ရတ်ဒ်ယတ် ကစ်ပလင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အင်္ဂလိပ်ကဗျာနှင့် ဝတ္ထုရေး ဆရာကြီး ရတ်ဒယတ်ကစ်ပလင်း

အင်္ဂလိပ်စာပေလောကမှ ကြယ်တစ်ပွင့် 'တောတွင်းမော်ဂလီ'အကြောင်းကိုဖတ်ဘူးသူတိုင်း စာရေးဆရာကို သိလိုကြပေမည်။ ထိုသူမှာ အိန္ဒိယနိုင်ငံတွင်မွေးဖွားလျက် မြန်မာနိုင်ငံသို့တစ်ကြိမ်တစ်ခေါက် ရောက်ဘူးသော ကစ်ပလင်းဆိုသူဖြစ်၏။ ထိုသူ၏ စိတ်ဝင်စားဖွယ်ရာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို အောက်တွင်ဖေါ်ပြထားပေသည်။

ကစ်ပလင်အာ (ခရစ် ၁၈၆၅-၁၉၃၆)[ပြင်​ဆင်​ရန်​]

ရတ်ဒယတ် ကစ်ပလင်းမှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေး ဆရာဖြစ်၍ အိန္ဒိယနိုင်ငံ ဘုံဘေမြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်က ဘုံဘေမြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ် ဆောင်ရွက်နေသော ဇွန်လော့ကဝုကစ်ပလင်းဖြစ်သည်။ ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘေမြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီးနို့ထိန်းများ၏ လက်ပေါ် တွင် ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကား ကစ်ပလင်းသည် ဟိန္ဒူစတန္နိဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့်၊ နို့ထိန်းများပြောပြသော အိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။

၆ နှစ်သားတွင် သူ၏မိဘများက အင်္ဂလန်ပြည်သို့ စာသင် ရန် စေလွှတ်ခဲ့၏။ သို့ရာတွင် ကျန်းမာရေးချို့တဲ့သဖြင့် ၁၂ နှစ် သားရှိမှ ကျောင်းစ၍နေရသည်။ သူသည်ဒက်ဗွန်ရှိုင်ယာ နယ် ဝက်စဝပ်ဟိုးမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားရ၏။ ထိုစာသင်ကျောင်းရှိ ကျောင်းသူ ကျောင်း သားများမှာ အများအားဖြင့် အိန္ဒိယနိုင်ငံတွင် အမှုထမ်းနေကြသော အင်္ဂလိပ်အရာရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ ကစ်ပလင်းသည် ထိုကျောင်းမှထုတ်ဝေသောစာစောင်၏ စာတည်း ဖြစ်လေသည်။

အသက် ၁၇ နှစ်တွင် ကစ်ပလင်းသည် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့၏။ ထိုအချိန်၌ သူ၏ဖခင်မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ် လာဟိုမြို့တွင် ပြတိုက်မှူးအဖြစ် လုပ်ကိုင်လျက်ရှိ၍၊ ကစ်ပလင်းသည် လာဟိုမြို့မှထုတ်ဝေသော 'မြို့ပြနှင့် စစ်ရေး ပြန်တမ်း' အမည်ရှိသတင်းစာတွင် လက်ထောက်စာတည်း တစ်ဦးဖြစ်လာသည်။ ကစ်ပလင်းသည် ကျောင်းနေစဉ်က တွေ့ကြုံ ခဲ့ရသော ကိုယ်တွေ့အဖြစ်အပျက်များကို 'စတော့ကီးနှင့်အဖေါ် များ' အမည်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်သည် သူ၏ စာဖတ်ပရိသတ်ကြိုက်စာအုပ်တို့တွင် အပါအဝင် ဖြစ်ခဲ့သည်။

