတ် ပေးလိုက်ခြင်းဖြင့် လက်သီးချက်လွတ်နိုင်သည့်ပြင် ထိုးကွက်ကောင်းလည်းရ နိုင်၏။ တစ်ဖက်လူ၏လက်သီးချက်ကို တစ်ဝက်တစ်ပျက်သာ ကာကွယ်နိုင် သော်လည်း ကြောက်ရွံ့စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုလက်သီး ချက်သည် တစ်ဝက်တစ်ပျက် ကာကွယ်လိုက်သဖြင့် မှန်းရာသို့မရောက်ဘဲ ချော်သွားရကား တစ်ဖက်လူအနေအထားပျက်၍ မိမိအတွက် ထိုးကွက်ပေါ် လာတတ်ပေသည်။

လက်ဝှေ့ပွဲတွင် ထိုးသတ်သူနှစ်ဦး အလွန်ပူးကပ်နေသောအခါ ဒိုင်လူကြီးသည် ခွာထွက်ရန် အမိန့်ပေးရလေသည်။ ထိုသူနှစ်ဦးစလုံး ကလည်း ထိုအမိန့်ကို တစ်သဝေမတိမ်း လိုက်နာရ၏။ ခါးပတ်အောက်ပိုင်း နေရာများကိုထိုးခြင်း၊ လဲနေစဉ်ထိုးခြင်း၊ လဲရာမှထ် စဉ်ထိုးခြင်း တစ်ဖက်လူအား ပူးကပ်ချုပ်ကိုင်ထားခြင်း၊ လက်တစ်ဖက်နှင့်ချုပ်ကိုင်ထား၍ ကျန်လက် တစ်ဖက်ဖြင့် ထိုးခြင်း၊ ခေါင်း၊ ပခုံး၊ ဒူးတို့ဖြင့် ဆောင့်ခြင်း၊ လက်ဖနောင့် လက်ကောက်ဝတ်တံတောင်တို့ဖြင့်ထိုးခြင်း၊ ရိုက်ခြင်း၊ လက်သီးဆုပ်မထားဘဲလက် အိတ်ကိုဖြန့်၍ထိုးခြင်း၊ ကြိုးတန်းကိုင်ထားခြင်း၊ နပန်းလုံးခြင်း၊ အထိုးမခံရဘဲ တမင်လဲချင်ယောင်ဆောင်၍လှဲချခြင်း၊ ဆီးစပ်အပေါ်နားကို အသဲအမဲကြီးကြီးနှင့်ထိုးခြင်း၊ ဦးခေါင်းနောက် ဆက်ကိုထိုးခြင်း၊ ဆဲရေးတိုင်း ထွာခြင်း၊ ဒိုင်လူကြီး၏ အမိန့်ကိုမနာခံခြင်း၊ သို့မဟုတ် အခြားသော အားကစားသမားမပီသသော မည်သည့်အပြုအမူ ကိုယ်ထိလက် ရောက်မှုကိုမဆို ကျူးလွန်လျှင် ထိုသူသည်အပြစ်ကျူးလွန်သူဖြစ်၍ အမှတ်လျှော့ခြင်းသော် လည်းကောင်း၊ အရှုံးပေးခြင်း သော်လည်းကောင်း ခံရတတ်ပေသည်။ ကြက်ပွဲ များတွင် ကြက်ကုတ်ကြက်ဆွဲများထားသကဲ့သို့ လက်ဝှေ့ပွဲတွင်လည်း ထိုးသူ နှစ်ဦးအား ကူညီပြုစုရန် လက်ထောက်တစ်ယောက်စီ သော်လည်းကောင်း၊ နှစ်ယောက်စီသော်လည်းကောင်းထားနိုင်၏။

ထိုသူတို့က စောင်နှင့်ပတ်ခြင်း၊ မျက်နှာသုတ်ပုဝါနှင့်ချွေးသုတ်ပေးခြင်း စသည်ဖြင့် တစ်ချီနှင့်တစ်ချီအကြား လိုအပ်သော အကူအညီများကိုပေးရလေသည်။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် ခန်းတစ်ခုအနေဖြင့် လက်ဝှေ့ထိုး ခြင်းသည် အလွန်အဖိုးတန်သော ကစားနည်းတစ်နည်းဖြစ်၏။ လက်မောင်း ခြေထောက်နှင့် ကျောပြင်ရှိကြွက်သားများကို ကြီးထွားစေလေသည်။ ခုခံရာ နှင့် တိုက်ခိုက်ထိုးသတ်ရာတွင် အနေအထားအမျိုးမျိုးနှင့် ထိုးသတ် လှုပ်ရှားရသဖြင့် လက်ဝှေ့သမားသည် တစ်စတစ်စ လျင်မြန်လာ ကာ မိမိခြေပေါ်တွင် ကိုယ်ကို ပေါ့ပါးခိုင်မြဲစွာထိန်းသိမ်းထားနိုင်လာသည်။ အထိုးမခံရဘဲ ထိုးရ အောင်လေ့ကျင့်ရင်းပင်လျှင် စိတ်ဖျတ်လပ်နိုးကြားသော အလေ့အကျင့်ကိုရရှိ လာစေသည်။ အကျင့်စာရိတ္တ ကောင်းမွန်တိုးတက်ရေးကိုလည်း တစ်စိတ် တစ်ဒေသအားပေး၏။ စနစ်တကျ မှန်ကန်စွာလေ့ကျင်လျှင် အားကစား သမားတို့၏ အကောင်းဆုံးအရည်အချင်းများဖြစ်သည် သတ္တိ၊ ရိုးသားမှု၊ အရှုံးနှင့်ရင်ဆိုင်ရန်ဝန်မလေးမှု၊ အခြေအနေအမျိုးမျိုး၌ ဒေါသကိုချုပ်တည်း နိုင်မှု စသည့်အရည်အချင်းများကို တိုးတက်စေလေသည်။

