ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လာဘ်ကောင်

ဝီကီပီးဒီးယား မှ
လာဘ်​ကောင်

ရန်ကုန်တိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ နိုင်ငံတကာ ခရီးသွားပြပွဲ၊ ပြိုင်ပွဲများတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင်ကို ပစ်တိုင်းထောင်အဖြစ် တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ရွေးချယ်ထားခဲ့သည်။ ထို့​နောက် ပစ်တိုင်း​​ထောင်ရုပ်ကိုအ​ခြေခံ၍ ဒီဇိုင်းပြိုင်ပွဲကို ဝင်​ရောက်ယှဉ်ပြိုင်ရန် ဖိတ်​ခေါ်ခဲ့သည်။[၁]

ပြိုင်ပွဲ[ပြင်ဆင်ရန်]

ပြိုင်ပွဲအစီအစဉ်များ[ပြင်ဆင်ရန်]

ပြိုင်ပွဲအစီအစဉ်​ကြေညာခြင်း ၃ ရက် ဒီဇင်ဘာလ ၂၀၁၈
သတင်းစာ ရှင်းလင်းပွဲ ၇ ရက် ဒီဇင်ဘာလ ၂၀၁၈၊​ ညနေ ၃ နာရီ
ပြိုင်ပွဲဝင် ပုံစံ နောက်ဆုံး လက်ခံသည့် အချိန် ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၈၊ ညနေ ၄ နာရီ
လက်ခံရရှိသည့် ပြိုင်ပွဲဝင် ပုံစံများကို ထုတ်ဖော်ပြသခြင်း ၂၆ ရက် ဒီဇင်ဘာလ ၂၀၁၈
အများပြည်သူ ဆန္ဒမဲ လက်ခံရယူခြင်း ၂၆ ရက် ဒီဇင်ဘာ ၂၀၁၈၊​ နံနက် ၉ နာရီ မှ၃၁ ရက် ဒီဇင်ဘာ ၂၀၁၈၊ ညနေ ၁၁ နာရီ ၅၉ မိနစ်
အနိုင်ရသည့် ပြိုင်ပွဲဝင် ပုံစံကို ကြေညာခြင်း ၁၁ ရက် ဇန်နဝါရီ ၂၀၁၉
ဆုချီးမြှင့်ခြင်းနှင့် မူပိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်း -

စည်းကမ်းများ[ပြင်ဆင်ရန်]

  • (၁) လူပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်စေ၊ အစုအဖွဲ့ နှင့်ဖြစ်စေ ယှဉ်ပြိုင်နိုင်သည်။
  • (၂) တစ်ဦး သို့မဟုတ် တစ်ဖွဲ့လျှင် ပြိုင်ပွဲဝင် ပုံစံ တစ်ခုသာ တင်ပြယှဉ်ပြိုင်ရမည်။ တစ်ကြိမ်ထက် ပို၍ တင်ပြပါက၊ ပထမဆုံး တင်ပြသည့်ပုံစံကိုသာ အတည်ယူမည်။
  • (၃) ပစ်တိုင်းထောင်အရုပ်ကို အခြေခံသည့် ပုံစံဖြစ်ရမည်။
  • (၄) ပစ်တိုင်းထောင်ရုပ်သည် အဖို၊ အမ တစ်စုံပါဝင်သော ပုံစံဖြစ်ပြီး၊ အသက်အရွယ် မရွေး ကိုယ်စားပြုသော ပုံစံဖြစ်ရမည်။
  • (၅) ရန်ကုန်တိုင်းဒေသကြီး၏ ကိုယ်စားပြုအရောင် RGB(136,34,102) #882266 ကို ပင်မ အရောင်အဖြစ် အသုံးပြုရမည်။
  • (၆) ပုံစံတွင် စကားလုံး၊ အထိမ်းအမှတ် သင်္ကေတနှင့် အရောင်များကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး၊ အသုံးပြုသည့် စကားလုံး၊ အထိမ်းအမှတ် သင်္ကေတနှင့် အရောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို A4 စာတစ်မျက်နှာထက် မကျော်ဘဲ Myanmar3/Pyidaungsu font Size 13 ဖြင့် ရှင်းလင်းတင်ပြရမည်။
  • (၇) ပုံစံကို (က) အဖြူနောက်ခံ ရောင်စုံပုံ ၊ အဖြူအမဲ (ခ) နောက်ခံအဖြူ ပုံအမဲ၊ (ဂ) နောက်ခံအမဲ ပုံအဖြူ ဖြင့် ပုံ (၃)မျိုး တင်ပြရမည်။
  • (၈) ရွေးချယ်ခံရသော ပုံစံ၏ မူပိုင်ခွင့်နှင့် Design Source ဖိုင်များကို ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြိုက်နှစ်သက်ရာ နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။
  • (၉) ရွေးချယ်ခံရသော ပြိုင်ပွဲဝင်ပုံစံအတွက် ပြိုင်ပွဲဝင်သူကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုကြေးအဖြစ် ငွေသိန်းနှစ်ဆယ်ကျပ် (၂,၀၀၀,၀၀၀) ချီးမြှင့်သွားမည်ဖြစ်သည်။
  • (၁၀) အငြင်းပွားမှု တစုံတရာဖြစ်ပေါ်ပါက၊​ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

​ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

ပြိုင်ပွဲဝင်ပုံစံ ၂၁ခုကို ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ​ဖော်ပြခဲ့ပြီး အများပြည်သူက SMSအပါအဝင် အကဲဖြတ် ​ရွေးချယ်ခဲ့ကြသည်။ ပြိုင်ပွဲဝင်ပုံစံများကို အမှတ်ပေးရာတွင်(၁) အများပြည်သူများ၏ SMS ဆန္ဒမဲ (၄၀%) နှင့်(၂) ရွေးချယ်ရေး ကော်မတီ၏ အမှတ်ပေးမှု (၆၀%) အမှတ်ပေး၍ အဆင့်သတ်မှတ်ကာ ရွေးချယ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင် SMSခု​ရေ အများဆန္ဒမဲရမှတ် ​​ကော်မတီအကဲဖြတ်ရမှတ် စုစု​ပေါင်းရမှတ်
J ၂၉၆ ၄၀ ၃၄ ၇၄
E ၁၇၀ ၂၃ ၄၅ ၆၈
N ၁၁၆ ၁၆ ၂၉ ၄၅
R ၁၆၅ ၂၂ ၁၉ ၄၁
B ၄၃ ၃၅ ၄၁
Q 1၁ ၃၈ ၃၉
F ၁၁၂ ၁၅ ၁၉ ၃၄
O ၆၇ ၂၄ ၃၃
C ၈၄ ၁၁ ၂၁ ၃၂
A ၁၄ ၂၆ ၂၈
P 1၁ ၂၅ ၂၅
U ၂၆ ၂၀ ၂၄
H ၆၇ ၁၃ ၂၂
L ၂၁ ၂၂
K ၂၀ ၂၀
G ၄၃ ၁၄ ၂၀
I ၁၅ ၁၆
M ၁၅ ၁၅
S

[၂]

အနိုင်ရရှိ​​ခြင်း[ပြင်ဆင်ရန်]

အများပြည်သူ၏ SMSမဲဆန္ဒနှင့် ဆုံးဖြတ်ရာ ပြိုင်ပွဲဝင်အမှတ် (J)မှ အများ SMS ဆန္ဒမဲ (၂၉၆) ခု အမှတ် (၄၀)၊ နှင့် ကော်မတီ၏ အကဲဖြတ် အမှတ် (၃၄) ဖြင့် စုစုပေါင်း အမှတ် (၇၄) ဖြင့် အနိုင်ရရှိသည်။       

အဓိပ္ပာယ် ရှင်းလင်းချက်[ပြင်ဆင်ရန်]

