မျောက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မျောက်
Monkeys
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစဉ် Primates

မျောက် များသည် နို့တိုက်သတ္တဝါများဖြစ်ကြပြီး ပရိုင်းမိတ်ဟု ခေါ်ဆိုသည့် အုပ်စုထဲတွင် ပါဝင်သည်။ လူဝံသည် မျောက်မျိုးနွယ်စုတွင် မပါဝင်ပေ။ မျောက်များသည် တတ်သိနားလည်၍ ယဉ်ပါးသော သတ္တဝါများဖြစ်ကြပြီး သစ်ပင်များကို လျှင်မြန်စွာ တက်နိုင်သည့်အချက်ကြောင့် လူသိများသည်။ မျောက်တိုင်း လိုလိုတွင် အလွန်တိုသော အမြီးမျှ ဖြစ်စေ ပါရှိတတ်သည်။

မျောက်အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အချို့မျောက်များသည် သစ်ပင်ပေါ်တွင် နေထိုင်ကြပြီး အချို့မှာ မြေကြီးပေါ်တွင် နေထိုင်ကြသည်။ ကွဲပြားခြားနားသော ပရိုင်းမိတ် မိသားစုဝင်များမှ မျောက်မျိုးကွဲများသည် အစားအစာ အမျိုးမျိုးကို စားသုံးလေ့ ရှိကြသည်။ ထိုအစားအစာများတွင် သစ်သီးများ၊ သစ်ရွက်များ၊ အင်းဆက်များ၊ ပန်းပွင့်များ၊ အသေးစား နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ၊ ကဏန်းများ ပါဝင်ပြီး အခြားမျောက်များကိုပင် စားသုံးသော မျောက်မျိုးကွဲများ ရှိသည်။ အချို့က မျောက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလေ့ ရှိကြသော်လည်း သူတို့၏ ဉာဏ်ရည် ထက်မြက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု ပိုမို လိုအပ်ခြင်းတို့ကြောင့် မမွေးသင့်ပေ။ မျောက်များသည် သစ်တောများ၊ ဆာဗားနား မြက်ခင်းများ၊ သဲကန္တာရများတွင် နေထိုင်လေ့ ရှိကြပြီး ရေခဲနေသော တောင်များပေါ်တွင် နေထိုင်သော မျောက်များပင် ရှိသည်။


မျောက်ပြ၍ ဆန်တောင်းသည်၊ မျောက်အုန်းသီးရသလို၊ မျောက်မထားသည် ၊ မျေက်သားစားချင် မျောက်မျက်နှာ မကြည့်နှင့်၊ မျောက်ရှုံးသည့်ကလေးစသည်ဖြင့် မျောက်နှင့် ခိုင်းနှိုင်းသည့်စကားပုံများစွာပင် မြန်မာလူမျိုးတို့ ပြောဆိုခဲ့သည် ကိုထောက်၍ မျောက်များသည် လူတို့နှင့် မည်မျှ နီးစပ် ဆက်သွယ်နေကြောင်း သိသာနိုင်ပေသည်။ သက်ရှိ သတ္တဝါ တို့တွင် မျောက်သည် လူနှင့် အတူဆုံးတိရစ္ဆာန်ဖြစ်သဖြင့် အင်္ဂလိပ်လူမျိုး သိပ္ပံဆရာကြီး ဒါဝင်က လူများသည် မျောက်များမှ အဆင့်ဆင့်ယဉ်ကျေး တိုးတက်လာသူများ ဖြစ် သည်ဟုပင် ရေးသားဖော်ပြခဲ့လေသည်။ မျောက်များသည် လူတို့ ပြုလုပ်သမျှကို ခဏနှင့်ပင် အတုခိုး၍ လုပ်နိုင်သော သတ္တဝါမျိုးဖြစ်၏။ လူတို့က မဲ့ရွဲ့ပြလျှင် ပြန်၍ မဲ့ရွဲ့ပြတတ်၏။ လူတို့ လုပ်ခိုင်းသမျှ လုပ်တတ်၏။ နေထိုင်စားသောက်ပုံမှစ၍ လူတို့နှင့်အလွန်တူလေသည်။

