ကွန်ဖြူးရှပ်

ဝီကီပီးဒီးယား မှ
ကွန်ဖြူးရှပ်(ဘီစီ ၅⁠၅၁-၄၇၉)

တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (孔夫子 သို့ 孔子၊ Confucius) (ဘီစီ ၅⁠၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ရှန်တုန်ပြည်နယ် (山東 Shandong) ရှိ လူ (魯 Lu) နိုင်ငံငယ်လေးတွင် ဘီစီ-၅⁠၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက် လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက် အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။

နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လူအစိုးရက ရာထူးကြီးပေးကာ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင် နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ (အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။

ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ (Koung Fu Zi) ဟု အနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်၀သူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပာယ်ရသည်။

ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေး အသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြ ဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြသည်။

ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များ⁠များစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံ မင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲတွင် ဖြေဆိုရန် ပြဋ္ဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄ အုပ်၊ ၅ ကျမ်း (四書五經) ခေါ်သည့် (စာအုပ်အားဖြင့် ၄ အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊ လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။

သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂⁠၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန် (漢 Han) မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။

နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်း (毛澤東) ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး (文化大革命)ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။ အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊ ၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။[၁]

ကွန်ဖူးဇီး[ပြင်ဆင်ရန်]

တရုတ်ပညာရှိသုခမိန်ကြီး ကွန်ဖူးဇီးသည် ယခုရှန်တွန် ကျွန်းဆွယ်တွင် အပါအဝင်ဖြစ်သော လူးနယ်၌ ခရစ်မပေါ်မီ ဖြစ်သော ဘီစီ ၅⁠၅ဝ ခုနှစ်တွင် ဖွားမြင်၍၊ သူ၏ဖခင်မှာ ခရိုင် တစ်ခုကို အုပ်ချုပ်သော လူကြီးဖြစ်၏။ ကွန်ဖူးစီး၏ မျိုးရိုး အမည်မှာ ကွန်ဖြစ်၍ ဖူးဇီးကား ပညာရှိကြီး၊ သို့မဟုတ် ဆရာ ကြီးဟု အနက်ရ၏။ (ဆရာကြီးကွန် အဓိပ္ပာယ်ရသော သူ၏ အမည်ကို၊ လက်တင်စာဖြင့် ရေးရာတွင် ကွန်ဖြူးရှပ်ဟု ဖြစ်လာသည်။)

ကွန် ၃ နှစ်သားအရွယ်တွင် သူ၏ဖခင်ကွယ်လွန်၍၊ ကျန်ရစ်သူတို့မှာ နေရေးထိုင်ရေး ကျပ်တည်းခဲ့၏။ ကွန်သည် ၅ နှစ်သားခန့်ကပင် အခြားသောကလေးများနှင့် မတူဘဲ ဉာဏ်ပညာ ထက်မြက်သူဖြစ်ခဲ့သည်။ ၁၉ နှစ်သားအရွယ်တွင် အိမ်ထောင်ပြုရာ သား ၁ ယောက် သမီး ၂ ယောက် ထွန်းကားခဲ့လေသည်။

အသက် ၂၂ နှစ်အရွယ်တွင် ပညာအမြော်အမြင်နှင့် ပြည့်စုံ သောကွန်သည် ကျောင်းတစ်ကျောင်း တည်ထောင်၍ လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများကို သင်ကြား လေသည်။ သူ၏တပည့် များထံမှ နည်းများမဟူ ဉာဏ်ပူဇော်ခများကို လက်ခံ၍ သင်ကြားပေးသော်လည်း စိတ်ပါဝင်စားခြင်းမရှိသည့် တပည့်များကိုကား လက်မခံချေ။ သူ၏တပည့်များတွင် လူးနယ်မှ ထိပ်သီးလူကုံထံများ ပါဝင် လေသည်။

အသက် ၃၄ နှစ်အရွယ်တွင် ဆရာကြီး ကွန်သည် နန်းစိုက်ရာမြို့တော်သို့ သွားရောက်ပြီးလျှင် ရှေးဟောင်း စာပေ ပိဋကတ်နှင့် သုခုမပညာရပ်များကို ရှာဖွေဆည်းပူးပြန်သည်။ အပြန်တွင် တိုင်းပြည်ဆူပူ၍ အုပ်ချုပ်သူမြို့စားလည်း ဆီနယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်နှင့် ကြုံလေသည်။ မိမိတို့အပေါ် တွင် အုပ်ချုပ်သူကို တိုက်ခိုက်နှင်ထုတ်သူများအား ကွန်ဖူးဇီး သည် မတွေ့လိုသဖြင့် နေရပ်သို့မပြန်တော့ဘဲ၊ မြို့စားပြေးရာ သို့ လိုက်သွားခဲ့၏။ သူ၏တပည့်များစွာလည်း သူနှင့်အတူ လိုက်ပါသွားကြသည်။

