ယန်းပေါလ်ဆတ်

ဝီကီပီးဒီးယား မှ
ယန်းပေါလ်ဆတ်ကို ၁၉၅၀ တွင် တွေ့မြင်ရပုံ

ယန်းပေါလ် ချားလ် အေမတ် ဆတ် (ပြင်သစ်: Jean-Paul Charles Aymard Sartre) (၁၉၀၅ ဇွန်လ ၂၁ရက် - ၁၉၈၀ ဧပြီလ ၁၅ ရက်) သည် ပြင်သစ်လူမျိုး ဖြစ်တည်မှုပဓာနဝါဒီ အတွေးအခေါ်ပညာရှင်၊ ပြဇာတ်ရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ နိုင်ငံရေးသမား၊ အတ္ထုပ္ပတ္တိရေးသားသူ နှင့် စာပေဝေဖန်ရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ၂၀ ရာစု ပြင်သစ်အတွေးအခေါ်ပညာနယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်ပြီး မာ့က်ခ်စ်ဝါဒကို အထူးပြုသည်။ ထို့အပြင် ဖြစ်တည်မှုပဓာနဝါဒ နှင့် ပတ်သက်သော စာပေနှင့် အတွေးအခေါ်ပညာတို့တွင် အရေးပါအရာရောက်သူတစ်ဦးလည်း ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် မာ့က်ခ်စ်ဝါဒအတွေးအခေါ်ပညာ၊ လူမှုဗေဒ၊ ဝေဖန်ရေးသီအိုရီနှင့် စာပေလေ့လာမှုပညာတို့တွင် လွှမ်းမိုးမှု ယခုတိုင် ရှိသည်။

နာမည်ကျော် အမျိုးသမီးရေးရာစာရေးဆရာ နှင့် လူမှုရေးသီအိုရီများ ဖော်ထုတ်ခဲ့သူ ဆိုင်မွန်ဒီဗူဗွားနှင့် နှစ်ကာလကြာမြင့်စွာ နေထိုင်ပေါင်းသင်းခဲ့သည်။ သူသည် ၁၉၆၄ ခုနှစ်တွင် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း ရယူရန်ငြင်းဆိုခဲ့သည်။

သူ့အကြောင်း သူပြောခဲ့ဖူးသည့်အတိုင်းပင် သူသည် ဖားပြုပ်တကောင်နှင့်တူသည်။ သူ၏ လိင်မှုဆိုင်ရာ ဘဝသည် ၁၇ ရာစုအတွင်းက ဟာသဇာတ်ကွက်တကွက်ထက် ပို၍ နူးညံ့သိမ်မွေ့သည်။ သူ့စိတ်ထဲတွင် ဒဿနတရားများထက် လိင်စိတ်က ပို၍ နေရာယူထားသည်ဟု သူ၏အရေးအသားများတွင် ရှားရှားပါးပါး တွေ့ရသည့်ဟာသစကားမျိုးဖြင့် တခါက ပြောဆိုခဲ့ဖူးသည်။ သူသည် အတွေးအခေါ် ပညာရှင်တဦးကဲ့သို့လည်း စာမရေးသားပါ။ အကြောင်းမူ သူသည် အသိမ်မွေ့ဆုံး သဘောတရား တစ်ရပ်ကို တသသ စွဲကျန်ရစ်မည့် လိုရင်းတိုရှင်း ဝါကျများ (သို့မဟုတ်) ပြဇာတ် ကနိုင်သည့် ဇာတ်လမ်းများအဖြစ်သို့ ပြောင်းလဲနိုင်သည့် စကားပြေအရေးအသားမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့နိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း အတွေးအခေါ်ပညာရှင်များက မည်သူ့ကိုမှ ဩဇာမညောင်းတော့သလောက် ဖြစ်လာသည့်အချိန်တွင်တော့ ယန်းပေါလ်ဆတ်သည် ရာစုနှစ်တခုအတွင်း ဩဇာညောင်းသည့် အတွေးအခေါ်ပညာရှင်တဦး ဖြစ်လာအောင် စီမံနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး၏ ခါးသီးသည့်နောက်ပိုင်းများမှာ ဆတ်အတွက် အခွင့်ကောင်းအခါကောင်း ဖြစ်ခဲ့သည်။ အဒေါ့ဖ်ဟစ်တလာ၏ အကြွင်းမဲ့ ဆိုးယုတ်မှု၊ နျူကလီးယားလက်နက်များဖြင့် ကမ္ဘာကြီး ပျက်စီးရတော့မည်ဟူသော စိုးထိတ်မှုများ၏ လှုပ်ခါခြင်းကို ခံနေရသည့် ခြေကုန်လက်ပန်းကျနေသည့် ဥရောပတိုက်ဆီသို့ ငြိမ်းချမ်းရေးကို သယ်ဆောင်မလာဘဲ၊ စစ်အေးတိုက်ပွဲဆိုသည့် အမှားအမှန် ခွဲခြားမရသည့် အခြေအနေတရပ်ကိုသာ သယ်ဆောင်လာခဲ့ကြသည်။ စာရိတ္တပိုင်းဆိုင်ရာ တန်ဖိုးများမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြပြီး စံနမူနာရပ်များက သံသယရှိစရာ ဖြစ်လာကြသည့်အခါတွင် ဦးဆောင်လမ်းပြမှုကို ရှာဖွေနေကြသည့် စစ်ပြီးခေတ် မျိုးဆက်တို့သည် ဖြစ်တည်မှုဝါဒ ဆိုသည့်ရင်ခွင်ကို စိတ်ချမ်းသာစရာအဖြစ် တွေ့ရှိခဲ့ကြသည်။ ဖြစ်တည်မှုဝါဒဆိုသည့် ဝေါဟာရကို ဆတ် တီထွင်ခဲ့ခြင်း မဟုတ်ပါ။ ထိုဝေါဟာရကို ဆတ် ထုတ်နုတ်သုံးစွဲခဲ့သည့်အတွက် ဆတ်အပေါ်တွင် အခြားသော ဥရောပ တွေးခေါ်ရှင်များ၊ အထူးသဖြင့် ဂျာမန်တွေးခေါ်ပညာရှင် မာတင်ဟိုင်းဒက်ဂါ၏ ကျေးဇူးမကင်းပါ။ သို့သော်လည်း ဆတ်၏ စကားပြေများထဲတွင် ဒြပ်မဲ့စိတ်ကူးများမှာ ဆုံးဖြတ်ချက်အတွက် တောင်းဆိုမှုများအဖြစ် အနက်အဓိပ္ပာယ် ဖွင့်ဆိုခံကြရသည်။ "လူသည် လွတ်လပ်၏။ သူရဲဘောကြောင် သူသည် သူ့ကိုယ်သူ သူရဲဘောကြောင်အောင် ဖန်တီး၏။ သူရဲကောင်းသည် သူ့ကိုယ်သူ သူရဲကောင်းဖြစ်အောင် ဖန်တီး၏" ဟု ဆတ်က ရေးသားခဲ့သည်။