မျောက်သည် လူကဲ့သို့ပင် လက်ချောင်းများ လက်မများပါရှိ၍ ကိုင်တွယ်သွားလာနိုင်သော သတ္တဝါဖြစ်၏။ သို့ရာတွင် လူတို့ ကဲ့သို့ ခြေနှစ်ချောင်းနှင့် လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးကား မဟုတ်ပေ။ မျောက်သည် မြေပြင်တွင် သွားသောအခါ လေးဖက်သွားတတ်သဖြင့် ခြေလေးချောင်းရှိသော သတ္တဝါမျိုး ဟုလည်း ထင်ကောင်းထင်ကြပေမည်။ အမှန်တွင်မူ မျောက်သည် ခြေလေးချောင်းရှိသော သတ္တဝါမျိုးလည်း မဟုတ်၊ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးလည်း မဟုတ်ချေ။ သူတို့၏နောက်ခြေဟု ထင်ရသည့် အချောင်း နှစ်ချောင်းမှာ လက်များကဲ့သို့ပင် မည်သည့် အရာဝတ္ထုကိုမဆို ဆုပ်နိုင်ကိုင်နိုင်ခြင်း၊ သစ်ကိုင်းစသော ကိုင်တွယ်စရာတို့ကို ဆုပ်ကိုင်ကာ ကိုယ်ကို စောက်ထိုးတွဲလဲပြုနိုင်ခြင်းစသည် တို့ကြောင့် ခြေမဟုတ် လက်များသာဖြစ်ကြသဖြင့် မျောက် သည် လက်လေးဖက်ရှိသောသတ္တဝါဖြစ်သည်ဟု ဆိုရပေမည် ။ ရှေ့လက်နှစ်ချောင်းကား နောက်လက်နှစ်ချောင်းထက် ပို၍ ရှည်ကြ၏။

မျောက်သည် လက်လေးဖက်ရှိသည့်အတိုင်း မြေပေါ်တွင် သွားသောအခါ လက်များကို ဆုပ်လျက်လက်ဖနောင့်ဖြင့်သာ သွားကြ၏။ သို့ရာတွင် သစ်ပင်များပေါ်တွင်လည်းကောင်း လှောင်အိမ်တွင်းရှိ တန်းများပေါ်တွင်လည်းကောင်း ပေါ့ပါး လျင်မြန်စွာ ခုန်ပေါက်ပြေးလွှားနိုင်ကြလေသည်။ မျောက်သည် အလွန်ပင်ပေါ့ပါးလျင်မြန် ဖျတ်လတ်၍ လိမ်မာမှုလည်းရှိသည်။ အစားအစာကိုပစ်ပေးက မြေသို့ မကျမီ ဖမ်းယူနိုင်ကြ၏။ မျောက်သည် အချိန်ရှိသရွေ့ အငြိမ်မနေ လှုပ်ရှားပြေးလွှား ကစားနေတတ်သော သတ္တဝါမျိုး ဖြစ်လေသည်။

မျောက်ဆိုလျှင် လူအများမြင်ဘူးကြသော ခွေးငယ်အရွယ် အမွှေးဖွားဖွား အမြီးရှည်ရှည်နှင့် လူနှင့်အလွန်တူသော သတ္တဝါ လေးများကိုသာ ထင်မြင်ကြပေမည် ။ အမှန်မှာ ကမ္ဘာပေါ်တွင် မျိုးပေါင်း မရေမတွက်နိုင်လောက်အောင် ကွဲပြား မြောက်မြား လှသဖြင့် ရုပ်ဆင်းသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ မျောက် အမျိုးတိုင်း၌ လက်လေးဖက်ရှိသည်မှလွဲ၍ အခြား ရုပ်ဆင်း သဏ္ဌာန်တို့ကား တူညီကြသည်မဟုတ်ပေ။ အချို့ မျောက်များ သည် ရှဉ့်ကလေး အရွယ်မျှသာရှိ၍ အချို့ကား ခွေးအကြီးစား အရွယ်ခန့်ပင် ရှိ၏။ အချို့ မျောက်များ၏အမြီးတို့သည် ဖွား၍ အချို့ကား သာမန်အနေမျှသာ အမွှေးရှိသည်။ အချို့ကား အမြီးရှည်ဖြစ်ပြီးလျှင်၊ အချို့ကား အမြီးတိုဖြစ်ကြသည်။

အချို့ မျောက်မျိုး၏ မျက်နှာတွင် အမွှေးရှည် ဖုံးအုပ်နေ၍ အချို့ မျောက်မျိုး၏ မျက်နှာတွင် လုံးဝ အမွှေးမရှိချေ ။ ထိုမျှသာမကသေး၊ မျက်နှာပုံချင်းလည်း မတူကြချေ။ အချို့မှာ ခွေးနှင့်တူ၍၊ အချို့မှာ ဝက်နှင့်တူသည်၊ အချို့မှာ အမယ်အို နှင့်ပင် တူကြသည်။ ထို့အပြင် နှာနီသောအမျိုး၊ ပါးစောင်နီသော အမျိုး၊ နှာခေါင်းလန်သောအမျိုး၊ ပါးမုန်းမွှေးရှိသော အမျိုး၊ လက်တံအလွန်ရှည်သော အမျိုးဟူ၍လည်းအမျိုးကွဲကြသေး သည်။ ထိုသို့ အိင်္ဂါရုပ် အမျိုးမျိုးကွဲပြားရုံမျှမက အမွှေးရောင် လည်း အမျိုးမျိုးရှိကြသည်။ အချို့မျောက်တို့၏ အမွှေး သည် နက်၏။ အချို့မှာ မီးခိုးရောင်ဖြစ်သည်။ အချို့မှာ ညို၍ အချို့မှာ အဖြူရောင်၊ အစိမ်းပုပ်ရောင်၊ လိမ်မော်ရောင်စသည် ရှိကြသည်။