ကစ်ပလင်းသည် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံများသို့ လှည့်လည်ပြီးနောက် ၁၈၈၉ ခုနှစ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့တွင် အတည်တကျနေထိုင်ခဲ့သည်။ ဤသို့ ကမ္ဘာကိုလှည့်၍ခရီးသွားခဲ့ရာ၌ တွေ့ကြုံခဲ့ရသည်တို့ကို 'ပင်လယ်မှ ပင်လယ်သို့' စာအုပ်တွင် ရေးသားဖေါ်ပြထား လေသည်။ ၁၈၉၁ ခုနှစ်တွင် ကစ်ပလင်းသည် 'မထွန်းပ နိုင်သော အလင်းရောင်' စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ နောက်တစ်နှစ်တွင် ကစ်ပလင်းသည် အမေရိကန်အမျိုးသမီး ကယ်ရိုလိုင်းစတားဗာလက်စတီးယားနှင့် လက်ထပ်သည်။ ကမ္ဘာအရပ်ရပ်နိုင်ငံများသို့ လှည့်လည်၍ခရီးသွားခဲ့ရာ၌ ကစ်ပလင်းသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် 'မန္တလေး' အမည်ရှိကဗျာကို စပ်ဆိုခဲ့၏။ကစ်ပလင်းတို့ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စု တွင် ၄ နှစ်တိတိနေထိုင်ခဲ့ကြရာ ထိုအတောအတွင်း စာအုပ် စာတမ်း အမြောက်အမြားရေးသားခဲ့သည်။ သူ၏အရေးအသား ကို အမေရိကန်လူထုက အထူးပင်နှစ်သက်ကြသဖြင့် ချက်ခြင်းပင် နာမည်ကျော်ကြားလာသည်။ သူ့အား အသည်းစွဲဖြစ်သဖြင့် အချို့သောရွာနယ်ပယ်တို့ကို ကစ်ပလင်းနာမည်ဖြင့်ပင် မှည့်ခေါ် ကြလေသည်။

၁၈၉၆ ခုနှစ်တွင် ကစ်ပလင်းသည် အင်္ဂလန်ပြည်သို့ ပြန် လာပြီးလျှင် ဝိတိုရိယဘုရင်မကြီး၏ နန်းသက်အနှစ် ၆ဝ မြောက် အထိမ်းအမှတ် 'ရီဆက်ရှင်းနဲ' ကဗျာကို စပ်ဆိုခဲ့ သည်။ ထိုကဗျာမှာ ကစ်ပလင်းရေးခဲ့သမျှသော ကဗျာများ ထဲတွင် အခန့်ဆုံးကဗျာဖြစ်သည်ဟု ဆိုကြသည်။

၁၉ဝဝ ပြည့်နှစ်တွင် ကစ်ပလင်းသည် အင်္ဂလိပ်သတင်းစာ ကြီးတစ်စောင်အတွက် ဗိုးဝါးစစ်ပွဲသတင်းများကို ထောက် လှမ်း ပေးပို့ရန် တောင်အာဖရိကသို့သွားရောက်ခဲ့၏။ ထိုနောက် ပထမကမ္ဘာစစ်နီးကပ်လာသောအခါ နိုင်ငံရေး လောကထဲသို့ တစ်စတစ်စရောက်ရှိလာခဲ့လေသည်။ သို့သော်လည်း နိုင်ငံရေးသမားတစ်ဦးအနေနှင့် ကြီးပွား တိုးတက်ခြင်းမရှိခဲ့ပေ။ စာရေးဆရာတစ်ဦးအနေနှင့်ကား နာမည်ကျော်ခဲ့လေသည်။ ၁၉ဝ၇-ခုနှစ်တွင် စာပေဆိုင်ရာ နိုဗဲဆုဖြင့် ချီးမြှင့်ခြင်းခံရလေသည်။

ကစ်ပလင်းရေးသားခဲ့သော စာအုပ်များအနက် 'တောတွင်းပုံပြင်' စာအုပ်များမှာ အထူးပင်လူကြိုက်များ ခဲ့လေသည်။ ထို စာအုပ်တွင် မော်ဂလီအမည်ရှိ တောတွင်း သားကလေးကို ဇာတ်လိုက်အဖြစ်ထား၍ တုန်လှုပ်ချောက်ချား၊ စိတ်လှုပ်ရှားဖွယ်အ ဖြစ်အပျက်များကို သဘာဝကျကျ ရေးသား ထားလေသည်။