လက်ဝှေ့ထိုးခြင်းသည် ကိုယ်ခံပညာရပ်များအနက် သဘာဝအကျဆုံး ပညာရပ်တစ်ခုဖြစ်၍ မြန်မာလူမျိုးတို့တွင်လည်း ရိုးရာအမွေ အနှစ်အဖြစ် သတ်မှတ်ခြင်းခံရသော မြန်မာလက်ဝှေ့ထိုးသတ်ခြင်းသည် လူမျိုးနှင့်အတူ ရပ်တည်ခဲ့ပေ၏။ ပုဂံမြို့ နဂါးရုံဂူဘုရား (ပုဂံ) တောင်ဘက်ရှိ ဂူငယ်၏အရှေ့မုခ် မြောက်နံရံတွင် ကင်းမြီးကောက်ထောင်နေသော လူပုံပါသည့်ကမ္ပတ်ပန်း၊ နပန်းသတ် သူများနှင့် ကချေသည်တို့ကိုတွေ့နိုင်သည်။ ဤဂူဘုရားငယ်တည်သော ခုနှစ် ကို အသေအချာမသိနိုင်သော်လည်း ပုဂံခေတ်နောက်ပိုင်းဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ ပုံမှာ သေးငယ်သော်လည်း ပုဂံသားနှစ်ဦး နပန်းသတ်နေပုံမှာ ပေါ်လွင်ထင်ရှား၍ နှစ်ဦးလုံး ကိုယ်လုံးကိုယ်ဖန်တောင့်တင်းပြီးလျှင် ခါးစီး တိုတိုမျှသာ ဝတ်ဆင်ထားကြသည်မှာ အားကစားသမားပီသလှပေသည်။

ပုဂံခေတ်တွင် ဤကဲ့သို့ ဂျွမ်းနှင့်နပန်းသတ်ခြင်းဟူသော အားစမ်းပွဲနှင့် ပြိုင်ပွဲမျိုးရှိနေလျှင် ယင်းတို့နှင့် ဆက်နွှယ်အကျုံးဝင်နေသည့် လက်ပမ်း သတ်ခြင်း(ဝါ)လက်ဝှေ့သတ်ခြင်းလည်း ပေါ်ပေါက်နေပြီဟု ယူသော်ရတန်ရာ သည်။ သက္ကရာဇ် ၆၈၄ ခုနှစ်တွင် ပင်းယရွှေနန်းတက်တော်မူသော ဥစ္စနာမင်းသည် စကားခုနစ်ကျောင်းဆောက်လုပ် လှူတော်မူသည်။ နောင် အခါ ထိုစကားခုနစ်ကျောင်း သံဃာစုကပင် ပါရာဇိကဏ်၌ လာသော ကိဋာဂီရိတိုင်းသားအဿဇိပုနဗ္ဗသုက ရဟန်းများကဲ့သို့ ယုတ်မာဆိုးသွမ်းကြ၍ ပွဲကျောင်းဂါမဝါသီ ဖြစ်လေကုန်သည်။ လဇ္ဇီပေသလ ရဟန်းတို့လည်း စကားကျောင်းမှထွက်သွား၍ အခြားသင့်ရာနေလေကုန်သည်။ စကားကျောင်း ရဟန်းတို့ပွဲကျောင်း ဂါမဝါသီဖြစ်သော အကြောင်းကား ဥစ္စနာမင်းကြီး လှူဒါန်းခဲ့သည့် ဝတ်မိုးဝတ်မြေအများကိုမှီ၍ အခင်းပွားများသောကြောင့် ပရိယတ်ပဋိပတ် လျော့လေသည်ကို မကြိုက်မနှစ်သက်၍ ရဟန်းတော်အချို့ စကားကျောင်းမှထွက်ပြီးလျှင် တူရွင်းခြေတောင်၊ တောင်ဘီလူးကုန်း စစ်ကိုင်းချောင်များတွင်နေသည်။ ထိုဆရာတို့ကို တောနေ ဧကစာရဟုခေါ် သည်။ မြို့ရွာအနီး ကျန်ရစ်သောရဟန်းတို့ကို ဂါမဝါသီဗဟုစာရဟု ခေါ် ဝေါ်ကြသည်။

ထိုမှစ၍ အရညဝါသီ၊ ဂါမဝါသီ အနေနှစ်ပါးကွဲပြားကြသည်။ ကိဋာဂီရိတိုင်းသား ရဟန်းများတို့ လက်ဝှေ့လက်ပမ်းသတ်ခတ် ကြောင်းကို နိဗ္ဗုဇ္ဈန္တိပိ ဟတ္ထေဟိ ဝိယုဇ္ဈဟု ဝိနည်းပါဠိရှိသကဲ့သို့ ပွဲကျောင်း ဂါမဝါသီတို့သည် ပွဲလမ်းဝင်၍ လက်ဝှေ့လက်ပမ်းသတ်ခတ်ကြသည်။ ပွဲ လမ်းသဘင်အလိုကြိုက်၍ ပရိယတ်၊ ပဋိပတ်ကို ဖြည့်စွမ်းဆောင်ရွက်ခြင်း မရှိ။ အဂ္ဂိရတ်၊ လက်ဝှေ့လက်ပမ်းကိုသာ အလေ့အလာပြု၍အားထုတ်ကြ သည်။