မျောက်များသည် ပူအိုက်စွတ်စိုသော ဒေသများ၌ အထူး ပေါများကြသည်။ မြန်မာနိုင်ငံ သစ်တောကြီးများတွင် မျောက်အုပ်ကြီးများ ရှိကြရာ၊ အချို့ လူများသည် မျောက်သား စားရန် လိုက်လံပစ်ခတ်လေ့ ရှိကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပါးတောင်နှင့်မုံရွာမြို့ အနောက်ဖက်ရှိ ဖိုးဝန်းတောင်တို့၌ မျောက်များစွာ ရှိရာ၊ ဘုရားဖူးလာသူများ၏ လက်တွင်းမှ သစ်သီးဝလံ အစားအစာများကိုပင် ယူငင် စားသောက်တတ်ကြလျက် ယဉ်ပါးနေကြလေသည်။

အာရိကတိုက်၊ အာရှတိုက် တောင်ပိုင်းနှင့် တောင်အမေရိက တိုက်ရှိ ပူအိုက်စွတ်စိုသည့် အရပ်များတွင် မျောက်အမျိုးမျိုး ရှိကြသော်လည်း မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အလွန်အေးသောဒေသများတွင်မူ မျောက်ကို မတွေ့ရချေ။ မြောက်အမေရိကတိုက်တွင် မက္ကဆီကိုနယ်၌ လည်းကောင်း၊ ဥရောပတိုက်တွင် ဂျီဗရောတား တောတောင်ဒေသများ၌ လည်းကောင်း မျောက်များကို အနည်းအကျဉ်းမျှသာ တွေ့ရှိရသည်။ မျောက်သည် အပူကြိုက်သော သတ္တဝါမျိုး ဖြစ်သဖြင့် အေးမြသောဒေသများတွင် မနေနိုင်ကြချေ။

တောင်အမေရကတိုက်ရှိ မျောက်မျိုးနှင့် အာဖရိကတိုက်၊ အာရှတိုက် တောင်ပိုင်းရှိ မျောက်မျိုးများမှာ အလွန် ကွဲပြား ခြားနားကြသည့်အလျောက် မျောက်တို့ကို မည်သည့် ဌာနေများ ဖြစ်ကြောင်း လွယ်ကူစွာပင် ခွဲခြားပြောပြနိုင် လေသည်။

အာဖရိကတိုက်နှင့် အာရှတိုက်ရှိ မျောက်များထက် တောင်အမေရိကတိုက်ရှိ မျောက်များသည် အမြီးကို လက်သဖွယ် အသုံးပြုနိုင်ကြသည် အမြီးဖြင့် သစ်ကိုင်းများကို ရစ်ပတ်ကာ ကိုယ်ကို တွဲလဲပြု၍ ကစားခုန်လွှားနိုင်ကြသည်။ အာရှ၊ အာဖရိက စသောဒေသများရှိ မျောက်များကား သူတို့၏ အမြီးကို ထိုသို့ အသုံးမပြုနိုင်ကြချေ။

တောင်အမေရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းမှာ ခပ် ပြားပြားဖြစ်၍ နှာခေါင်းပေါက်ချင်းလည်း ဝေးသည်။ အာရှ၊ အဖရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းပေါက်ချင်း အကွာအဝေးမှာ တောင်အမေရိကမျောက်တို့လောက် မဝေးလှချေ။ အာရှတိုက်နှင့် အာဖရိကတိုက်ရှိ မျောက်များ၏ ပါးစောင်တွင် အိတ်များပါရှိသဖြင့် အစားအစာများကို ထိုပါးစောင်အိတ်တွင် ထည့်ယူလျက် အလိုရှိမှ ထုတ်ယူ စားသုံးနိုင်ကြသည်။

သို့ရာတွင် တောင်အမေရိက မျောက်များ၌ကား ထိုကဲ့သို့ ပါးစောင်အိတ်များ မပါကြချေ။ အခြား ကွဲပြားချက် တစ်ခုကား အာရှ၊ အာဖရိကတိုက်တို့၌ နေထိုင်ကြသော မျောက်မျိုးတို့တွင် အမွှေးမပေါက်သည့် အရေထူ တင်ပါး အသားမာ ဖတ်ကြီးများရှိကြသဖြင့် သစ်ကိုင်းများပေါ်တွင် လွယ်ကူသက်သာစွာ ထိုင်လျက် စားသောက်နိုင်ကြလေသည်။

တောင်အမေရိက မျောက်များ၌ကားထိုကဲ့သို့ မပါရှိကြချေ။ အာရှနှင့် အာဖရိကတိုက်ရှိ မျောက်များသည် တောင်အမေရိက တိုက်ရှိ မျောက်များထက် အမွှေးရောင် မျိုးစုံလေသည်။

