ရှင်တစ်ထောင်အခါတော်နေ့

ဝီကီပီးဒီးယား မှ

ရှင်တစ်ထောင်အခါတော်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော နေ့တစ်နေ့ဖြစ်ပြီး ပြာသိုလပြည့်နေ့တွင် ကျရောက်သည်။ ဂေါတမမြတ်စွာဘုရားတွင် ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် အယူဝါဒကို စွန့်လွှတ်ပြီး ဗုဒ္ဓသာသနာတော်သို့ ကူးပြောင်းရောက်ရှိသည့် ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့အဖြစ် ကျင်းပကြသည်။[၁][၂][၃]

ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် ကြွရောက်ကာ ပြာသိုလပြည့်နေ့အထိ ၂လကြာ သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့သည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြံကာ ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ယူထားကြသည်။

မြတ်စွာဘုရားက မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းခြင်း၊ ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်းစသည့် တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့ရာ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြပြီး ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။[၁][၂]

ယင်းနောက် ပြာသိုလပြည့်နေ့တွင် မြတ်စွာဘုရားက ဂယာသီသကျောက်ဖျာပြင်၌ "အာဒိတ္တပရိယာယသုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က "ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြသည်။[၁][၂] ရှင်တစ်ထောင်ကျွတ်ပွဲကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်အား ဆီမီး တစ်ထောင်၊ ပန်းတစ်ထောင်၊ ရေတော်တစ်ထောင်၊ ဆွမ်းတစ်ထောင်၊ သစ်သီးတစ်ထောင်စသည်တို့ဖြင့် ပူဇော်ကာ ကုသိုလ်ယူကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ | Myawady Webportal။ ၂၈ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ၂.၀ ၂.၁ ၂.၂ ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း မှတ်သားဖွယ်ရာ (6 ဇန်နဝါရီ 2015)။ ၂၈ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ လပြာသို အလှခွာညိုနှင့် အမှတ်တရများ (in my)။ 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2021 တွင် ပြန်စစ်ပြီး။