ဘုရားသခင်ဟူ၍ မရှိခြင်းကြောင့် အနှစ်သာရအားဖြင့် လူသားသည် သူ၏ ကိုယ်ပိုင်လှုပ်ရှား ပြုမူမှုများမှတဆင့် သူမည်သူမည်ဝါ ဖြစ်သည်ကို သတ်မှတ်ပြဋ္ဌာန်းရမည်ဟု ဆတ်ကဆိုသည်။ လှုပ်ရှားမှုတခုအပေါ်တွင် နောက်ထပ်လှုပ်ရှားမှုပြုရန် ရွေးချယ်ခြင်းအတွက် လူသားတဦးချင်းတွင် တာဝန်ရှိသည်။ လှုပ်ရှားပြုမူမှုအား ရွေးချယ်မှုက တန်ဖိုးသတ်မှတ်ပေးသည်။ လှုပ်ရှားပြုမူခြင်း မခံရသော အရာမှန်သမျှတွင် တန်ဖိုးမရှိပါ။ တခြားနည်းဖြင့်ဆိုပါက ဘာမှထူးခြားမှုမရှိမည့် စကြဝဠာအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စရိုက်လက္ခဏာတမျိုး သတ်မှတ်ပေးရာတွင် လူတယောက်အနေဖြင့် "စိတ်ပျက်စရာအိပ်မက်များ၊ မှားယွင်းကိုင်ဆောင်ထားသည့် မျှော်လင့်ချက်များ၊ အချည်းနှီးသော မျှော်ကိုးမှုများ" ဖြင့် သူ့ကိုယ်သူအား သတ်မှတ်ပြဋ္ဌာန်းခြင်း မပြုနိုင်ဟု ဆတ်က လူသိရှင်ကြား ကြေညာခဲ့သည်။ လူအများစုသည် သူတို့၏ ကံကြမ္မာအတွက် အခြားတစုံတရာအပေါ် သို့မဟုတ် အခြား တစုံတယောက်အပေါ် ပြစ်တင်ပြောကြားခြင်းဖြင့် တာဝန်လွတ်အောင် ရုန်းတတ်ကြသည်။ ဤသဘောသဘာဝကို ဆတ်က "ဆိုးရွားသော ယုံကြည်သက်ဝင်မှု" ဟု သဘောထားရှုမြင်သည်။