မျောက်များသည် သစ်တော်ထူထပ်ရာအရပ်တွင် နေထိုင်လျက် အများအားဖြင့် သစ်ဥသစ်သီးများကို စားသောက်ကြသည်။ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ဆူညံစွာ ဟစ်အော်လျက် သွားလာနေထိုင်ကြသဖြင့် မျောက်ရှိသောနေရာကို အဝေးကပင် သိနိုင်ကြသည်။

နေထွက်ချိန်နှင့် နေဝင်ချိန်တို့မှာ မျောက်တို့ အစာစားချိန်ဖြစ် သဖြင့် အဆူညံဆုံး ဖြစ်လေသည်။ မျောက်တို့သည် တောတွင်း ချောင်းကမ်းစပ်ရှိ သစ်ပင်များ၌ အထူးသဖြင့် နေထိုင်တတ်ကြသည်။

မျောက်အုပ်တိုင်းတွင် အကြီးအမှူးခေါင်းဆောင် တစ်ကောင်စီ ရှိမြဲဖြစ်သည်။ မျောက်ခေါင်းဆောင်သည် လိမ်မာပါးနပ်၍ သတ္တိရှိပြီးလျှင် မျောက်အပေါင်းတို့၏ ဘေးအန္တရာယ်ကို အမြဲပင် ဂရုစိုက် စောင့်ရှောက်တတ်သည်။ ထို ခေါင်းဆောင် အား မျောက်အုပ်တွင်းရှိ မျောက်တိုင်းကပင် ရိုသေလေးစား ကြသည်။ ရန်သူနှင့် တွေ့သောအခါ ခေါင်းဆောင်ဖြစ်သော မျောက်သည် ကျယ်လောင်စွာ ဟစ်အော်ခြင်းဖြင့် မျောက်အုပ် အား သတိပေးလိုက်လျှင် မျောက်အပေါင်းတို့သည် ရုတ်တရက် အသံဆိတ်စွာနေထိုင်ကြလျက်ရန်သူမမြင်နိုင်စေရန် ငြိမ်နေတတ်ကြသည်။

မျောက်အုပ်တိုင်းပင် ကိုယ်ပိုင်ဟု သီးသန့်သတ်မှတ်ထားသော နယ်ပယ်အတွင်း၌သာ အစာရှာခြင်း၊ ကစားခြင်း၊ အိပ်ခြင်းပြု လုပ်လေ့ရှိသည်။ ယင်းတို့ အမြဲနေသော နေရာကိုသာ ယင်းတို့ပိုင်သည်ဟု ယူဆကြသည်။ တစ်ခါတစ်ရံ အခြား ဖက်မှ မျောက်များသည် ထိုနယ်အတွင်းသို့ ကျူးကျော်ဝင် ရောက်လာခဲ့သော် ဝိုင်းဝန်းတိုက်ခိုက်၍ မောင်းနှင် ထုတ်တတ်ကြသည်။ တစ်ခါတစ်ရံ မျောက်တစ်အုပ်နှင့်တစ်အုပ် အပြင်း အထန် တိုက်ခိုက်တတ်ကြ၍ နိုင်သည့် မျောက်အုပ်သည် ရှုံးသော မျောက်အုပ်ကိုမောင်းထုတ်ကာ ထိုနယ်ကို ကြီးစိုး လိုက်လေသည်။

မျောက်များသည် တောတောင်ရှိ သစ်သီး သစ်ဥများကိုသာ မှီဝဲစားသောက်ကြသော်လည်း အစားအစာ ရှားပါး၍ ငတ်မွတ် လာသောအခါ လူတို့စိုက်ပျိုးထားသော တောင်ယာပဲခင်းများသို့ ဝင်ရောက်၍ စားသောက် ဖျက်ဆီးတတ်ကြသည်။ ယင်းသို့ ဝင်ရောက်စားသောက်သည့်အခါလည်း ခေါင်းဆောင်မျောက် ကပင် ဦးဆောင်၍ သွားလေ့ရှိလေသည်။ အသီးအနှံများကို ယာတွင်း၌ မစားကြဘဲသူတို့၏ ပါးစောင်အိတ်များ၌ အပြည့် ထည့်ကာ ခေါင်းဆောင်နှင့်အတူ နေရင်းအရပ်သို့ပင် ပြန်သွား လေ့ရှိကြသည်။