ဤသို့အားဖြင့် ပင်းယကောင်းစားစဉ် ပွဲကျောင်းဂါမဝါသီဂိုဏ်း ပေါ်လာသည်။ အောင်စည်းခုံ သံဃရာဇာ (ဝတ်မိုးဝတ်မြေမှအဖို့အစု အခွန်ဘဏ္ဍာ ကောက်ခံထိန်းသိမ်းရသောရဟန်း ကို သံဃရာဇာဟုခေါ်သည်။ ပွဲကျောင်းဂါမဝါသီဂိုဏ်းဝင်ဖြစ်သည်။) သည် လက်ဝှေ့သတ်အလွန်ကောင်း သည်။ လက်ဝှေ့ဆုဖြင့် နှစ်တိုင်း မြင်း တစ်ဆယ်ယ့်ငါးစီး၊ အစီး ၂ဝ ရ သည်။ အင်းဝမင်းခေါင်ကြီးလက်ထက် ကုန်းဘောင်စော်ဘွားက လက်ဝှေ့ ကောင်းရှမ်းကြီးကို အင်းဝသို့ခေါ်ခဲ့၍ လက်ဝှေ့မော်ကွန်းတင်မည်လာသည်။

အင်းဝ စစ်ကိုင်း သတ်ဖက်မရှိ၍ သံဃရာဇာကို စုံစမ်းစေသော် ငါကား အထက်မင်းများလက်ထက် လူပျိုလူရွယ်ဖြစ်၍ ကျော်စောရုံမျှသတ်သည်။ ယခုမှာ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်၍ သေအောင်သတ်တော့မည်ဆို လက်သည်။ မသေပါစေနှင့် တန်ရုံသာသတ်ပါဟု ဆင့်ဆိုပြီးမှ စကား ကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်ဝတံခါး အရှေ့ငါးတာခြားကုန်း၌ လက် ဝှေ့ပွဲကျင်း ပသည်။ မင်စော်ဘွားမှစ၍ ရဟန်းရှင်လူများလည်း ကုန်းပြည့်မျှ ကြည့်သည်။

ထိုအခါ အောင်စည်းခုံ သံဃရာဇာနှင့် ရှမ်းကြီးတို့ သတ်ကြမည် ဟု ကခုန်သီဆိုပြီးလျှင် သံဃရာဇာက ခြေဖြင့်ခေတ်ယောင်ခြောက်ကာ လက်ယာလက်ဖြင့် ရှမ်းကြီးကိုသတ်လိုက်ရာ ရှမ်းကြီး၏ မျက်နှာသည် နောက်မှာနေလေ၏။ ထိုအခါ ကုန်းဘောင်စော်ဘွားက သေသော်ပင် အမြင် ကောင်းသေး၏။ ယခုမှာ အမြင်မကောင်းပါတကားဟု ပြောဆိုလျှင် လက်ဝဲ လက်ဖြင့် သတ်လိုက်ပြန်ရာ ရှမ်းကြီး၏မျက်နှာရှေ့မှာ နေမြဲနေပြန်လေ သည်။ မင်းနှင့်စော်ဘွားတို့လည်း အံ့ဘွယ်သရဲရှိလှပေသည်ဟု မြင်းနှစ် ကောင်၊ ဖျင်းသုံးလိပ်နှင့်ငွေတစ်ပိဿာဆုလပ်ပေးကြသည်။ စစ်သွေး စစ်စိတ်ဖြင့်ပြည့်စုံ၍ သေနင်္ဂဗျူဟာကြွယ်ဝသော မြန်မာ စစ်သည်တော်တို့အား လက်နက်မဲ့တိုက်ခိုက်ရာတွင်အရေးပါလှသည့် မြန်မာလက်ဝှေ့လက်ပမ်းသတ်ခြင်းပညာရပ်ကို သေနင်္ဂဗျူဟာ တစ်စိတ်တစ် ဒေသအဖြစ်ပို့ချခဲ့သည်။ ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဖြစ်သည့် သီပေါ မင်းတရားလက်ထက်တွင် လက်ဝှေ့သတ်တော်သူများကို လက်ဝှေ့တော် သတ်ဟု သတ်မှတ်ကာ ရွှေတိုက်စာရင်းဝင်အဖြစ် စာရင်းသွင်းခဲ့သည်ဟု ရာဇဝင်သုတေသီအချို့က ဆိုကြလေသည်။

