နဂါးရုံဂူဘုရား (ပုဂံ)

ဝီကီပီးဒီးယား မှ
နဂါးရုံဂူဘုရား

နဂါးရုံ လိုဏ်ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင်ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၃)၏ ခေတ်ဦးပိုင်း ကောင်းမှုကုသိုလ် ဖြစ်သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၎င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။ စေတီပုထိုးအမှတ်မှာ ၁၁၉၂/၅၃၀ ဖြစ်သည်။

နဂါးရုံဘုရား(ပုဂံ) စေတီပုထိုးအမှတ်မှာ ၁၁၉၂/၅၃၀

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓဝင်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။ နဂါးရုံဘုရား၏ အဝင်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓဝင်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တုများနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက် သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဘက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဉ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

နဂါးရုံဘုရားပုထိုးအတွင်းမှ နဂါးရုံထားသော မြတ်စွာဘုရား ဆင်းတုတော်

အတန်ငယ်ကျယ်ဝန်းသော တံတိုင်းအတွင်း၌ တည်ထားသည်။ အမိုးများသည် ဆင်ခြေလျှောဖြစ်၍ ယင်းအထက်၌ ပစ္စယာများ ဆင့်ထားသည်။ ပစ္စယာထောင့်များ၌ စေတီငယ်များ ရှိသည်။ အထက်ပစ္စယာအပေါ်တွင် ကွမ်းတောင်နှင့် အထွက်တင်ထားသည်။ ပုံစံမှာ အာနန္ဒာလိုဏ်ဂူဘုရားနှင့် အနည်းငယ်ဆင်သည်။
လိုဏ်ဂူတံတိုင်း လေးမျက်နှာတွင် မုခ်ဆောင်တစ်ခုစီရှိ၍ မုခ်ဆောင်အထက်၌ စေတီငယ်များပေါက်ထားသည်။ ထိုသို့ ဆောက်လုပ်ရာတွင် သစ်သား ထုတ်တန်းကြီးများ အောက်ကခံ၍ ဆောက်ထားသည်။ အချို့သော သစ်သားတန်းများသည် ကျန်စစ်သားမင်းလက်တက်က သစ်သားများဟူ၍ ယူဆရပေသည်။ တစ်ဖန် မုခ်အဝင် ဝဲယာတို့၌ ချိုင့်ဝင်သော အခန်းများ ပါရှိရာ ထိုနေရာများသည် ရှေးက ဒွါရပါလနတ်ရုပ်များ ရှိခဲ့ဟန်တူသည်။ ယခုမူ မတွေ့ရတော့ချေ။ မုခ်ဆောင်အတွင်း အင်္ဂတေတို့တွင် ရှေးက ဆေးရေးပန်းချီလက်ရာ အကြွင်းအကျန်များ မှေးမှိန်လျက်ရှိသည်ကို တွေ့နိုင်လေသည်။

နဂါရုံဘုရားကို မြောက်ဘက်မုခ်မှ ဝင်နိုင်သည်။ ဂူဘုရား၏ ဘေးတိုက်မြင်ရပုံသည် အချိုးအစား အလွန်ပြေပြစ်ကျနသည်။ ပြတင်းပေါက်၊ မုခ်တံကဲ၊ အမိုးစွန်း၊ စိန်တောင် အင်္ဂတေပန်းတို့နှင့် စဉ့်စိမ်သုတ်အုတ်ချပ်များကို ဂူဘုရားအခြေရင်ပြင်၌လည်း ခင်းထားရာ အချို့ကို မြင်နိုင်လေသည်။

ဂူအတွင်းသို့ မြောက်ဘက်မုခ်ပေါက်မှ ဝင်ရသည်။ ဝင်ပေါက်ကြီးအပေါ်၌ သစ်သားတန်းကြီးရှိ၍ ပုဂံခေတ် ပန်းပုလက်ရာများကို ထူးခြားစွာ တွေ့နိုင်သည်။ ဂူအတွင်း၌ အာရုံခံဆောင်နှင့် ဘုရားခန်းရှိသည်။ အတွင်းဝင်ပေါက် ဝဲယာတွင် ပုဂံခေတ် ဒွါရပါလတံခါးစောင့်နတ်ရုပ်နှစ်ခု ရှိသည်။ ယခုအခါ အနည်းငယ် ပျက်စီးနေလေပြီ။ ဘုရားခန်းတွင် နဂါးရုံ အဘယမုဒြာ အနေအထားဖြင့် ဗုဒ္ဓမတ်ရပ်ရုပ်ပွားဆင်းတုတော်ကြီး ရှိသည်။ ဘေးဝဲယာတွင်လည်း မတ်ရပ်ဓမ္မစကြာမုဒြာအနေအထားဖြင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှစ်ဆူကို တွေ့နိုင်လေသည်။ အာရုံခံခန်းမနှင့် ဘုရားခန်းတို့ အထက်ရှိ သစ်သားထုတ်တန်းကြီးတွင်လည်း ပုဂံခေတ် ပန်းပုလက်ရာများ တွေ့ရသည်။ ဘုရားခန်းရှိ ရှေးပုဂံခေတ် ဆေးရေးပန်းချီတို့သည်ကား အတော်ပျက်စီးလျက်ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