မျောက်တိုင်းပင် သစ်ပင်ပေါ်၌ ခုန်လွှားပြေးသွားရာတွင် ကျင်လျင်လေသည်။ မျောက်မများသည် သားငယ်တို့ကို ပိုက်၍ ခုန်လွှားနိုင်ကြ၏။ တောင်အမေရိကတိုက်ရှိ မျောက်များသည် အခုန်အလွှားတွင် အခြားတိုင်းပြည်များရှိမျောက်များထက်ပို၍ ကျင်လျင်ကြသည်။ အမြီးကို လက်သဖွယ် သစ်ကိုင်းများတွင် ရစ်ပတ်၍ တွဲလဲပြုကာ အရှိန်ဖြင့် လွှဲလျက် တစ်ပင်မှတစ်ပင်သို့ ခုန်နိုင်ကြ၏။

မြေကြီးမှ ပေ ၄ဝ အမြင့်တို့၌ပင် ထိုသို့ လွှဲခုန်ကာ သွားလာ နေတတ်ကြသည်။ သစ်ပင်ပေါ်မှ ဆင်းသက်ခဲလှ၍ ရေသောက် သောအခါ၌ပင် အမြီးဖြင့် သစ်ကိုင်းကို ရစ်ပတ်ကာ တွဲလဲပြု၍ ရေသောက်တတ်ကြသည်။ တောင်အမေရိကတိုက်ရှိ မျောက်များ သည်လူတို့၏ တောင်ယာပဲခင်းများကို ဝင်ရောက် စားသောက် ဖျက်ဆီးလေ့ မရှိကြချေ။ သို့ရာတွင် သူတို့၏ အသားနှင့် အမွှေးများအတွက်လိုက်လံဖမ်းဆီးခြင်း ခံကြရလေသည်။

ကမ္ဘာပေါ်တွင် မျက်နှာရှုံ့ မျောက်မျိုးထဲမှ အငယ်ဆုံးဖြစ်သော မျောက်မျိုးနှစ်မျိုးသည် အာဖရိကတိုက် တောင်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းတို့တွင် ရှိကြသည်။ ထိုမျောက်မျိုးသည် အကောင် ရေများပြားစွာ အုပ်ဖွဲ့၍ နေတတ်ကြပြီးလျှင် အလွန်သတိရှိ၍ ပါးနပ်ကြသည်။ ယင်းတို့နယ်တွင်းသို့ သူစိမ်းတရံစာ လူသတ္တဝါတို့ရောက်လာလျှင် လုံးဝ အသံတိတ်လျက် မလှုပ်မယှက် ငြိမ်သက်စွာ နေတတ်ကြသဖြင့် ယင်းတို့ကို တွေ့ရန် ခက်လှပေသည်။ ထိုမျောက်မျိုး၏ မျက်နှာနှင့် လက်များသည် မည်းနေသည့်ပြင် ကိုယ်ရှိ အမွှေးမှာ အစိမ်း ရောင်သန်းသော မီးခိုးရောင်ဖြစ်သဖြင့် သစ်ရွက်များနှင့် ခွဲခြား ၍ မရအောင် ရှိကြသည်။ အချို့ မျောက်များ၏ အမွှေးမှာ ရေညှိအစိမ်းပုပ်ရောင်ရှိ၍ အချို့ မျောက်တို့၏ မေးဖျားနှင့် ပါးမုန်းမွှေးတို့မှာ ဖြူနေကြသည်။

မျက်နှာရှုံ့ မျောက်မျိုးထဲမှ အကြီးဆုံးနှင့် အရဲရင့်ဆုံးသော မျောက်နီမျိုးကို အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသည်။ ထိုမျောက်နီမျိုးသည်လည်း အုပ်ဖွဲ့ကာ နေထိုင်တတ်ကြ၏။ သို့ရာတွင် ရန်သူတစ်စုံတစ်ယောက်သည် ယင်းတို့ နယ်အတွင်း ချဉ်းနင်းဝင်ရောက်လာလျှင် အခြား မျောက်တို့ကဲ့သို့ ငြိမ်သက်စွာ ပုန်းအောင်းမနေဘဲ ကျူးကျော်ဝင်ရောက်လာသော ရန်သူတို့အား ယင်းတို့လက်လှမ်းမှီရာ သစ်သီးများ၊ တုတ်ချောင်းများ၊ သစ်ကိုင်းသစ်ခွများနှင့်ပစ်ခတ်လေ့ရှိကြသည်။

တစ်ခါတစ်ရံ ယင်းတို့နေထိုင်ရာ သစ်တောကို ဖြတ်သန်း စီးဆင်းသော မြစ်ချောင်းများအတွင်း၌ သွားလာသည့် လှေသမားများကိုပင် မျောက်နီ အုပ်ကြီးသည် မိုင်ပေါင်းများစွာ သစ်ပင်ခေါင်ဖျားမှလိုက်၍ အမျိုးမျိုး ပစ်ခတ်တတ်ကြသည်။