ကစ်ပလင်း၏စာအုပ်များသည် နယ်ချဲ့စနစ်ကို အားပေး ခဲ့သည်။ သူရေးသမျှသောစာအုပ်တိုင်းမှာလိုပင် ဗြိတိသျှလူမျိုး တို့၏ တန်ခိုးအာဏာလွှမ်းမိုးမှုကို အဓိကထားကာ ရေးသား ခဲ့သည်။ အင်္ဂလိပ်လူမျိုးများသည် ကမ္ဘာပေါ်တွင် အယဉ်ကျေး ဆုံး လူမျိုး ဖြစ်သည်။ အခြားလူမျိုးများမှာ သူတို့လောက် မယဉ်ကျေး မတိုးတက်သေး။ ထိုကြောင့် အင်္ဂလိပ်လူမျိုး များသည် ယဉ်ကျေးလာအောင် ဆုံးမသွန်သင်ပေးရမည်။ ဤကား ကစ်ပလင်း၏ အယူအဆပင်ဖြစ်၏။ ထိုမှတစ်ပါး လည်း လူဖြူများသည် အခြားလူမျိုးများကို စိုးမိုးအုပ်ချုပ်၍ လူဝါ လူမဲများထက်မြင့်မြတ်သည်။ မယဉ်ကျေး၍ ကလေး ဆန်သော လူဝါနှင့် လူမဲများကို ယဉ်ကျေးလာအောင် ဆုံးမ ရန်မှာ လူဖြူများ၏ တာဝန်ဖြစ်သည်ဟုလည်း ကစ်ပလင်းက ယုံကြည်လေသည်။

ကစ်ပလင်းသည် အထက်ပါအရေးအသားဖြင့် ဗြိတိသျှတို့၏ နယ်ချဲ့စနစ်ကို မြေတောင်မြှောက်ခဲ့သူဖြစ်ရာ သူ့ကိုဗြိတိသျှ လူမျိုးများက အင်ပိုင်ယာစာဆိုတော်ကြီးဟူ၍ ဂုဏ်ပြုခဲ့ကြ သော်လည်း တစ်ဖက်အမြင်တွင်မူ နယ်ချဲ့စာရေးဆရာကြီးဟု ခေါ်ဆိုကြမည်ဖြစ်သတည်း။

တောတွင်းသားလေး မော်ဂလီ[ပြင်​ဆင်​ရန်​]

အခါတစ်ပါး၌ အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသရှိ တောနက်ကြီး အစပ်တွင် ဇနီးမောင်နှံ ၂ ယောက်သည် အိမ်တစ်ဆောင် ဆောက်လုပ်နေထိုင်ကြလေသည်။ သူတို့တွင် မော်ဂလီအမည် တွင်သော သားငယ်ကလေးတစ်ယောက်ရှိ၏။ တစ်ညသ၌ အဆိုပါ လင်မယားသည် မတ်တတ်သွားခါစ သားကလေးနှင့် အတူ မီးဖိုကြီးဘေးတွင်ထိုင်နေကြစဉ် ကြောက်မက်ကောင်း သော ကျားကြီးတစ်ကောင်သည် တောထဲမှထွက်လာ၏။ ထိုကျားကြီး၏အမည်မှာ ရှီးယားခန်ဖြစ်၏။ ကျားကြီးသည် သူတို့ကိုမြင်သောအခါ စားချင်ဇောနှင့် အနီးမှမီးဖိုကိုပင် သတိမထားမိဘဲ ခုန်အုပ်လိုက်ရာ ခြေထောက်ကို မီးလောင် သွားလေသည်။ မီးလောင်နာများကို ရှီးယားခန်သည် လျှာဖြင့် လျက်နေခိုက် လင်မယားနှစ်ယောက်သည် ကိုယ်မချိအမိသော် လည်း သားတော်ခဲဟူသကဲ့သို့ လူမမယ်သားကလေးကိုပင် မခေါ်နိုင်ဘဲ ကြောက်အားကြီးစွာ ကိုယ်လွတ်ထွက်ပြေးကြ၏။ မော်ဂလီကလေးသည် နီးရာတောစပ်ထဲသို့ လေးဖက်တွားကာ ဝင်ရောက်ခဲ့လေသည်။ ထိုကလေးသည် ကျောက်ဂူကြီး တစ်ခု အနီးသို့ ရောက်သွားသည်တွင် ကျောက်ဂူကြီးအတွင်း၌ အိပ် နေသော ဝံပုလွေမောင်နှံသည် အပြင်မှ ချိုးချိုးချွတ်ချွတ် အသံ ကြားသဖြင့် ထွက်၍ကြည့်ကြသောအခါ၊ လူသားကလေးကို တွေ့ရှိကြသဖြင့် ချစ်ခင်သောကြောင့် မွေးစားထားရန် ဆုံးဖြတ် လိုက်ကြ၏။ ကျားကြီးရှီးယားခန်လည်း လူနံ့ခံ၍ လိုက်လာခဲ့ ရာ ကျောက်ဂူကြီးအနီးသို့ရောက်လာလတ်သော် တံခါးဝမှ နေလျက် ကလေးငယ်ကို သူ၏အစာဖြစ်သည်ဟု ပြောကာ တောင်း၏။ ထိုအခါ ဝံပုလွေမကြီးက ထိုလူသားငယ်မှာ မိမိ တို့၏ မွေးစားသားဖြစ်နေ၍မပေးနိုင်ကြောင်း၊ ထိုကလေးကို အခြားသောဝံပုလွေငယ်များနှင့်အတူ ကစားပျော်ပါး နေထိုင်စေ ပြီးလှျင် သားရဲတိရစ္ဆာန်များကို ဖမ်းယူစားသောက်လာတတ် အောင် သင်ကြားပေးမည်ဖြစ်ကြောင်း၊ နောင်တစ်နေ့တွင် ရှီးယားခန်ကိုပင် သတ်ပစ်လိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုလိုက်သောအခါ၊ ကျားကြီးရှီးယားခန်သည် မကျေ မချမ်းနိုင်ဘဲ ထွက်သွားလေသည်။