လမ်းခရီးတွင် မိန်းမတစ်ယောက်သည် သင်းချိုင်းရာ တစ်ခု၏အနီး၌ ငိုကြွေးလျက်ရှိသည်ကို တွေ့ရ၍ ပညာရှိကြီးက ရပ်တန့်ပြီးလျှင် အကျိုးအကြောင်းကို မေးမြန်း၏။ ငိုကြွေး လျက် ရှိသော မိန်းမက 'ဤနေရာ၌ ကျွန်မ၏ ယောက္ခမ သည်လည်းကောင်း၊ လင်သည်လည်းကောင်း၊ သားငယ်သည်လည်းကောင်း၊ ကျားရဲဘေးဖြင့် သေဆုံးသွားသောကြောင့် ငိုကြွေးနေပါသည်'ဟု ပြန်ပြောသော အခါ၊ ပညာရှိကြီးက 'သို့ဖြစ်လျှင် ချစ်သမီး အဘယ်ကြောင့် ဤမျှ ကျားရဲရှိသောအရပ်ကို မခွာသနည်း'ဟု မေး၏။ မယ် ဒုက္ခလည်း 'အရှင်၊ ကျွန်မသည် ဤနေရာ၌ နှိပ်စက်သော အစိုးရမရှိသောကြောင့် နေပါသည်'ဟု ဖြေလေသည်။ ထိုအခါ ပညာရှိကြီးသည် သူ၏တပည့်များ အား 'ချစ်သားတို့၊ ဆင်ခြင် ကြလော့၊ နှိပ်စက်သော အစိုးရသည် ကျားထက်ဆိုး၍ ကျား ထက်ပင် ပိုမို ကြောက်လန့်ကြကုန်သည်'ဟု ဩဝါဒစကား မိန့်ကြားခဲ့ဘူး၏။

ထို့နောက်မကြာမီ ကွန်ဖူးဇီးလည်း ဇာတိဖြစ်သော လူးနယ်သို့ ပြန်လာပြီးနောက်၊ ၁၅ နှစ်ခန့် စာပေ လေ့လာ လိုက်စားယင်း သူ၏တပည့်များကို ဆုံးမဩဝါဒပေးခဲ့၏။ အသက် ၅၂ နှစ်အရွယ်တွင် ချွန်တူးမြို့တွင် တရားသူကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ သို့သော် များမကြာမီ ယခင်က ထွက်ပြေးရသော မြို့စား၏ ညီဖြစ်သူ မြို့စားက ပြန်ခေါ်၍ ကြီးမြင့်သော ရာထူးတစ်ခုတွင် ခန့်ထားလေသည်။ ထို့နောက် ကွန်ဖူးဇီးအား ရာဇဝတ်ဌာနဆိုင်ရာ ဝန်ကြီးအဖြစ်ခန့်ထားသော အခါ သူ၏စီမံအုပ်ချုပ်ပုံ ကောင်းမွန်လှသောကြောင့် ရာဇဝတ် မှုခင်းများ ဖြစ်ပွားခြင်းမရှိဘဲ လိမ်လည်မှု၊ ဆိုးသွမ်းမိုက်မဲမှုများ လည်း ပပျောက်လေသည်။

ယင်းသို့ စွမ်းဆောင်နိုင်မှုကြောင့် ကွန်ဖူးဇီးသည် လူအများ ၏ ကြည်ညိုလေးစားခြင်း ခံယူရသည်နှင့်အမျှ၊ အိမ်နီးချင်းဖြစ် သော နယ်များမှ မြို့စားများကမူ ကွန်ဖူးဇီးသည် တစ်နေ့နေ့ တွင် သူတို့၏လူများအပေါ်ဝယ် ဩဇာလွှမ်းမိုးလာမည်ဟု စိုးရိမ်ကြသည်။ လူးနယ်နှင့် အလွန်နီးကပ်သည့် နယ်တစ်နယ်မှ မြို့စားသည် အခြားမြို့စားများထက် ပိုမိုစိုးရိမ်သဖြင့် အတီး အမှုတ် အကအခန်းတွင် ကျွမ်းကျင်သော မိန်းမချောကလေးများ ကို လူးနယ်အုပ်ချုပ်သူ မြို့စားထံသို့ စေလွှတ်၍ မြို့စားကို ကွန်ဖူးဇီးအား ပစ်ပယ်စေရန် ဖြားယောင်းစေသည်။ ထိုသူ၏ အကြံအစည် ထမြောက်အောင်မြင်သောကြောင့် ကွန်ဖူးဇီးလည်း လူးနယ်မှ ထွက်ခွာသွားရ ရှာလေသည်။

ထို့နောက် မြို့စားလည်း မေ့လျော့နေသဖြင့် ကွန်ဖူးဇီးအား ပြန်မခေါ်တော့ချေ။ ဆရာကြီးလည်း ၁၃ နှစ်မျှ ကာလပတ်လုံး တရုတ်နိုင်ငံ အနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ပြီးမှ လူးနယ် သို့ ပြန်လာခဲ့လေသည်။ သို့ရာတွင် မည်သည့်ရာထူးကိုမျှ လက်မခံတော့ချေ။

