ဖြစ်တည်မှုပဓာနဝါဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Existentialism ကို `ဖြစ်တည်မှုပဓာနဝါဒ´ ဆိုပြီး အနက်ပေးကြတာ မျက်စိယဉ်နေကြပါပြီ။ ဆရာဆန်းလွင်က `ဘဝဖြစ်တည်ခြင်းဝါဒ´ဆိုပြီး အနက်ပေးပါသေးတယ်။ ကျနော်က ဖြစ်တည်မှုဝါဒလို့ပဲ တိုတိုလှယ်လိုက်ပါတယ်။ စကားလုံးတစ်လုံးထဲနဲ့ ဘယ်အဖြစ်အပျက်၊ သဘောတရားကိုမှ ငုံနိုင်မှာ မဟုတ်ပါဘူး။ အဓိက က စကားလုံးနောက်ကွယ်က အဓိပ္ပာယ်ကို သိဖို့ပါပဲ။ ဖြစ်တည်မှုဝါဒနဲ့စပ်လျဉ်းပြီး ဝတ္ထု (စည်းအပြင်ကလူ) အပြင် ဒဿန လုံးချင်း (ဆန်းလွင်) နဲ့ ပေါင်းချုပ် (စာရေးဆရာအများ၊ စာပေလောကတိုက်ထုတ်) တချို့ထွက်ပြီးပါပြီ။ ဆောင်းပါးတချို့လည်း ကြိုကြားကြိုကြား တွေ့ရပါတယ်။ ဒီနေရာမှာ သတိပြုဖို့တချက်က မြန်မာပြည်မှာ ဖြစ်တည်မဝါဒအကြောင်း ရေးသား၊ မိတ်ဆက်ပေးကြသူ အားလုံးနီးပါးဟာ ဖြစ်တည်မဝါဒီတွေ၊ အဲဒီဝါဒကို ယုံကြည်သက်ဝင်သူတွေ မဟုတ်ကြဘူးဆိုတာပါ။ အချို့က ပညာရှင်အနေနဲ့ ရေးသားမိတ်ဆက်ပေးကြတာဖြစ်ပြီး၊ အချို့ကတော့ မနှစ်မျို့တဲ့၊ လက်မခံချင်တဲ့ သဘောအခံနဲ့ ရေးကြတာပါ။ တချို့က ဘယ်လို သဘောမှ မရှိဘဲ ဝါဒတစ်ခု အခြေပျိုးရာမှာ ဝင်ရော (Involve) ရုံသက်သက်ဆိုတာလည်း တွေ့ရပါသေးတယ်။

အစပျိုးပုံ[ပြင်​ဆင်​ရန်​]

ဖြစ်တည်မှုဝါဒဟာ ယန်းပေါဆာ့တ်(Jean-Paul Sartre ပြင်သစ်တွေးခေါ်ပညာရှင် ၁၉၀၅-၁၉၈၀) ရဲ့ ကျမ်းတွေမှာ ထင်ထင်ရှားရှားလမ်းကြောင်းပေါ်လာပေမယ့် ကဲကီးဂတ် (Kierkegaard ဒိန်းမတ်တွေးခေါ်ပညာရှင် ၁၈၁၃-၁၈၅၅) နဲ့ နစ်ရှေး (Nietzsche ဂျာမန်တွေးခေါ်ပညာရှင် ၁၈၄၄-၁၉၀ဝ) တို့ရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံပါတယ်။ ဒီရှေးဦးတွေးခေါ်ပညာရှင်တွေက ဖြစ်တည်မှုဝါဒလို့ တိုက်ရိုက် မသုံးခဲ့ပေမယ့် အခြေခံသဘောတရားကတော့ တူပါတယ်။

ဖြစ်တည်မှုဝါဒကို အလွယ်ဆုံးပြောရရင်တော့ `လူတစ်ဦးချင်းဟာ သူ့ဘဝအဓိပ္ပာယ်နဲ့သူ ဖြစ်တည်တယ်´ (individual human beings create the meanings of their own lives) လို့ ခံယူတာပါပဲ။ ရှင်းသလိုလိုနဲ့ ရှုပ်တယ်လို့ ထင်စရာရှိပါတယ်။ ကျနော်တွေးသလိုပြောရရင်တော့ `လူတိုင်းဟာ သူ့ဘဝမှာသူ ဇာတ်လိုက်ပဲ´ လို့ ဆိုချင်ပါတယ်။ ဇာတ်ပို့လုပ်နေရတာ မဟုတ်ပါဘူး။ သမတက သူ့ဟာနဲ့သူ အရေးကြီးသလို ပျာတာကလည်း သူ့ဘဝအဓိပ္ပာယ်၊ သူ့ရှင်သန်မှုနဲ့သူ (သီးခြား) အရေးပါနေတာပါပဲ။