သို့သော် ထီးကျိုးစည်ပေါက်ဖြင့် သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရသော ခရစ် ၁၈၈၅ ခုနှစ်မှ အစပြု၍ မြန်မာလက်ဝှေ့သည်မှေးမှိန် သေးသိမ်ကာ အချိုးအနှိမ်ခံဘဝသို့ ရောက်သွားခဲ့ရလေသည်။ စစ်ကြိုခေတ်တွင် စီပွားရှာ သမားတို့က ဘုန်းကြီးပျံ၊ ဘုရားပွဲတော်များတွင် လူခေါ်ပွဲအဆင့်ဖြင့် ပွဲသွင်း ပေးချက်ကြောင့် အထက်မြန်မာနိုင်ငံတွင် ပျောက်ချည်တစ်ခါ ပေါ်ချည်တစ် လှည့်ဖြင့် ရပ်တည်ခဲ့ရ၍ အစွမ်းထက်သော လက်ဝှေ့သမားများ ရှားရှားပါးပါး ပေါ်ထွက်ခဲ့သည်။ အောက်မြန်မာပြည်တွင်မူ အရည်အချင်းရော၊ အရေအတွက်ပါ ပြည့်စုံသည့် ကရင်၊ မွန်၊ မြန်မာ၊ တောင်သူ လက်ဝှေ့အကျော် အမော်များ စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်တွင် အဆက်မပြတ် ထွက်ပေါ် ခဲ့သည်။ စစ်ကြိုခေတ်မှ လက်ဝှေ့ကျော်ကြီးများသည် ဝါးလုံးများကိုကွဲအောင် ထိုးနိုင်ခြင်း၊ လက်သီးအချိန်အဆတွင်လည်း မျက်နှာတွင် ထုံးတို့ထားသည့် အမှတ်ကိုပင် ထိအောင်ထိုးနိုင်ခြင်း စသည်ဖြင့် အစွမ်းထက်ကြလေသည်။ အလံလုပွဲကြီးများတွင်လည်း နေလုံးပျောက်သည် အထိ အနိုင်မခံ အရှုံးမပေး သောသတ္တိဖြင့် ယှဉ်ပြိုင်နိုင်အောင်ပင် သက်လုံကောင်းကြလေသည်။ စစ်ပြီးခေတ် လွတ်လပ်ရေးရပြီးမှ မြန်မာလက်ဝှေ့သည် အမျိုး သားစွမ်းရည်အဖြစ်ပြန်လည် ဖော်ထုတ်ခြင်းခံခဲ့ရသည်။ သို့သော် မြန်မာ လက်ဝှေ့အားလုံးဝပျောက်ကွယ်မသွားရလေအောင် ထိန်းသိမ်းကြသည့် ပညာရှင်များမှာ များသောအားဖြင့် တောင်သူလယ်သမားများသာ ဖြစ်ကြ သည်။ မြန်မာမှုကိစ္စတစ်ရပ်ဖြစ်သည့် မြန်မာလက်ဝှေ့ အား မြန်မာအမျိုးသားတို့ ကိုယ်တိုင် အတွင်းကျကျ လေ့လာနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့တွင် လွတ်လပ်ရေးနေ့၊ တောင်သူလယ်သမားနေ့ စသည့် တရား ဝင် ပြိုင်ပွဲပြပွဲကြီးများတွင် အလျဉ်းသင့်သလို ပွဲထုတ်တင်ပြခဲ့သည်။

သို့သော် ယနေ့ မြန်မာလက်ဝှေ့ပွဲကြီးများအနက် လူစုံတက်စုံနှင့်အစွမ်းကုန် ယှဉ်ပြိုင်ကြရသောပွဲကြီးများမှာ ဖားအံတွင်ကျင်းပသော ကော်သူလေးပြည်နယ်နေ့ပွဲ၊ မော်လမြိုင်တွင်ကျင်းပသော တော်လှန်ရေးနေ့ လက်ဝှေ့ပွဲနှင့် ရန်ကုန်တွင် ကျင်းပသည့် လွတ်သဘင်လက်ဝှေ့ပွဲတို့ပင် ဖြစ်လေသည်။ မြန်မာလက်ဝှေ့သတ်ပွဲ၏ မူလလက်ဝှေ့ဝိုင်းမှာ ၂၄ ပေခန်အကျယ်အဝန်းရှိ၍ ဖွဲ၊ သို့မဟုတ် သဲများခင်းထားသည့် မြေဝိုင်းပင်ဖြစ်၏။

ထိုးသတ်ကြမည့် လက်ဝှေ့သမားများသည် ဝိုင်းကို ပတ်ပတ်လည်လှည့်ထိုင်လျက် ယှဉ်ပြိုင်ထိုးသတ်နေကြသော လက်ဝှေ့သမားများ၏ အလဲအကျ တို့ကို ထိန်းပေးတတ်ကြသည်။ ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ တွင် အနောက်တိုင်းစနစ်နှင့်ထိုးသတ်သော လက်ဝှေ့ခုံကြီးများ (ပေ ၂ဝ ပတ်လည်) ပေါ်တွင် ထိုးသတ်လျက်ရှိကြသည်။ သို့သော် မြန်မာလက်ဝှေ့ ထိုးနည်းအဝင်အရ ခုန်ခြင်း၊ ခတ်ခြင်းတို့ကို စိတ်တိုင်းကျမလုပ်နိုင်အောင် ဝိုင်းကျဉ်းနေသည်ဟု ယူဆကာ မြန်မာလက်ဝှေ့ပရိသတ်တို့က မကြိုက်လှ ပေ။ လက်ဝှေ့ပွဲကျင်းပချိန်ကို နေ့မွန်းတည့်ကို မြန်မာ လက်ဝှေ့သမားတို့ နှစ်သက်၏။ မြန်မာလက်ဝှေ့သမားတို့သည် အင်္ကျီမပါ အထက်ပိုင်းကိုယ် ဗလာကျင်းပြီးလျှင် ဘောင်းဘီတိုပေါ် မှ ပုဆိုးကို သုံးမြှောင်းချိုးကာခေါက်၍ ခါးပုံအဖြစ် စည်းနှောင်ထားသည်။ ခါးပုံစကို တစ်ဖက်မှ ဆွဲယူချုပ်ကိုင် ထိုးနိုင်ခွင့်ရှိသည်။