လာဘ်​ကောင်၏ အဓိကအ​ရောင်မှာ ခရမ်း​ရောင်ဖြစ်ကာ ရန်ကုန်တိုင်း​ဒေသကြီး၏ အ​ရောင်လည်းဖြစ်သည်။ ထို့​နောက် ခရမ်း​ရောင်နှင့်လိုက်ဖက်ညီ​သော အနီ​ရောင်၊ အဝါ​ရောင်၊ ဖက်ဖူးစိမ်း​ရောင်နှင့် အသား​ရောင်တို့ကို အဓိကသုံးထားသည်။ ခရမ်း​ရောင်၏အဓိပ္ပာယ်မှာ ဉာဏ်ရည်ဉာဏ်​သွေးမြင့်မားခြင်း၊ ဩဇာအာဏာကြီးမားခြင်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားခြင်းကို ဆိုလိုသည်။ အနီ​ရောင်သည် ရဲရင့်တက်ကြွခြင်း၊ ကြံ့ခိုင်သန်စွမ်းခြင်းဟူ​၍ဖြစ်သည်။ အဝါ​ရောင်သည် ​ပျော်ရွှင်ခြင်း၊ အခွင့်အလမ်း​ပေါခြင်းနှင့် ဖွံ့ဖြိုးခြင်းကို ​ဖော်​ဆောင်ပြီး ဖက်ဖူးစိမ်းမှာ စိမ်းလန်းစို​ပြေခြင်းနှင့် လန်းဆန်းတက်ကြွခြင်းဖြစ်သည်။ အသား​ရောင်သည် နူးညံ့သိမ်​မွေ့ခြင်းနှင့် သဘာဝဆန်ခြင်းဖြစ်သည်။

လာဘ်​ကောင်တွင် အထီး၊အမ ၂​ကောင်ပါဝင်ပြီး အမသည် အထီးထက် ခန္ဓါကိုယ်အချိုးအစား ​အနည်းငယ်သေးသည်။​ခေါင်း​ပေါ်တွင်ရှိ​သော သရဖူပုံသဏ္ဌာန်​ခေါင်း​ဆောင်းမှာ ရန်ကုန်မြို့​တော်ခန်းမ၏ ​ပင်မခေါင်မိုးပုံစံဖြစ်သည်။ သရဖူ​ခေါင်း​ဆောင်းသည် အသစ်တဖန်ပြန်လည်​မွေးဖွားခြင်းနှင့် ဩဇာအာဏာကြီးမားခြင်းကို ​ပေါ်လွင်​စေ၍ လက်ရှိရန်ကုန်တိုင်း၏ ပုံရိပ်ကို ပိုမို​ပေါ်လွင်​စေသည်။ အမ၏ဆံပင်ပုံစံမှာ မြန်မာအမျိုးသမီးများ တွင်ကျယ်စွာထုံး​လေ့ရှိသည့် ဆံထုံးကြီးပုံစံဖြစ်ကာ ရန်ကုန်တိုင်းအလံတွင်ပါဝင်​သော ကြယ်နီကို ပန်ဆင်ထားသည်။ လာဘ်​ကောင်၏မျက်နှာကို မြန်မာ့လူ​နေမှုအသိုင်းအဝိုင်းနှင့် ကိုက်ညီ​အောင်ဖန်တီးထားပြီး သနပ်ခါးကို လိမ်းထားသည်။ အသက်အရွယ်မ​ရွေး ကိုယ်စားပြုနိုင်​​သော ပုံသဏ္ဌာန်ဖြစ်သည်။

ဝမ်းဗိုက်တွင် ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအလံတွင်ပါဝင်​သော အစိမ်း​ရောင်စပါးနှံ အခက်များ တစ်ဖက်တစ်ချက်တွင် ပါရှိသည်။ စပါးနှံသည် မြန်မာတို့၏ အဓိကအထိမ်းအမှတ်တစ်ခုဖြစ်ပြီး ဆန်​ရေစပါး​ပေါများခြင်းနှင့် စား​ရေးရိက္ခါဖူလုံခြင်းဖြစ်သည်။ စပါးနှံများ၏​အောက်တွင် အဝါ​ရောင်အသည်းပုံပါပြီး ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အသည်းနှလုံး (Yangon:Heart of Myanmar)စကားစုနှင့် လိုက်​လျောညီ​ထွေမှုရှိရန် ​ရေးဆွဲထားသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]