စည်းအပြင်ကလူ[ပြင်​ဆင်​ရန်​]

စည်းအပြင်ကလူဆို (The Outsider) ဝတ္ထုထဲမှာ ဇာတ်ကောင်က သူ့အမေအသုဘမှာ မငိုပါဘူး။ လူတွေက အမေသေတာတောင် မငိုဘူး၊ လူစိတ်မရှိဘူးဆိုပြီး ယိုးစွပ်ပါတယ်။ နောက်ဆုံး လူသတ်မှုနဲ့ စွဲချက်တင်ခံရရာမှာ အဲဒီလို ကောက်ချက်တွေတွန်းအားနဲ့ သေဒဏ်ပေးလိုက်တဲ့အထိ ဖြစ်သွားပါတယ်။ ကိုယ့်ဘဝကိုယ် ပြဋ္ဌာန်းခွင့်မရှိဘဲ ပတ်ဝန်းကျင်ရဲ့ ပိုင်းဖြတ် သတ်မှတ်ပေးလိုက်မှုအောက်မှာ ဘဝအဓိပ္ပာယ်မဲ့နေပုံကို ထင်ဟပ်ထားတာပါ။

`ကျနော်ကဘာသာမဲ့´လို့ ပြောလိုက်ရင် လူတွေက ခေါင်းခါခါ လက်ခါခါနဲ့ လက်မခံချင်ကြပါဘူး။ ဘာဖြစ်လဲဗျာ၊ ကိုယ့်ဖာသာ ဘယ်ဘာသာမှ မယူဘဲနေတာ၊ ဥပဒေကျုးလွန်နေတာ သူများနစ်နာအောင် လုပ်နေတာမှ မဟုတ်ပဲ။ လူဖြစ်လာရင် ဘာသာတစ်ခုခုယူရမယ်လို့ ဘယ်လိုအချက်ကများ တရာသေပြဋ္ဌာန်းနိုင်မှာပါလိမ့် ?။

ဖြစ်တည်မှုနှင့် အနှစ်သာရ[ပြင်​ဆင်​ရန်​]

ဖြစ်တည်မှုဝါဒရဲ့ အဓိက အဆိုပြုချက်ကတော့ `ဖြစ်တည်မှုဟာ အနှစ်သာရထက် အရင်ကျတယ်´ (existence precedes essence) ဆိုတာပါ။ လူသားအဖြစ် ဖြစ်တည်နေမှုဟာ လူသားကို အဓိပ္ပာယ်ဖွင့်၊ ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဆိုတဲ့ အပေါ်ယံသကာလောင်းမှုတွေထက် ပိုပြီး အခြေခံကျတယ်လို့ ဆိုလိုတာပါ။ ဒီသဘောတရားဟာ ဆင်ခြင်တုံတရားဝါဒ (Rationalism) ၊ ဆင်ခြင်မှု (rational consciousness) သက်သက်ကို အားပြုတဲ့ ဒေးကား (Descartes ပြင်သစ်တွေးခေါ်ပညာရှင် ၁၅၉၆-၁၆၅၀) စတဲ့ အနောက်တိုင်းက အစဉ်အလာ ဆင်ခြင်မှု ဒဿနသမားတွေကနေ လမ်းခွဲထွက်လိုက်ပါတယ်။

ဆာ့တ်ရဲ့ ဖြင်တည်မှုဝါဒဟာ အဲဒီကာလ ပြင်သစ်ရဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ ကောက်ချက်ဆွဲခြင်းဟာ လက်ခံဖို့ရှိပေမယ့် ဒီတချက်တည်းကြောင့် ဒီဝါဒမျိုးပေါ်တာပါလို့ ဆိုချင်တယ်ဆိုရင်တော့ ကောက်ချက် တိမ်လွန်းတယ်လို့ ပြောရမှာပါပဲ။