ခါးပုံအတွင်းတွင်လည်း ကိုယ်ခံအဆောင်အယောင်များ ထည့်သွင်းစည်းနှောင်ထားလေ့ရှိပြီးလျှင် လက်မောင်းနှစ်ဖက်တွင်လည်း လက်ဖွဲ့များ စည်းနှောင်ထားလေ့ရှိသည်။ (ထိုသို့ ကိုယ်ခံအဆောင်အယောင်များ အသုံးပြုရသည်မှာ ပညာ(လက်ဝှေ့ပညာ)၊ ဉာဏ်နှင့် သက်လုံရှိငြားလည်း မျက်နှာမှာချက်ကောင်းထိလျှင် ကွဲတတ်၍ ကွဲလျှင် ရှုံးသောကြောင့် ထိုသို့မကွဲအောင် အသုံးပြုရသည်ဟု ဆိုလေသည်။)

မြန်မာလက်ဝှေ့သတ်ခြင်းတွင် စည်းကမ်းကလနားနှင့် လူယဉ် ကျေးတို့ကျင့်သုံးအပ်သော ဟန်အမူအရာများအပြည့်အဝရှိသည်။ မြန်မာလက်ဝှေ့တွင် ဖျဉ်ဒိုင်၊ ပြောဒိုင်၊ လွှတ်ဒိုင်ဟူ၍ ဒိုင်သုံးမျိုး ရှိသည့်အပြင် အနည်းဆုံး လူသုံးဦးမျှပါဝင်သည့် ခုံသမာဓိလူကြီး အဖွဲ့ လည်းရှိသည်။ မြန်မာလက်ဝှေ့တွင် အတန်းအစားခွဲခြားရာ၌ ကိုယ်အလေး အချိန်ဖြင့်မခွဲခြားပေ။ လွှတ်ဒိုင်အဖြစ် ဆောင်ရွက်သူ က လုံးတူဒေါက်တူများ ကို တွဲဖက်၍ လက်ဝှေ့အဆိုင်းရွေးပေးရသည်။ များသောအားဖြင့် ခုံသမာဓိ လူကြီးများနှင့်တိုင်ပင်၍လုပ် လေ့ရှိသည်။ ပထမတန်းလက်ဝှေ့သမားဖြစ်လာ လျှင်မူ အရပ်၊ အမောင်း၊ အလုံး၊ ဒေါက် မရွေးရတော့ဘဲ လူမရွေး ယှဉ်ပြိုင်ရလေသည်။ ပြောဒိုင်ဆိုသည်မှာ လက်ဝှေ့ထိုးမည့်သူများကို မထိုးမီ အမွှမ်းတင်၍ ကိုယ်ရည်သွေးပေးရသည်။ ထို့ပြင် လက်ဝှေ့ပွဲနှင့် စပ်လျဉ်း၍ ပရိသတ်မကျေနပ်လျှင်လည်း ရှင်းလင်းဖြေဆိုပေးရလေသည်။ ယနေ့မြန်မာလက်ဝှေ့တွင် အတန်းအစားများကို လက်ဝှေ့ပညာ အစွမ်းအစ အရည်အသွေးကိုမှီး၍ ပထမတန်း၊ ဒုတိယတန်းဟု သတ်မှတ် ထား၏။ စတုတ္ထတန်းမှာ နတ်ကတော်တန်းဟုလည်းခေါ်၍ လက်ဝှေ့လောကတွင် ထိုးခါစ လူငယ်လူရွယ်များအတန်းအစားဖြစ်ကာ စစ်ကြိုခေတ်က ကြားပွဲများသာထိုးသတ်စေပြီးလျှင် အပျိုတော်ဆိုင်းဟုခေါ်ဝေါ်၏။ စတုတ္ထတန်းတွင် ထိုးသတ်နေသူကို အခြားစတုတ္ထတန်းပြိုင်ဖက်များက ဝိုင်းပယ်လာလျှင် တတိယတန်းသို့တက်ရသည်။ တတိယတန်း မှ ဝိုင်းပယ်လျှင် ဒုတိယတန်းသို့တက်ရပြီးလျှင် ဒုတိယတန်းမှ ဝိုင်းပယ်ပြန်လျှင် ပထမတန်းသို့တက်ရသည်။ အတန်းတက်ပြီးလျှင် အောက်တန်းသို့ပြန်မဆင်း ရတော့ပေ။

မြန်မာ့လက်ဝှေ့သည် လက်ဝှေ့ဟန်ရေးပြနေခိုက်နှင့် လက်ဝှေ့ သတ်နေခိုက်တွင် ဆိုင်းတီးပေးရသည်။ မြို့ကြီးပြကြီးများတွင် ဆိုင်းဝိုင်းပြည့် အသုံးပြုပြီးလျှင် တောနယ်များတွင်မူ ဝိုင်းခါးပြတ်ခေါ် ခြောက်လုံးပတ်၊ ပတ်မ၊ နှဲ၊ လင်းကွင်းနှင့် ဝါးလက်ခုပ်တို့ကိုသာ သုံးသည်။ လက်ဝှေ့ဟန်ရေးပြသောအခါ လေးခင်းတီးပေးရပြီးလျှင် ဟန်ရေး ပြသူက ဆိုင်းချက်နှင့် အဝင်အထွက်အချီအချ ညီရလေသည်။ ထိုးသတ်နေ ခိုက်တွင် ဗိန်းမောင်းတီးပေးရ၍ ထိုးလုံးကြမ်းလေဆိုင်းသံမာလေဖြစ်သည်။