သို့ဖြင့် မော်ဂလီကလေးသည် ဝံပုလွေကလေးများနှင့် နေသားတကျရှိလာသောအခါ သူ့ကိုဆက်လက်၍ မွေးစားသင့် မသင့်ကို ဝံပုလွေဖိုသည် ဝံပုလွေမနှင့်တိုင်ပင်၏။ ဝံပုလွေတို့၏ ထုံးစံမှာ ဝံပုလွေငယ်ကလေးများ အရွယ်ရောက်လာသည့် အချိန်၌ ဝံပုလွေအစည်းအဝေးကြီးသို့တင်ပြကာ အသိအမှတ် ပြုရန်တောင်းဆိုရ၏။ ဝံပုလွေမသည် လူသားကလေးအား သား အရင်းနှင့်မခြား ချစ်ခင်ခဲ့သည့်အလျောက် ထိုအစည်းအဝေးကြီး သို့ ဝံပုလွေငယ်ကလေးများနှင့်အတူ တင်ပြရန် စီစဉ် ထား၏။ တစ်ညသောအခါ ဝံပုလွေများသည် မိမိတို့စည်းဝေးရာ ဖြစ် သော ကျောက်ဆောင်တောင်ကမူတွင် ဝံပုလွေအစည်းအဝေးကို ကျင်းပကြလေရာ၊ ဝံပုလွေမောင်နှံလည်း သားငယ်ဝံပုလွေ ကလေးများနှင့်အတူ လူသားကလေး မော်ဂလီကိုတင်ပြကြ၏။ ဝံပုလွေတို့၏ ခေါင်းဆောင်ကြီးဖြစ်သော အာကေလာခေါ် ဝံပုလွေကြီးက ထိုလူသားကလေး မော်ဂလီအား ဝံပုလွေအသင်း ဝင်အဖြစ် အသိအမှတ်ပြုရေးပြဿနာကို စဉ်းစားကြရန် ပြော ကြား နေစဉ်၊ ကျားကြီးရှီးယားခန်သည် ကြောက်မက်ဖွယ်ဟိန်း လျက် မိမိ၏အစာဖြစ်သော လူသားငယ်အား ပေးအပ်ရန် တောင်းဆို၏။ ထိုအခိုက်တွင် ဝံပုလွေများထဲမှ ဝံပုလွေငယ် တစ်ကောင်သည် ထိုကျားကြီးရှီးယားခန်ကို ကြောက်ရွံ့ ထိတ်လန့်သဖြင့် လူသားငယ်ကို မည်သည့်အကြောင်းကြောင့် ဝံပုလွေအုပ်စုထဲသို့ ထည့်သွင်းသင့်သနည်းဟု စောဒကတက် လေသည်။

