ရှီဟွမ်တီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှီဟွမ်တီ (ဘီစီ ၂၅၉-၂၁၀)
ရှီဟွမ်တီ၏ အုပ်ဂူအား ပြန်လည်တူးဖော်နေစဉ်
ရှီဟွမ်တီ၏ အုပ်ဂူ (ရှီးအန်းပြတိုက်)

ရှီဟွမ်တီ (Shih Huang Ti) (ဘီစီ ၂၅၉-၂၁၀) သည် တရုတ်နိုင်ငံအား ဘီစီ ၂၃၈ မှ ၂၁၀ ထိနှစ်များအတွင်း ပဒေသရာဇ် နိုင်ငံငယ်လေးများအဖြစ် အစုစုကွဲပြားနေသော တရုတ်နိုင်ငံကို တိုက်ခိုက်ပြီး စုစည်းအုပ်ချုပ်ခဲ့သည့် ပထမဆုံး ဧကရာဇ်ဖြစ်သည်။ ၄င်း၏တိုက်ခိုက် သိမ်းသွင်းမှုတို့ကြောင့် တရုတ်နိုင်ငံမှာ တစ်စုတစ်စည်းတည်း ဖြစ်လာပြီး ယနေ့ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အစပြုနိုင်သည်ဟု ဆိုလျှင်မမှားပေ။

ရှီဟွမ်တီကို ဘီစီ၂၅၉တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်(Chin)ပဒေသရာဇ်နိုင်ငံတွင် ဖွားမြင်သည်။ ဖခင်မှာ ဘုရင်ဖြစ်သည်ဆိုသော်လည်း သမိုင်းများတွင် ဝန်ကြီးချုပ်ဖြစ်သည့် လွီပုဝေ သာဖြစ်သည်ဟုဆိုသည်။ တရုတ်ရှေးခေတ်ဟောင်း ကျိုမင်းဆက် နောက်ပိုင်းကာလများတွင် တရုတ်ဗဟိုအာဏာမှာ မှေးမှိန်ပျောက်ကွယ်ပြီး တစ်နယ်တစ်မင်းဖြစ်နေကြသည့် ပဒေသရာဇ်များကသာ ကြီးစိုးနေသည်။ အင်အားကြီး ပဒေသရာဇ်နိုင်ငံ ၆ နိုင်ငံရှိပြီး ချင်မှာ အနောက်ဖက်အကျဆုံး၊ နယ်မြေအကျယ်ဆုံး အနေအထားတွင်ရှိသည်။ ရှီဟွမ်တီ မမွေးမှီကပင် အဘေး၊ အဘိုး၊ အဖေ တို့က အဓိကကျသည့် အနီးဝန်းကျင်မှ ပဒေသရာဇ်များကို အနိုင်ယူကာ ဩဇာကြီးပြီးဖြစ်သဖြင့် ရှီဟွမ်တီအတွက် နယ်ပယ်များအားလုံးသိမ်းသွင်းပြီး ဧကရာဇ်ဘွဲ့ခံရန် အသင့်ပင်ဖြစ်နေပေပြီဟုဆိုနိုင်သည်။ ထို့အပြင် ပဒေသရာဇ်များ အချင်းချင်းလည်း တိုက်ခိုက်နေကြသဖြင့် စစ်ပန်းနေချိန်လည်းဖြစ်သည်။ ဖခင်ဘုရင်နတ်ရွာစံသဖြင့် ဘီစီ၂၃၈တွင် အသက် ၁၃နှစ်အရွယ် ရှီဟွမ်တီမှာ ဝန်ကြီးချုပ် လွီပုဝေ နှင့် မိခင်မိဖုရားကြီးတို့၏ ရင်ခွင်ပိုက်ဘုရင်အဖြစ် နန်းတက်သည်။သို့သော် အလျှင်အမြန်ပင် လက်ရုံးများရလာပြီး အထက်ပုဂ္ဂိုလ် နှစ်ဦးကိုခပ်သွက်သွက်ဖယ်ရှားကာ အာဏာကိုလက်ကိုင်ရလာတော့သည်။နောက် ဝန်ကြီးချုပ်ဖြစ်လာသည့် လီဇု (Li Siu) မှာ ဥပဒေ၊ အုပ်ချုပ်ရေး၊ စီမံကိန်း အစရှိသည့် ဘာသာရပ်များတွင် ဆရာတစ်ဆူဖြစ်ပြီး ရှီဟွမ်တီကို ကျိုးနွံစွာ ပံ့ပိုးပေးနိုင်သူဖြစ်သည်။ ပညာရှိများ၊ စစ်သူကြီးများကို မှန်ကန်စွာ နေရာပေးခြင်းကြောင့် ချင်အင်အားမှာ အစစတိုးတက်သာလွန်လာခဲ့ပြီး နယ်ပယ်များကို တိုက်ခိုက်တော့သည်။ ဘီစီ ၂၂၁ တွင် တရုတ်တစ်နိုင်ငံလုံး ၎င်း၏လက်အောက်သို့ ကျရောက်ခဲ့သဖြင့် ပဒေသရာဇ်ဘွဲ့ ဝမ် မှ ဧကရာဇ်ဘွဲ့ဖြစ်သည့် ဟွမ်တီ သို့ပြောင်းလဲခံယူသည်။ ရှီမှာ ပထမဆုံး (Premier) ဟု အဓိပ္ပါယ်ရသဖြင့် ဘွဲ့အမည်မှာ ပထမဆုံးဧကရာဇ် (Permire Emperor) ဖြစ်သည်။