ဆတ်သည် သူ၏အတွေးအခေါ်များကို ပြဇာတ်ကိုးပုဒ်၊ ဝတ္ထုရှည်လေးအုပ်၊ အဓိကရ အတွေးအခေါ်ကျမ်းငါးအုပ်နှင့် မရေမတွက်နိုင်သည့် ဟောပြောပို့ချချက်များ၊ ရသစာတမ်းများထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။ သူသည် ဆန္ဒပြပွဲများကိုလည်း ဦးဆောင်ခဲ့သည်။ ကန့်ကွက်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ လက်ဝဲဝါဒီများက ချမှတ်ခဲ့သည့် နိုင်ငံရေး အရံအတားမှန်သမျှတွင် ပါဝင်ဆောင်ရွက်သည်။ ဤနေရာတွင် ကမောက်ကမနိုင်သည့် ကိစ္စတခုမှာ ဆတ်အား အများဆုံး ကြည်ညိုလေးစားကြသည့်သူများ (လူငယ်များ၊ ဘဝကို နာကြည်းသူများ၊ လူတိုင်းကို တကိုယ်ကောင်းသမားဟု မြင်တတ်သူများ) သည် သူ့အား နားလည်မှု အနည်းဆုံး ဖြစ်နေကြခြင်းပင် ဖြစ်သည်။ "ဘဝသည် ထူးဆန်းလှ၏။ အမှန်တရားသည် ပျို့အန်ချင်စရာကောင်းလှ၏။ လူသားသည် ကိုယ်ကျင့်တရားများ၊ ဘာသာရေးယုံကြည်ချက်များ၊ ကန့်သတ်ထားသည့် တာဝန်များနှင့် ကင်းရှင်း၏" ဟု သူ့အား စံနမူနာပြုသူများ၊ မိသားစုများကို ပြောကြားခဲ့ဖူးသည် မဟုတ်ပါလော။

မိမိကိုယ်မိမိ ဂုရုကြီးတဦး ဖြစ်မှန်းမသိ ဖြစ်နေသော ဆတ်သည် သူကိုယ်တိုင်က ဘူဇွာလူတန်းစားမှ မွေးဖွားလာသော်လည်း၊ ဘူဇွာဆိုသည်မှာ အကျင့်ဖောက်ပြန်သူများ ဖြစ်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ သူ၏ဖခင်သည် ရေတပ်အရာရှိတဦးဖြစ်သည်။ သူနှစ်နှစ်သားအရွယ်တွင် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့သည်။ ဘယ်တော့မှ ကျန်းကျန်းမာမာ မရှိသောဆတ်သည် သုံးနှစ်သား အရွယ်တွင် ညာဘက်မျက်လုံးကွယ်ခဲ့သည်။ အဆင့်မြင့်ကောလိပ်တွင် ဒဿနိကဘာသာလေ့လာ ဆည်းပူးသည့်အခါတွင် သူ၏ တသက်တာချစ်သူ၊ သူနှင့် စိတ်သဘောထားချင်း တူညီသူ၊ ရှေ့ဆောင် ဣတ္ထိယဝါဒီ ဆိုင်မွန်ဒီဗူးဗွားနှင့် တွေ့ဆုံသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၀၅ ခု၊ ဇွန်လ ၂၁ ရက်တွင် ပါရီမြို့၌ မွေးသည်။ ပြင်သစ်ရေတပ် အရာရှိ ဂျန်းဘက်တိဆတ် (Jean-Baptiste Sartre) နှင့် အန်နီမေရီ ဆွစ်ဇာ (Anne-Marie Schweitzer) တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အသက်နှစ်နှစ်အရွယ်တွင် ဖခင်ဖြစ်သူ အဖျားရောဂါဖြင့် တိမ်းပါးရာ မိခင်က မူဒွန် (Meudon) ရှိ ဖခင်အိမ်သို့ ပြန်နေသည်။

ဂျာမန်စာ သင်သူ အဘိုး ချား ဆွစ်ဇာ (Charles Schweitzer) က ဆတ်ကို သင်္ချာနှင့် ဂန္ထဝင်စာပေများနှင့် ထိတွေ့စေသည်။ အသက် (၁၂) နှစ် ရောက်သော် မိခင် နောက်အိမ်ထောင်ပြု၍ လာရိုရှယ် (La Rochelle) သို့ ပြောင်းကြသည်။ ထိုအရပ်တွင် မကြာမခဏပင် အနိုင်ကျင့် ခံရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၀ ခု၊ ဧပြီလ ၁၅ ရက်တွင် အဆုတ်ရေဝင်ရောဂါနှင့် ကွယ်လွန်သည်။ မသေမီကပင် မိခင်နှင့် ပထွေးဖြစ်သူတို့ ရှိရာ သုဿာန်၌ မမြုပ်လိုဟု ညွှန်ကြားခဲ့၍ မွန့်ပါနက်ဆေ (Montparnasse) သုဿာန်၌ မြုပ်သည်။ ဈာပနလုပ်သည့် ဧပြီလ ၁၉ ရက်တွင် ပါရီမြို့သား ၅၀ ၀၀၀ ခန့် လိုက်ပို့သည်။