ဝံပုလွေတို့၏ထုံးစံတစ်ရပ်မှာ အထက်ပါကိစ္စမျိုး စဉ်းစား ရာ၌ သဘောကွဲလွဲမှု ပေါ်ပေါက်လာခဲ့သော်၊ ထိုဝံပုလွေငယ်၏ မိဘမဟုတ်သည့် အခြားတောတွင်းတိရစ္ဆာန်နှစ်ကောင်က လက်ခံသင့်သည်ဟူသော သဘောတူထောက်ခံချက်ပေးရ၏။ ဤကိစ္စတွင် ဝံပုလွေကျောင်းဆရာကြီးဖြစ်သော ဝက်ဝံညိုကြီး ဗလူးနှင့် ကျားသစ်နက်ကြီး ဗာဂီးရားတို့က မော်ဂလီအား လက်ခံရန် ထောက်ခံပြောဆိုကြသည်။ ထိုပြင် ကျားသစ်နက် ကြီး ဗာဂီးရားက ဝံပုလွေငယ်တစ်ကောင်သည် အဖိုးအခ ပေးခြင်းဖြင့် ဝံပုလွေအသင်းဝင်ဖြစ်နိုင်သော ဥပဒေရှိကြောင်း ကိုလည်း အထောက်အထားနှင့် ပြောဆိုသေး၏။ ထိုအဖိုးအခ မှာ အသင်းဝင်ကြေးသဘောမျိုးဖြစ်ရာ ထိုအတွက် နွားပိုက်ကြီး တစ်ကောင်ကို မော်ဂလီ၏အသင်းဝင်ကြေးအဖြစ် သူက ပေးအပ်ပါကြောင်း ပြောဆိုလေသည်။ ထိုအချက်ကိုအားလုံး သဘောတူကြသဖြင့် မော်ဂလီကလေးအား ဝံပုလွေ မိသားတစ်ဦး အဖြစ်လက်ခံရန် ဆုံးဖြတ်လိုက်ကြ ၏။ မော်ဂလီကလေးသည် ဝံပုလွေမိသားစု တစ်ဦးဖြစ်လာသည့် နေ့မှစ၍ တောတွင်းအတတ်ပညာများကို ဝက်ဝံညိုကြီး ဗလူး ထံတွင် သင်ကြားလေသည်။ ကျားသစ်နက်ကြီး ဗားဂီးရားမှာ မော်ဂလီ၏မိတ်ဆွေရင်းချာတစ်ဦးဖြစ်လာသည်။ မော်ဂလီ ကြီးပြင်းလာသောအခါ အပြေးအခုန်မှစ၍ သစ်ပင်တက်၊ အမဲ လိုက်၊ ရေကူး၊ သစ်သီးရှာ စသည့် တောတွင်းအတတ်ပညာ များကို တတ်မြောက်ကျွမ်းကျင်ခဲ့၏။ ဗားဂီးရားကမူ မော်ဂလီ အား ကျားကြီး ရှီးယားခန်၏ဘေးရန်မှာ ရှောင်တိမ်းနိုင်ရန် အမြဲသတိ ပေးလျက်ရှိ၏။

မော်ဂလီအသက် ၁၂ နှစ်သို့ရောက်သော် ဗာဂီးရားက မော်ဂလီအား ရှီးယားခန်ကြီး၏ရန်ကို အမြဲသတိပြုသင့်ကြောင်း၊ ကျားကြီးသည် စားကြွင်းစားကျန်များကို ဝံပုလွေငယ်များအား ဝေငှပေးကမ်းကာ သူ့ဖက်သားဖြစ်အောင် အင်အားစုဆောင်း ခဲ့သဖြင့် ယခုအခါ ကျားကြီး ရှီးယားခန်တွင် နောက်လိုက် ဝံပုလွေငယ် အတော်အတန်များနေပြီဖြစ်ကြောင်း၊ ဝံပုလွေတို့၏ ခေါင်းဆောင်ကြီး အာကေလာမှာ အိုမင်းရင့်ရော်နေပြီဖြစ်၍ သားကောင်များကိုပင် ရအောင်မဖမ်းဆီးနိုင်တော့သဖြင့် တန်ခိုး အာဏာ နည်းပါးနေပြီဖြစ်ကြောင်း၊ အကယ်၍ လက်ရှိခေါင်း ဆောင်ကြီးကို တစ်စုံတစ်ယောက်က လုပ်ကြံမည်ဟုဆိုက မော်ဂလီ၏နောင်ရေးမှာ စိုးရိမ်စရာကောင်းကြောင်းတို့ကို ရှင်းလင်း ပြောပြ၏။