ဧကရာဇ်ဖြစ်လျှင် ယခင် ကျိုမင်းဆက်လက်ထက်ကဲ့သို့ ပဒေသရာဇ်တို့ တဖန်အင်အားကောင်းလာမည်ကို မလိုလားသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သည်။ နယ်စား၊ ဘုရင်ခံတို့ ကို တစ်နယ်တည်း အတည်တကျမထားပဲ အလှည့်ကျရွှေ့ပြောင်းစေသည်။ ၄င်းတို့၏ မိသားစုများကိုလည်း နေပြည်တော်တွင် ချန်ရစ်စေသည်။ လမ်း၊ တံတား အစရှိသည့် ဆက်သွယ်ရေးစနစ်များ ကိုတိုးတက်ကောင်းမွန်အောင် ပြုပြင်သည်။ အလေး၊ တင်းတောင်း၊ အချိန်အတွယ်၊ အတိုင်းအတာတို့ကို တစ်ပြေးညီ သတ်မှတ်ပေးသည်။ ဘီစီ ၃၁၂ တွင် ကွန်ဖြူးရှပ် ကျမ်းစာများ အပါအဝင် တရုတ်အမျိုးသားရေးဆိုင်ရာ ကျမ်း၊စာပေ အစရှိသည်တို့ကို မီးရှို့ဖျက်စီးစေသဖြင့် လူအများကြောက်ရွှံထိပ်လန့်ရသည်။ သို့သော် ကျမ်းတစ်စောင်စီကိုမူ နန်းတွင်းမော်ကွန်းတိုက်သို့ပို့ကာ သိမ်းဆည်းစေခဲ့သည်။ နောက် ကွန်ဖြူးရှပ်ကျမ်းဆောင်ပုဂ္ဂိုလ်များက နှုတ်ဖြင့်ဆက်လက်ပြန့်ပွားအောင် လုပ်သည်ဟု စွပ်စွဲကာ အရှင်လတ်လတ် မြေမြုပ်သတ်စေသည်။