အာဖရိကတိုက်ရှိ မျက်ကွင်းဖြူ မျောက်ငယ်မျိုးများမှာမူ မျောက်နီများကဲ့သို့ ဆိုးသွမ်း ကြမ်းကြုတ်ခြင်းမရှိဘဲ၊ နှုးညံ့ သိမ်မွေ့သဖြင့် လူတို့မွေးမြူလေ့ ရှိကြသည်။ ထိုမျောက်မျိုး တို့ကို တိရစ္ဆာန်ရုံများတွင် တွေ့ရှိနိုင်သည်။ သင်ပြ၍ အလွန် တတ်လွယ်ကြသည်။

အချို့ မျက်ကွင်းဖြူ မျောက်များ၏ အမွှေးမှာ ရှည်၍ အရောင်မှာ မည်းနက်ကာ သပိတ်ရောင်ထနေသည်။ အချို့ မျောက်တို့၏ အမွှေးများမှာ အမည်းရောင်ပေါ်တွင် ဆွတ်ဆွတ်ဖြူ လည်ဆံမွှေးနှင့် အမြီးမွှေးတို့က ကျားလျက် ရှိသည်။ ယင်းတို့၏ အရေကို အဖိုးတန်သားမွှေးထည်များ ပြုလုပ်ရန်အတွက် မုဆိုးများသည် ထိုမျောက်များကို လိုက်လံဖမ်းဆီးကြလေသည်။ အက်ဗီဆီးနီးယားနိုင်ငံမှ စစ်ဗိုလ်ကြီးများသည် ရာထူးအလိုက် ယင်းတို့၏ ဒိုင်းများကို ထိုမျောက်မွှေးရှည်များဖြင့် တန်ဆာဆင်ထားလေ့ရှိကြ၏။

ဥရောပနှင့် အမေရိကတိုက်တို့တွင် ခေတ်ဆန်သော အမျိုးသမီး များသည် ထိုမျောက်မွှေးရှည်များကို ယင်းတို့၏ အင်္ကျီရှည် အနားတစ်လျှောက်တွင် ကွပ်လျက် ဝတ်ဆင်လေ့ရှိကြသည်။ အမွှေးအဖြူများရှိသော မျောက်ကလေးများတွင် လက်မ မပါဘဲ၊ လက်ချောင်း ၄ ချောင်းသာပါသည်။ လက်မမှာအရာသာသာ ငုတ်တိုလေးမျှသာ ဖြစ်သဖြင့် ဆုပ်ကိုင်ရာ၌ အသုံးမပြုနိုင်ပေ။ သို့ရာတွင် ထိုမျောက်ကလေးများသည် အခြားမျောက်များ ကဲ့သို့ပင် လွယ်ကူစွာ သွားလာခုန်လွှားနိုင်ကြလေသည်။ မျောက်အပေါင်းတို့တွင် အိန္ဒိယနိုင်ငံရှိ ဟနုမန်ခေါ် မျောက်မျိုး တို့ကဲ့သို့ မည်သည့် မျောက်မျိုးမှ ကံမကောင်းနိုင်ချေ။ ဟနု မန် မျောက်များကို ဟိန္ဒူ လူမျိုးများသည် အထွတ်အမြတ် ထားကြ၏။ အနည်းငယ်မျှပင် နာကျဉ်အောက် မရိုက်ဝံ့ကြချေ။

ဟနုမန်မျောက်မျိုးမှာ အတော်အတန် ကြီးမားသည်။ ကိုယ်တွင် ညိုသော်လည်း၊ မျက်နှာနှင့်လက်များမှာ မည်းနေသည်။ အမြီးမှာ သေးသွယ်ရှည်လျားသည်။ ယင်းတို့သည် သစ်တော ကြီးများတွင် နေသည်မှာ မှန်၏။ သို့ရာတွင် ယင်းတို့နေထိုင် ရာ အနီးရှိ တောလက်ကျေးရွာများသို့ အစုလိုက် အအုပ်လိုက် လာရောက်ကြလျက် ရွာတွင်းရှိ ပစ္စည်းများကို သူတို့ပိုင် သကဲ့သို့ ထင်သလိုပြုလုပ်တတ်ကြသည်။ ရွာဈေးများအတွင်း သို့ အုပ်လိုက်ဝင်ရောက်လျက် မုန့်များ၊ သစ်သီးများ၊ ထမင်း ဟင်းများကို လုယူစားသောက်ကာ ပြန်သွားတတ်ကြသည်။

သို့ရာတွင် ဟိန္ဒူတို့သည် ထိုမျောက်များကို အထွတ်အမြတ် ထားကြသူများ ဖြစ်သဖြင့် မျောက်တို့လုပ်သမျှ ကြည့်နေ၍ အပျက်အစီးအဆုံးအရှုံးခံကြသည်။ တစ်ခါတစ်ရံ ထိုမျောက် တို့သည် ရွာတွင်းသို့ ဝင်၍ အိမ်ခေါင်မိုးများပေါ်သို့ တက်ကာ အိမ်များအတွင်းရှိလိုရာပစ္စည်းမျာကို ဆွဲယူထွက်ပြေးတတ် ကြသည်။ တစ်ခါတစ်ရံ အမိုးများကို ဖျက်ဆီးပစ်ခဲ့ကြသဖြင့် မိုးအခါတွင် များစွာ ဒုက္ခရောက်ကြရသည်။ သို့ရာတွင် ဟနုမန်မျောက်မျိုးကား ဘေးမဲ့ထားခြင်းခံရသဖြင့် ထိုသို့သော နှောင့်ရှက်ဖျက်ဆီးမှုတို့ကြောင့် လူတို့၏ ရိုက်ပုတ်ညှဉ်းပန်း ခြင်းကို မခံယူကြရပေ။