မော်ဂလီလည်း ဗာဂီးရားသည် မိမိအားတကယ့်စေတနာဖြင့် သတိပေးနေကြောင်းကိုယုံကြည်သဖြင့် မိမိ၏နောင်ရေးနှင့် ကျားကြီး ရှီးယားခန်၏ရန်ကို တွေးတောစပြုလာ၏။ သို့ရာ တွင် ဗာဂီးရားကပင်ဆက်လက်၍ အားပေးစကားပြောယင်း အကယ်၍ အနီးရှိရွာတစ်ရွာမှ ပန်းနီနီတစ်ပွင့်ကို ယူဆောင်လာ နိုင်ပါက မော်ဂလီကိုယ်တိုင်ပင်လျှင် တောတွင်းဗိုလ်ကြီး တစ်ဦး ဖြစ်နိုင်ကြောင်း ညွှန်ပြခဲ့၏။

ဗာဂီးရားဆိုလိုသောပန်းနီနီကား လူတို့အသုံးပြုသော မီးပင်ဖြစ်၍ ထိုမီးတောက်မီးလျှံကို တိရစ္ဆာန်တို့မြင်က အသံ တုန်အောင် ကြောက်ရွံ့ကြသောကြောင့် ထိုမီးတောက်ကို ကိုင်ဆောင်နိုင်လျှင် တောတွင်းဗိုလ်ကြီး ရာထူးကို ဆွတ်ခူးနိုင် မည်မှာ မလွဲချေ။

တစ်ညသ၌ တောတွင်းတိရစ္ဆာန်အပေါင်းသည် တောင်ကမူ စွန်း၌စုရုံးစည်းဝေးနေကြစဉ် မော်ဂလီသည် နီးရာရွာတစ်ရွာသို့ ပြေးသွားကာ မီးခဲများကို ယူဆောင်လာခဲ့သည်။ အစည်းအဝေး တွင် ဝံပုလွေများက လက်ရှိခေါင်းဆောင်ကြီး အာကေလာမှာ သားကောင်ကို မဖမ်းနိုင်လောက်အောင် အိုမင်မစွမ်းရှိပြီ ဖြစ် သောကြောင့် ခေါင်းဆောင်ကြီးရာထူး၌ မထားနိုင်တော့ကြောင်း ပြောဆိုကြ၏။ မော်ဂလီလည်း မီးခဲများကိုထည့်၍ယူဆောင်လာ သော မီးခဲအိုးကို ဒူး ၂ ဖက်အကြားတွင် ထားကာ ဝံပုလွေ များနှင့်အတူ ရောနှောလျက်ထိုင်လေသည်။ ကျားကြီးရှီးယား ခန်လည်း မော်ဂလီကိုမြင်လျှင်မြင်ခြင်း မိမိ၏ အစာ လူသား မော်ဂလီအား ပေးအပ်ရန် တောင်းဆိုပြန်၏။