လက်ဝှေ့ဟန်ရေးပြခြင်မှာ လက်ဝှေ့ထိုးသတ်မည့်သူ၏ ပညာစွမ်း မည်မျှရှိသည်ကို ပရိသတ်လေ့လာနိုင်ရန်နှင့် ယှဉ်ပြိုင်လိုသူကလည်း စိန်ခေါ်ရင်း ဟန်ရေးပြနေသူ၏ ပညာစွမ်းကို အကဲခတ်နိုင်ရန်ဖြစ်သည်။ လက်ဝှေ့ဟန် ရေးပြရာတွင် နှစ်ဦးတွဲဖက် ဟန်ရေး ပြသည့်အလေ့ရှိ၏။ တွဲဖက်ထိုးသတ်မည့် အဆိုင်းကို ပရိသတ်က အကဲခတ်နိုင်ရန်ဖြစ်သည်။ အရှုံးအနိုင်ပေါ်ပြီးသောအခါများ တွင်လည်း အောင်ပွဲခံဟန်ရေးပြသကဲ့သို့ ရှုံးသူကလည်း စိတ်မကြေ၍ ဟန်ရေးပြသော အလေ့လည်းရှိသည်။ လက်ဝှေ့ဟန်ရေးပြရာတွင် ယခင်က ကိုယ်ရည်သွေးဆိုင်းဆင့်လင်္ကာများ ရွတ်ဆို လေ့ရှိကြသော်လည်း ယနေ့ မြန်မာလက်ဝှေ့သမားများသည် ဆိုင်းဆင့်လင်္ကာရွတ်ဆိုခြင်း၊ လက် ဝှေ့ဟန်ရေးပြခြင်းတို့နည်းပါး နေလေပြီ။

မြန်မာလက်ဝှေ့ထိုးရာတွင် ဦးခေါင်းမှအစ ခြေဖျားအဆုံးကြိုက် သလိုသုံးနိုင်၏။ ဦးခေါင်းဖြင့် တစ်ဖက်သားပြေးဝင်လာခိုက် ဆောင့်၍ တိုက်ခြင်း၊ လက်နှစ်ဖက်ဖြင့်ချုပ်ကိုင်၍ တိုက်ခြင်းစသည်ဖြင့် ကြိုက်သလို ထိုးနိုင်သည်။ လက်နှစ်ဖက်ကိုမူ ဖမ်း၍ချုပ်ကိုင် ရာတွင်လည်းကောင်း၊ လက်သီးအဖြစ်ထိုးရာတွင်လည်းကောင်း အသုံးပြုသည်။ လက်သီးထိုးရာတွင် ဖြောင့်လက်သီး၊ ဝိုက်လက်သီး၊ ပန်းလက်သီး၊ ကျွတ်ခတ်၊ ဖြတ်လက်သီး၊ ပင့်လက်သီး၊ ပေါက်လက်သီး၊ အသွားအပြန်နှင့် နှစ်လုံးထိုး (စုံထိုး) စသည်ဖြင့် အဆင်သင့်သလို သုံးကြသည်။ တံတောင်ဖြင့်လည်း အတွက်၊ အထောက်၊ အထောင်း ကြိုက်သလို သုံးရပြန်၏။ ဒူးနှစ်ဖက်ကိုမူ တစ်ဖက် သားကို လက်နှစ်ဖက်ဖြင့် ချုပ်ကိုင်၍ တိုက်ခြင်း၊ ဗလာခုန်၍ တိုက်ခြင်းမျိုးတွင် အသုံးပြုသည်။ ခြေဖျားကိုကား တစ်ဖက်သားကို ဟန်ရေးပျက်အောင် ခတ်ခြေအဖြစ်လည်းကောင်း၊ တစ်ဖက်သားပြေးဝင်လာလျှင် တားခြေအဖြစ် လည်းကောင်း အသုံးပြု၏။ ဤသို့သော ခေါင်းမှအစ ခြေများအဆုံးကြိုက်သလိုသုံးနိုင်သည့် ထိုးလုံးကွက်၊ သတ်လုံး သတ်ကွက်များအပြင် မြန်မာ့သိုင်းပညာ၏ နည်း ပရိယာယ်တို့ကိုလည်းကောင်း၊ နပန်းသတ်နည်းပရိယာယ်တို့ကို လည်းကောင်း၊ ဂျွမ်းဘားဆန်သော အခုန်၊ အပျံ၊ အလွှားတို့ ကိုလည်းကောင်း အသုံးပြုကြသေးသည်။ မြန်မာလက်ဝှေ့သတ်ပွဲကို ဖျဉ်ဒိုင်နှစ်ဦးက ကွပ်ကဲအုပ်ချုပ်၍၊ ယင်းသည့် ဒိုင်နှစ်ဦးစလုံးသည် လက်ဝှေ့ကျွမ်းကျင်သည့် လက်ဝှေ့သမား ဟောင်းကြီးများသာ ဖြစ်သည်။ ထိုဒိုင်နှစ်ဦးက မိမိတို့အချင်းချင်း ဆွဲကိုင်ထားသော လက်များကို ဖြုတ်ချလိုက်လျှင် ပြိုင်ပွဲဝင်များပြေးဝင်ထိုးနိုင်သည်။ သို့သော် မြန်မာလက် ဝှေ့သမားတို့သည် ဤသို့သော အခွင်းအရေးမျိုးကို ယူလေ့မရှိဘဲ တစ်ဖက်သားအား စိန်ပလားဟေ့ ဟူသည့်အနေဖြင့် လက်ခမောင်းခတ်ကာ စိန်ပြီဆိုသော လက်ခမောင်းခတ်သံပြန်လာမှ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင် ကြ၏။ ထိုမျှသာမဟုတ်သေး တစ်ဦးနှင့်တစ်ဦး သွေးထွက်သံယို ဖြစ်သည် အထိ အကြိတ်အနယ် ယှဉ်ပြိုင်နေကြရာမှ တစ်ဖက်သားမှာ မလှုပ်သာ မယှက်သာအောင် ဖြစ်နေလျှင် ပြိုင်ဖက်ဖြစ်သူအား ကျောပုတ်လိုက်လျှင်ဖြစ်စေ၊ လက်ပြကာ တားလိုက်လျှင်ဖြစ်စေ၊ ဒိုင်လူကြီးက တားလျှင်ဖြစ်စေ ထိုး သတ်နေခြင်းကို ချက်ချင်းရပ် နား၍ စောင့်ရသည်။ တစ်ဖက်မှ အသင့်ဖြစ် မဖြစ်ကိုလည်း လက်ခမောင်းခတ်ကာ (စိန်ပလားဟေ့) မေးပြီးမှ ရင်ဆိုင်ထိုး သတ်လေ့ရှိသည်။ တစ်ဖက်မှအသင့်မရှိသေးခြင်း၊ မိမိကိုယ်မိမိ အကာ အကွယ်မယူနိုင်လောက်အောင် အခြေအနေဆိုးရွားနေခြင်းတို့ကို အခွင့် ကောင်းယူကာ ထိုးသတ်ခြင်းမပြုပေ။ ထိုအပြုအမူမှာ အားကစားစိတ်ဓာတ် ကို အပြည့်အဝပြသသည့် အပြုအမူမျိုးပင်ဖြစ်၏။ ထိုးသူနှစ်ဦး မကြာခဏ နပန်းသမားသတ်သကဲ့သို့ ထွေးလုံးရစ်ပတ်နေလျှင် ဒိုင်များက လူခွဲပေးရ သည်။