လူနှင့် ဝေးလှသော တောကြီးများတွင် နေကြသော ဟနုမန် မျောက်များပင်လျှင် လူကို တွေ့ရှိက မှတ်မိသည့် မိတ်ဆွေကဲ့ သို့ပင် သစ်ပင်များပေါ်မှလာ၍ ဝမ်းသာအားရ နှုတ်ဆက် တတ်ကြလေသည်။ ကျား၊ ကျားသစ် စသော ရန်သူတို့နှင့် တွေ့သောအခါမူလက်ညှိုးတထိုးထိုးပြုလျက် စူးရှစွာ ဟစ်အော် တတ်ကြသည်။ ဟနုမန်မျောက်များ၌ ပါးစောင်အိတ် မရှိကြချေ။ အခုန်သန်သည့် ဟနုမန်တို့ကဲ့သို့ အခုန်သန်သော မျောက်များသည် ပူအိုက်စွတ်စိုသော သစ်တောကြီးများတွင်သာ နေတတ်ကြသော်လည်း အချို့ အမျိုးတို့သည် ဟိမဝန္တာတောင် ပေါ်ရှိ ဆီးနှင်းလွှမ်းတတ်သည့် ထင်းရှူးတောများတွင် နေထိုင် တတ်ကြသေးသည်။ တရုတ် နိုင်ငံတွင်လည်း ထိုကဲ့သို့ ဆီးနှင်းရှိရာ မြင့်မားသော တောင်တန်းကြီးများတွင် နေနိုင် ကြသည့် မျောက်မျိုးရှိလေသည်။

တောင်အမေရိကတိုက်တွင် ရှဉ့်ထက် အနည်းငယ်မျှသာ ကြီး၍ အမွှေးရှည်သော အလွန်လှသည့် မျောက်ကလေးမျိုးရှိ၏။ ယင်းသည် ၈ လက်မခန့် ရှည်၏။ သူ၏ အမြီးမူကား တစ်ပေခန့် ရှည်၍ အမွှေးဖွားသည်။ ယင်း၏ ချွန်နေသော နားရွက်ကလေး၊ လူမျက်နှာနှင့် တူသော မျက်ခွက်နှင့် လက်များ ကြောင့်သာ မျောက်ဟုသိရသော်လည်း ရုတ်တရက်မူ ရှဉ့်ကလေးဟူ၍သာ အထင်မှားတတ်ပေသည်။ ထို့ကြောင့် ယင်းမျောက်ကလေးများကို ရှဉ့်မျောက်ဟု ခေါ်ကြသည်။ မိုးသည်းထန်စွာ ရွာသွန်းသောအခါ ဤရှဉ့်မျောက်ကလေး များသည် အနီးအနားရှိ အရွက်အထူဆုံး သစ်ပင်ကြီး တစ်ပင် ပေါ်တွင် တစ်စုတည်းနေလျက် တစ်ကောင်၏ လည်ပင်း ပေါ်တွင် တစ်ကောင်၏ အမြီးကို ပတ်ထားကာ အချင်းချင်း မှီလျက်နေခြင်းဖြင့် အအေးဒဏ်မှ ကာကွယ်ကြသည်။

တောင်အမေရိကတိုက်ရှိ တောကြီးများတွင် ဆူညံစူးရှစွာ အူတတ်သော မျောက်တစ်မျိုးလည်း ရှိသေးသည်။ ထိုမျောက်မျိုး တွင်အသံကို ဖြစ်စေသော လေအိတ် ၆ ခုစီပါရှိသဖြင့် ယင်းတို့၏ အသံမှာ အထူးပင် ကြယ်လောင်စူးရှလှပေသည်။ တောင်အမေရိကတိုက်တွင် အခြား ထူးဆန်းသည့် မျောက် တစ်မျိုးမှာ ပင့်ကူမျောက်ပင်ဖြစ်သည်။ ကျောပေါ်တွင် အမွှေး ထူထဲစွာ ပေါက်နေ၍ အမြီးနှင့် လက်တံများသည် သေးသွယ် ရှည်လျားရကား ရုတ်တရက်သော် ပင့်ကူကြီးနှင့်တူလှ၏။