ရှီးယားခန်သိမ်းသွင်းထားသော နောက်လိုက်ဝံပုလွေငယ်များ ကလည်း သူတို့၏သခင်ကြီး ရှီးယားခန်လေသံအတိုင်း လိုက်၍ ဟစ်အော်ပြောဆိုကြပြီးသော် မော်ဂလီအား ရှီးယားခန်၏ လက်ထဲသို့ အရောက်အပ်နှံရန် ကြိုးစားကြသည်။ ဤတွင်မှ ဗာဂီးရားသည် မော်ဂလီအား အစွမ်းပြရန်ချိန်တန်ပြီဟု သတိ ပေးလိုက်လေသည်။ မော်ဂလီလည်း အလျှံတပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးကျီးမီးတောက်များထည့် ထားသည့် မီးခဲအိုးကို လက်မှကိုင်ကာ ရုတ်တရက် မတ်တတ် ရပ်လိုက်ပြီးလျှင် ဝံပုလွေထုကြီးတစ်ရပ်လုံးအား ဤသို့ဆို၏။ ဝံပုလွေများက မိမိအား အမြဲသဖြင့် လူသားတစ်ယောက် အနေ ဖြင့် ဆက်ဆံနေကြသော်လည်း မိမိအဖို့မူ မခွဲခြားကြောင်း၊ အချို့ဝံပုလွေများသည် မိမိအပေါ်သစ္စာမတည်၊ ရှီးယားခန် နောက်လိုက်သူများ ဖြစ်နေကြချေပြီ။ ထိုကြောင့် မိမိ၏အစွမ်း ကို ပြရတော့မည်ဖြစ်ကြောင်း၊ ဝံပုလွေတို့ ကြောက်ရွံ့လှသော ပန်းနီနီကြီး မိမိ၌ ရှိနေပြီ။ ဝံပုလွေများသည် ခေါင်းဆောင်ကြီး အာကေလာအား ရန်သတ္တရုမပြုဘဲ သူ့အလိုအလျောက် အေးချမ်းစွာနေထိုင်ခွင့်ကို ပေးကြရမည်ဖြစ်ကြောင်း၊ မိမိသည် လူသားများနေထိုင်ရာရွာသို့ ခေတ္တပြန်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်စည်းဝေးပွဲတွင် ရန်သူကြီး ရှီးယားခန်၏ သားရေကိုခြုံကာ တက်ရောက်ပြမည်ဖြစ်ကြောင်း ပြောကြား လေသည်။ ထိုနောက် မော်ဂလီသည် သူ့အားမွေးစား စောင့် ရှောက်ခဲ့သော ဝံပုလွေမကြီးနှင့်တကွ နို့စို့ဖက်ဝံပုလွေငယ် များကိုနှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။ ထိုကဲ့သို့ခွဲခွာလာခဲ့ရာ တွင် မော်ဂလီမှာဝမ်းနည်းလှသဖြင့် မျက်ရည်များကပင် ကျဆင်းလေသည်။ တစ်ခါမျှမျက်ရည်မကျခဲ့ဘူးသော မော်ဂလီ အတွက် အထူးအဆန်းဖြစ်ကာ ထိုသို့မျက်ရည်ကျဆင်းခြင်းမှာ မိမိအတွက် အတိတ်ဆိုး၊ နိမိတ်ဆိုးပေလောဟု တွေးတော ပူပန်မိလေသည်။

မော်ဂလီသည် လူတို့နေထိုင်ရာရွာသို့ရောက်သောအခါ များစွာ ဆာလောင်မွတ်သိပ်လှသဖြင့် လက်ဟန်ခြေဟန်ပြကာ အစားအစာကို တောင်းလေသည်။ ရွာရှိဘုန်းတော်ကြီးကလည်း ရွာသားအပေါင်းတို့အား လူရိုင်းကလေးကို ပြုစုစောင့်ရှောက်ကြ ရန် တိုက်တွန်း၏။ ထိုအခါ ကြင်နာတတ်သော မိန်းမကြီး တစ်ဦးက 'မော်ဂလီအား မွေးစားရန် ခေါ်ဆောင်သွားခဲ့ရာ အိမ် နှင့်ယာနှင့်မနေဘူးသော လူရိုင်းကလေးမော်ဂလီအဖို့ ထောက် ချောက်ထဲ၌ နေရသကဲ့သို့ စိတ်ကျဉ်းမြောင်းသဖြင့် မပျော်ပိုက် နိုင်ဖြစ်ရရှာလေသည်။ မိန်းမကြီးသည် မော်ဂလီအား အခြားရွာ သားကလေးများနည်းတူ ကျွဲကျောင်းခိုင်း၏။ မော်ဂလီမှာ တော တွင်း၌သာနေထိုင်ခဲ့သူဖြစ်သည့်အလျောက် ထိုရွာ၌နေထိုင်ရ သည်ကို မပျော်ပိုက်နိုင်ဘဲ ရှိနေတော့သည်။