အချီကောက်ရာတွင် အချိန်နှင့် ကန့်သတ်ခြင်းမရှိ၊ လေးကြိမ် လေးလားတိတိ ယှဉ်ပြိုင်ခြင်းကို တစ်ချီဟုခေါ်ပြီးလျှင်၊ လေးချီမှာ တစ်ပွဲ ဖြစ်သည်။(အချို့ဒေသများ၌ သုံးချီသုံးလား ထိုးသတ်သည်။)လက်သီး၊ ဒူးခေါင်း၊ တံတောင်တို့၏ ဒဏ်ရာဒဏ်ချက်ဖြင့် သွေး ထွက်သံယို ဖြစ်လာသောအခါ အရှုံးအနိုင်ပေါ်လေသည်။ နှာခေါင်းမှ သွေးယိုစီးခြင်း၊ ပါးစပ်အတွင်းမှ သွေးများယိုစီးခြင်းတို့ကို အတွင်းကွဲခေါ်၍ မည်သည့်အကွဲတွင်မဆို သွေးကို သုံးကြိမ်သုံးခါ သုတ်သိမ်းနိုင်ခွင့်ရှိသည်။ သွေးရပ်သွားလျှင် ဆက်ထိုးနိုင်သည်။ သွေးမရပ်ဘဲ ငေါက်ငေါက်ထွက်နေလျှင် ကွဲရှုံးရှုံးရသည်။ အပြင်ကွဲဆိုသည်ကား ဒူးကွဲ၊ ခြေဖျားကွဲ၊ လက်သီးကွဲနှင့် လက်သည်းကွဲတို့ဖြစ်၏။ ထိုးသူက လက်သီး၊ ဒူးတို့ဖြင့် တစ်ဖက် သားကွဲအောင် ထိုးသတ်ရ၏။ လက်သည်းဖြင့် ကွဲအောင် မကုတ်ဖြတ်ရ။ ကုတ်ဖြတ်၍ကွဲသည့် အကွဲကို အရှုံးအနိုင်မပေးပေ။ လက်ဝှေ့သမားနှစ်ဦး ထိုးသတ်ရာတွင် တစ်ဦးသည် နဖူးသော် လည်းကောင်း၊ ဦးခေါင်းသော်လည်းကောင်း၊ မျက်ခုံးသော်လည်းေ ကာင်း၊ မေးရိုးသော်လည်းကောင်း ကွဲသွားခဲ့လျှင် ဖျဉ်ဒိုင်လုပ်သူက ကွဲသည့်ဒဏ်ရာ ကို သူ့လက်နှင့် မပွတ်၊ မကိုင်တွယ်ရ၊ ခုံသမာဓိ အကဲဖြတ်လူကြီးများက သာကိုင်တွယ်ဆုံးဖြတ်ပေးရလေသည်။ ခုံသမာဓိလူကြီးများက ထိုးသားနှစ်ဦး လက်တို့ဖြင့်ကုတ်ခြင်း၊ ကိုက်ခြင်း၊ ဆံပင်ဆွဲခြင်း၊ လည်ပင်းည|စ်ခြင်း၊ မအားပုတ်ခတ်ကန်ကျောက်ထိုးခြင်း မပြုရအောင် အထူးတားမြစ်ရသည်။ တားမြစ်၍ မနာခံသူကို ထိုက်သင့်သည့်အပြစ်ပေးရသည်။ ထိုးသတ်ရင်း တစ်ဦးဦးကြိုးတန်းအပြင်ဘက်သို့ လက်တစ်ဖက်၊ ခြေတစ်ဖက်ရောက်သွား လျှင် အခြားသူကလိုက်၍ ဆက်မထိုးရပေ။ ထိုးလျှင် ဒိုင်က ထိုက်သင့် သလိုအပြစ်ပေးခွင့်ရှိသည်။ ထို့ပြင် လဲကျနေသူအား ထိုးခြင်း၊ တိုက်ခြင်း၊ ကန်ခြင်းမပြုရပေ။ သို့သော် လဲကျနေသူကလည်း ကျောမြေထိ၊ ရင်မြေထိ၊ ဘေးမြေထိဖြင့် ထိခြင်းသုံးမျိုးနှင့်အညီ ပြားပြားဝပ်နေရပေသည်။ သွေးထွက်သံယိုမဖြစ်ဘဲ ပြိုင်ပွဲကို ဆက်လက် မထိုးသတ်နိုင်အောင် အနာတရဖြစ်ခဲ့လျှင်လည်း အရှုံးအနိုင်ရှိသည်။ အနိုင်အရှုံးကို လွှတ်ဒိုင်နှင့် ခုံသမာဓိလူကြီးများ ညှိနှိုင်း၍ဆုံးဖြတ်၏။ သို့သော် ယခုခေတ် မြန်မာလက်ဝှေ့တွင် ဆရာဝန်စောင့်ကြပ် ဆုံးဖြတ်ထားသောစနစ် ပေါ်ပေါက် နေလေပြီ။