ထို့အပြင် ကျောမွှေးနီရှိသော မျောက်မျိုးရှိသေး၏။ ထိုမျောက်မျိုး သည် လူတို့ကဲ့သို့ပင် ရေသောက်သောအခါ လက်ခုပ်ဖြင့်ယူ၍ သောက်တတ်ကြသည်။ ယင်းတို့သည် လွန်စွာနူးညံ့သဖြင့် လှောင်အိမ်နှင့် မွေး၍ မရသောကြောင့် တိရစ္ဆာန်ရုံများ၌ပင် မတွေ့မြင်ရချေ။

မြန်မာနိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် ဝက်မြီးကဲ့သို့ အမြီးလုံးရှိသော မျောက်မျိုးလည်း ရှိသေးသည်။ ဤမျောက်မျိုး သည် ကြီးသည့်အခါ လွန်စွာ ရက်စက်ကြမ်းကြုတ်သော အမျိုးဖြစ်၏။ သို့ရာတွင် ထိုမျောက်မျိုးကို ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေးမြူလျက် အုန်းပင်တက်၍ ရင့်မှည့်သော အသီးများကို ဆွတ်ခူးရန် သင်ပေးကာ အချို့လူတို့က အသုံး ချကြသည်။ ခြင်္သေ့၏အမြီးကဲ့သို့ အဖျားစွန်း၌အမွှေးဖွား ပါရှိ သော မျောက်တစ်မျိုးကိုလည်း သီဟိုဠ်ကျွန်း၌ တွေ့ရှိ၏။

အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသော မျောက် မောင်းမမျိုးမှ အကြီးဆုံးနှင့် အဆိုးဆုံးမှာ မန်ဒရီးခေါ် မျောက်မျိုးဖြစ်သည်။ မျက်နှာပုံမှာ ခွေးနှင့် ဆင်ဆင်တူသည့် အပြင် ချွန်ထွက်နေသော အစွယ်များကြောင့် အတော်ပင်အရုပ် ဆိုးသည်။ အမြီးမှာနှစ်လက်မခန့်မျှ ရှည်သော အငုတ် ကလေးဖြစ်၏။ မြေပြင်ပေါ်တွင် လေးဖက်လျှင်မြန်စွာ ပြေးနိုင်သော်လည်း သစ်ပင်တက်ရာတွင်လွယ်ကူစွာ မတက် နိုင်ချေ။ သစ်သီး သစ်ဥများအပြင် ပိုးမွှားများနှင့် တိရစ္ဆာန် ငယ်များကိုပါ စားသောက်တတ်ကြသည်။ တစ်ခါတစ်ရံ လူတို့စိုက်ပျိုးထားသော တောင်ယာ ပဲခင်းများကို ဝင်ရောက် ဖျက်ဆီးတတ်ကြသည်။

အာရေဗျနိုင်ငံနှင့် အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ မျောက်မောင်းမ တစ်မျိုးသည်လည်း ခွေးနှင့် ခပ်ဆင်ဆင် တူ၏။ ယင်းတို့ကို ရှေးအီဂျစ်လူမျိုးတို့ ကိုးကွယ်ရှိခိုးခဲ့ကြသည်။ တောင်အာဖရိကရှိ မျောက်ဝံထက် အနည်းငယ်ကြီးသော မျောက်တစ်မျိုးကို သိုးများထိန်းကျောင်းရန် ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေး၍ သင်ကြားပြသကာ အသုံးပြုကြသည်။ ယင်းတို့သည် ရဲရင့်၍ သစ္စာရှိသည်။ သိုးတို့အား ရန်မူလာသော မြွေကြီးများ၊ ကျား၊ ကျားသစ်စသည့် သတ္တဝါနှင့် လူများ ကိုပင် ရဲရင့်စွာ ခုခံတိုက်ခိုက်ကြသည်။ လူတို့လောက်ပင် သက်တမ်းရှည်သဖြင့် များစွာ အသုံးဝင်သော မျောက်မျိုး ဖြစ်သည်။

အာရှတိုက် အရှေ့တောင်ဖက်ရှိ ဗော်နီယိုကျွန်းတွင် ထူးဆန်း သော နှာတံရှည်မျောက်တစ်မျိုးရှိသေးသည်။ မျောက်ထီးကြီး ၏ နှာတံမှာ ဆင်၏ နှာမောင်းကဲ့သို့ ရှေ့သို့ထိုးထွက်နေလျက် တစ်မိုက်ခန့်ရှည်ကာ ဆင်နှာမောင်းကဲ့သို့ ဗယ်ညာ အထက် အောက်ရွှေ့ပြောင်းလှုပ်ရှားနိုင်သည့်အပြင် အတိုအရှည် အလိုရှိ သလို ရှုံ့နိုင် ဆန့်နိုင်သည်။

အပြည်ပြည်တွင် မိမိတို့ဆိုင်ရာ မျောက်နှင့် စပ်ဆိုင်သည့် ဝတ္ထုပုံပြင်များ ရှိကြလေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)