ဆရာကြီးကွန်ဖူးဇီး၏ တပည့်ပေါင်း ၃ဝ⁠ဝဝ ကျော်ရှိသည့် အနက် ၇ဝ၊ ၈ဝ ခန့်မှာ သူ၏တပည့်ရင်း စာတတ်ပုဂ္ဂိုလ်ကြီး များ ဖြစ်ကြ၍ ထူးချွန်သူများ ဖြစ်လေသည်။ ထိုတပည့်ရင်း များသည် သူအနီး၌ နေ့ညမပြတ် ရိုသေစွာဆည်းကပ်လျက် ဆရာကြီးပြုမူပြောဆို သွန်သင်သမျှကို တစ်စမကျန် နာယူ မှတ်သားကြလေသည်။ ထိုပုဂ္ဂိုလ်များမှတစ်ဆင့် ပညာရှိကြီး၏ အကြောင်းကို ကျွန်ုပ်တို့ သိကြရပေသည်။

ကွန်ဖူးဇီး၏ ဩဝါဒများမှာ လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးဖြစ်၍ သာသနာရေးဆိုင်ရာ ဟောပြောချက်များ မဟုတ်ပေ။ အသက်ရှင်နေစဉ်တွင် မည်သို့နေထိုင်ပြုမူမှ ကောင်းသောနေခြင်း ဖြစ်မည်ကို ဆောင်ပုဒ်ကလေးများဖြင့် သွန်သင်ခဲ့၏။ သူ၏ဩဝါဒများစွာတို့တွင် 'သင့်အား သူတစ်ပါးက ပြုမူလျှင် သင်နှစ်သက်မည်မဟုတ်သည့် အပြု အမူမျိုးကို တစ်ပါးသူတို့အား မည်သည့်အခါမျှ မပြုမူလေနှင့် ဟူသော စကားမှာ ဆရာကြီး၏ လက်သုံးစကားတစ်ရပ် ဖြစ်လေသည်။

သူမကွယ်လွန်မီ သူ၏သားနှင့် တပည့်ရင်းပညာတတ် ပုဂ္ဂိုလ် ၂ ဦး ကွယ်လွန်ခဲ့လေရာ၊ ဆရာကြီးမှာ များစွာ နှမြော တသမိလေသည်။ အသက် ၇၃ နှစ်အရွယ်သို့ ရောက်၍ သူ ကွယ်လွန်ရမည်ကို သိသောအခါ တစ်ခုသောနံနက်စောစောတွင် လမ်းလျှောက်ယင်း 'တောင်ကြီးသည် ပြိုရမည်။ သံတိုင်သည် လည်း ကျိုးရမည်။ ပညာရှိသည်လည်း သစ်ပင်များကဲ့သို့ ညှိုးနွမ်းပျက်စီးရချေမည်တကား။'ဟု သံဝေဂစကား ကျူးရင့် သည်ကို သူ၏တပည့်ရင်းတစ်ယောက်က မှတ်သားထားခဲ့ လေသည်။

ကွန်ဖူးဇီးသည် ဘီစီ ၄၇၈ ခုတွင် ကွယ်လွန်အနိစ္စ ရောက် လေသည်။ သူ၏ရုပ်အလောင်းကို ချူးဖူးမြို့တွင် ကောင်းစွာ မြှုပ်နှံသင်္ဂြိုဟ်ကြလေသည်။ သူသည် သာမန်လူသား တရား ဟော ဆရာကြီးမျှသာ ဖြစ်သော်လည်း ပညာဗဟုသုတ ပြည့်ဝ လှသော သူတော်ကောင်းပညာရှိကြီးတစ်ဦး ဖြစ်သောကြောင့် သန်းပေါင်းများစွာသော အရှေ့တိုင်းရင်းသားတို့က ဘုရား တစ်ဆူ ဂူတစ်လုံးအမှတ်ပြု၍ ဆည်းကပ်ကိုးကွယ်ကြသည်။ တရုတ်လူမျိုးများသည် နှစ်စဉ် ချူးဖူးမြို့ရှိ သူ၏သင်းချိုင်းဂူသို့ သွားရောက်၍ အရိုအသေပြုကြသည်။ အသက်ရှင်စဉ်ကထက် ကွယ်လွန်သောအခါမှ၊ ကွန်ဖူးဇီး၏ ဩဝါဒများကို လိုက်နာ ကျင့်သုံးသူ ဦးရေ များပြားလာသည်။ ယခုအခါ တရုတ်နိုင်ငံရှိ မြို့ကြီးတိုင်းတွင် ကွန်ဖူးဇီးအား ရည်စူး၍ ဆောက်လုပ်ထား သော ဘုရားကျောင်း အနည်းဆုံးတစ်ဆောင်စီ ရှိလေသည်။ [၂]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)