မြန်မာလက်ဝှေ့တွင် ကွဲရှုံး၊ ကြောက်ရှုံး၊ သရေရှုံးနှင့် သက်လုံ ရှုံးခြင်း လေးမျိုးရှိသည်။ စည်းမျဉ်းဥပဒေအရ ကွဲရှုံးနှင့် သရေရှုံး တို့ကိုသာ အသိအမှတ်ပြုသည်။ ကြောက်ရှုံးနှင် သရေရှုံးတို့ကို အသိအမှတ်မပြု၊ အခကြေးငွေလည်းမပေးပေ။ ထို့ပြင် မြန်မာလက် ဝှေ့တွင် ကြားပွဲနှင့် အလံပွဲဟူ၍ရှိရာ ကြား ပွဲမှာ တစ်ဦးနှင့် တစ်ဦးစိန်ခေါ်၍ထိုးကြသောလေးချီတိတိ ယှဉ်ပြိုင်ရသည့်ပွဲ သာဖြစ်ပြီးလျှင် လေးချီစေ့၍ အရှုံးအနိုင်မရှိလျှင်သရေပွဲပင်ဖြစ်သည်။ အလံပွဲမှာမူ ရှုံးထွက်စနစ်ဖြင့် ထိုးသတ်ရသည့်ဗိုလ်လုပွဲဖြစ်သည်။ လေးချီစေ့လျှင် အရှုံးအနိုင်မပေါ်မချင်း ထိုးသတ်ကြရလေသည်။ ယင်းအလံ ပွဲကြီးများမှာ မြန်မာလက်ဝှေ့သမားတို့၏ ဇွဲသတ္တိနှင့်ကြံ့ခိုင်မှုကို စမ်းသပ် သော အစိတ်အပိုင်းဖြစ်ပြီးလျှင် တောနယ်ကြီးများတွင် ထိုးသတ်ကြရသော အလံပွဲကြီးများတွင် နေ့ခင်းမွန်းတည့်မှ အလံလုကြရ သည်မှာ နေလုံပျောက် သည်တိုင် အရှုံးအနိုင်မရှိသဖြင့် သရေဖြစ်ယူရသည်ဟု ဆိုလေသည်။ မြန်မာလက်ဝှေ့ကို ကမ္ဘာ့အားကစား စည်းကမ်းအရ ကြေးစားဟု ဆိုရမည်ဖြစ်သော်လည်း အခကြေးငွေများမှာ မပြောပလောက်ပေ။ စင်စစ်သော်ကား မြန်မာလက်ဝှေ့ သမားများသည် အခကြေးငွေမြတ်နိုး၍ ထိုးသတ် နေသူများမဟုတ်ပေ။ ယင်းတို့တွင် လယ်ယာကိုင်းကျွန်း၊ ခြံမြေပိုင်သူ အမြောက်အမြားပါရှိကြပြီးလျှင် အမျိုးသားစွမ်းရည်ကို မြတ်နိုးခုံမင်စွာ ထိန်း သိမ်းလိုသဖြင့် ထိုးသတ်နေကြသူများသာ ဖြစ်ပေသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသည့် ကမ္ဗောဒီးယား၊ လောနှင့် ထိုင်းလင်းနိုင်ငံတို့တွင် မြန်မာလက်ဝှေ့ ပုံသွင်းထိုးသတ်ကြသည့် လက်ဝှေ့ထိုးနည်းများရှိသည်။ သို့သော် အဆိုပါနိုင်ငံများ၌ လက်သီးတွင် လက်အိတ်များစွပ်၍ ထိုးသတ်ခြင်းကို တီထွင်ထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)