ယနေ့တရုတ်နိုင်ငံမျှ မကြီးမားသည့် တရုတ်ပြည်နယ်နိမိတ်ကို အဘက်ဘက်သို့ချဲ့ထွင်ရန်ကြိုးပမ်းခဲ့သည်။ တောင်ဖက်တွင် ဆက်တိုက်သိမ်းသွင်းပြီး အရယူထားသော်လည်း၊ အနောက်ဖက်နှင့် မြောက်ဖက်တွင်မူ အနိုင်တိုက်ခဲ့သော်လည်း ခြေကုတ်မယူနိုင်ခဲ့ပေ။ ထို့ပြင် ထိုအနောက်ဖက်နှင့်မြောက်ဖက် တစ်လွှားမှ ရန်သူ (လူမျိုးစုအများအပြား)၏ ရန်မှကာကွယ်ရန် မဟာတံတိုင်းကြီး ဂရိတ်ဝေါလ် (Great -Wall) ကိုတည်ဆောက်ခဲ့သည်။ ပြည်တွင်းစစ်ဒဏ်ကြောင့် လူတို့ဆင်းရဲတွင်းနက်ပြီးသည်မှ မကြာသေးချိန်တွင် ထိုကဲ့သို့ကြီးမားလှသည့် စီမံကိန်းကြီးကို လူအင်အားသုံး ဖော်ဆောင်ခြင်းမှာ ယနေ့ခေတ်အမြင်တွင်မှမဟုတ် ရှေးလူတို့အတွက် အလွန်မှ ရက်စက်လှသည်ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်တွင် ပုန်ကန်ထကြွမှုများကို နည်းများမဆို ရင်ဆိုင်ရတော့သည်။ ၄င်းသက်ရှိထင်ရှားရှိစဉ်တွင် ကောင်းစွာနှိမ်နှင်းနိုင်သဖြင့် မစိုးရိမ်ရသော်လည်း ၄င်းနတ်ရွာစံသည့် ဘီစီ ၂၁၀ နောက် ဒုတိယသား အဲ့ရှီဟွမ်တီ(Second of Premier Emperor) ဘွဲ့ဖြင့်နန်းတက်လာပြီးနောက်တွင် ကောင်းစွာ အုပ်ချုပ်နိုင်ခြင်းမရှိ၊ ပုန်ကန်ထကြွမှုများကိုလည်း ဖခင်ကဲ့သို့ ကောင်းစွာမနှိမ်နှင်းနိုင်သဖြင့် ၄နှစ်အတွင်း သတ်ဖြတ်ခံရကာ ချင်မင်းဆက်လည်း အချိန်တိုအတွင်း ပျက်သုဉ်းရသည်။ ရှီဟွမ်တီ၏ ကြီးကျယ်ခန်းနားသည့် အုပ်ဂူကြီးမှာလည်း ဖျက်ဆီးခြင်းခံရသည်။

ရှီဟွမ်တီကို နှောင်းခေတ်လူတို့က ကွန်ဖြူးရှပ်စ်ဝါဒအား နှိပ်ကွပ်သည်ကိုအကြောင်းပြုပြီး မုန်းတီးစိတ်အခံကြောင့် မျိုးမစစ်၊ လင်ကောင်မပေါ်ပဲမွေးသည့်သား အစရှိသဖြင့် ပြောဆိုရှုံ့ချကြသကဲ့သို့၊ ကွန်မြူနစ်တို့က တိုးတက်သောအမြင်ရှိသူဟု ဆိုကာ ချီးမြှောက်ကြသည်လည်းရှိသည်။ ရှီဟွမ်တီ ထူထောင်သည့် တရုတ်အင်ပါယာ မှာ ဩဂတ်စတက်ဆီဇာ (Augustus Ceasar) ထူထောင်သည့် ရောမအင်ပါယာ (Roman Empier) နှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း၊ လူဦးရေ မကွာလှပေ။ သို့သော် ရောမအင်ပါယာက ပြိုကွဲပြီး တရုတ်အင်ပါယာမှာ တရုတ်နိုင်ငံအဖြစ်နှင့် သမိုင်းတလျှောက်ရပ်တည်နေနိုင်သည်မှာ ရှီဟွမ်တီ၏ အစွမ်းကြောင့် ဟုဆိုနိုင်သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]