တစ်နေ့တွင် မော်ဂလီသည် ကျွဲအုပ်ကြီးကိုထိန်းကျောင်း ယင်း တောတွင်း၌ငေးမှိုင်နေစဉ် မိမိနှင့်နို့စို့ဖက် ဝံပုလွေငယ် တစ်ကောင်ရောက်လာပြီးလျှင်၊ ရန်သူကျားကြီး ရှီးယားခန်သည် ယနေ့ညနေ ကျွဲများရွာသို့ပြန်သွင်းချိန်တွင် ရွာတံခါးဝမှ စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း၊ သို့သော်လည်း ရှီးယားခန်မှာ အစာတွေကို အမြောက်အမြားစားထားသည့်အတွက် လေးလံ ထိုင်းမှိုင်း လျက် ရှိမည်ဖြစ်ကြောင်း သတိပေးစကားပြောကြား သွားလေသည်။

မော်ဂလီသည် ရန်သူကျားကြီး ရှီးယားခန်အား နှိမ်နင်း သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးလျှင် ထိုဝံပုလွေငယ်နှင့် ခေါင်း ဆောင်ဟောင်းကြီး အာကေလာတို့၏ အကူအညီကိုယူ၍ ကျွဲ အုပ်ကြီးအား ၂ စုခွဲလိုက်ပြီးသော် တစ်စုကို ရှီးယားခန် အဆီ ယစ်ကာ အိပ်ပျော်နေသော လျှိုငယ်အောက်ပိုင်းသို့၄င်း၊ ကျန် တစ်စုကို အထက်ပိုင်းသို့၄င်း မောင်းနှင်လိုက်လေသည်။ ဤနည်းဖြင့် ကျားကြီး ရှီးယားခန်ကို ဝဲယာ ၂ ဖက်မှ ညှပ်ကာ တိုက်ခိုက်လေသည်။ ရှီးယားခန်သေပြီးသောအခါ မော်ဂလီသည်ကျားရေကိုခွာယူ၍ ဝံပုလွေများ၏ အကူအညီဖြင့် ကျွဲအုပ်ကို ရွာဖက်သို့မောင်းနှင်ခဲ့၏။ မော်ဂလီနှင့်အတူ ကျွဲကျောင်းထွက်ကြသောအဖေါ်များက မော်ဂလီသည် ကျားကြီးကို မည်ကဲ့သို့ရဲဝံ့စွာ သတ်ခဲ့ပုံ၊ ဝံပု လွေများကလည်း မည်ကဲ့သို့ရိုသေကြပုံတို့ကို ရွာသားတို့အား ပြန်ပြောပြကြသည်တွင် မော်ဂလီအား ကြောက်လန့်ကြသဖြင့် ရွာမှနှင်ထုတ်လိုက်ကြ၏။ မော်ဂလီလည်း ဝံပုလွေများထံသို့ ပြန်လာခဲ့၍ ကျားရေကြီးကို စည်းဝေးရာကျောက်ဆောင်ပေါ်၌ ခင်းပြီးလျှင် ဝံပုလွေများအား စည်းဝေးစုရုံးစေ၏။ ဝံပုလွေ အပေါင်းတို့လည်း မော်ဂလီအားချီးကျူးကာ ခေါင်းဆောင်တင် မြှောက်ကြသည်။ သို့သော် မော်ဂလီသည် လူသားဖြစ်သည့် အလျောက် စဉ်းစားမြော်မြင်တတ်သည့်အတိုင်း မိမိအား ခေါင်း ဆောင်တင်မြှောက်ကြသော်လည်း လက်မခံလိုကြောင်း၊ အဘယ် ကြောင့်ဆိုသော် ဝံပုလွေများမှာ ယခုအခါ အစားအစာငတ်မွတ် နေ၍သာ မိမိအား ခေါင်းဆောင်တင်မြှောက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ အစားအစာဝလင်စွာ ရရှိကြလျှင် မိမိအားပင် ရန်မူကြမည်ဖြစ်ကြောင်း ပြောဆိုငြင်းပယ်လိုက်၏။ သို့ရာတွင် တောတွင်း၌ကြီးပြင်းလာသူ နို့စို့ဖက်ဝံပုလွေ ၄ ကောင်းနှင့် အတူ တောထဲ၌ပျော်ပိုက်စွာ အသက်ထက်ဆုံး နေထိုင်လေ သတည်း။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)