ပုပ္ပါးတောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပုပ္ပါးတောင်မကြီး

တည်နေရာ[ပြင်​ဆင်​ရန်​]

ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း ၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ် ၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။

ပေါ်ထွန်းလာပုံ[ပြင်​ဆင်​ရန်​]

ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည် [၁] မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။

ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် [၂]

ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်ပါသည်။ ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။

ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရပါသည်။ ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပားနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။ [၃]ကျွနု်ပ်တို့ခေတ် ပညာရှင်တို့ ကွင်းဆင်းလေ့လာ နိုင်သေးလျှင် ထို့ထက် တိကျကျယ်ပြန့်သော အဖြေထွက်ပေါ်လာ နိုင်စရာ ရှိပါသေးသည်။

ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း ဖြစ်နိုင်ပါသည်။

ရာဇဝင်လာ[ပြင်​ဆင်​ရန်​]

ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ ဧရာ၀တီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။

  1. အသံကြီးစွာ မြည်လျက် မြေငလျင်လှုတ်ခဲ့သည်။
  2. ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။
  3. စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။
  4. ပုပ္ပါးတောင် မြေကထွက်လာသည်။
  5. သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ [၄]

ထိုသို့ မြေအကြီးအကျယ် လှုတ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ [၅]

မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို ပုဂံခေတ်အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် ကျောက်ခေတ်ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပားကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။

ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိပါသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပားတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပားတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့ပါသည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။

ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပား[ပြင်​ဆင်​ရန်​]

မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် ပျူခေတ်က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိ်ုင်းတွင် ပုပ္ပားတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပားနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ (၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပားတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊ (၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့် (၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်ပါသည်။

ဤအချက်သုံးရပ်ကို အနည်းငယ် တိုးချဲ့ ရှင်းလင်းပြပါမည်။

ခေတ်သစ် မြန်မာသမိုင်းဆရာများ အဆိုအရ မြန်မာတို့သည် ပျူတို့နောက်မှ ဤမြေ၊ ဤရေဒေသသို့ ရောက်ရှိလာ ခဲ့ကြသူများဖြစ်ပြီး တတ္ထဒေသဟုခေါ်သော ဤအရပ်၌ပင် အရိမဒ္ဒန (ရန်မျိုးနှိမ်) မြို့ဟုခေါ်သော ပုဂံမြို့တော်ကို တည်ဆောက်၍ အုပ်ချုပ်လာခဲ့ကြသူများ ဖြစ်သည်။ ယင်းတို့သည် ပျူတို့ထံမှ ကောင်းမွေဆိုးမွေများကို ရရှိခံ စံခဲ့ကြ ပါသည်။ ထို့ကြောင့် ပုပ္ပားအကြောင်းကို ပုဂံခေတ်မတိုင်မီက စာပေအထောက်အထား မရရှိသော်လည်း ပုဂံသူ၊ ပုဂံသားတို့အနေဖြင့်မူ ယင်းတို့ အရင် နေထိုင်သွားခဲ့ကြသော ပျူတို့ထံမှ သိတန်သမျှ သိခဲ့ကြပါမည်ဟု ထင်ပါသည်။ ထိုတောင်ကို နတ်တောင်အဖြစ် စတင်ပြုလုပ်ခဲ့သည်မှာလည်း ပျူတို့ထံမှရရှိသော အမွေပင် ဖြစ်နိုင်ကောင်းပါမည်။ အကြောင်းမှာ ပျူမင်းထီး လက်ထက် မြန်မာမင်းတို့ ပုပ္ပားတောင်တက်ပွဲကို နှစ်စဉ် စတင်ကျင်းပခဲ့ကြောင်း ဆိုလာသောကြောင့် ဖြစ်ပါသည်။ (ကုလား၊ ပ၊ ၁၄၂)

မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောင်တက်ပွဲကျင်းပခဲ့သည်ကိုမူ အထင်အရှား မသိရပေ။ စင်စစ်မြင့်မြတ် သော နတ်တောင်ဟု အသိအမှတ်ပြုထားသောကြောင့်သာဟု ထင်မိပါသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်နေမှုမျိုး စောစောပိုင်းက မရှိသေးဟုလည်း တွေးဆရသည်။

ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း (အေဒီ ၉ဝ၄) လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေ ခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် ပုပ္ပားသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ လေတော့သည်။

မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင် စဉ်ဆက်မပြတ် ထားရှိ ကိုးကွယ်ခဲ့ကြဟန် ရှိပါသည်။ အဓိပ္ပာယ်မှာ ယင်းသည် တိုင်းပြည်နိုင်ငံစောင့်နတ်၊ အိမ်စောင့်နတ် (Guardian Spirit) ဟု ယုံကြည်လာခဲ့သောကြောင့် ဖြစ်လေသည်။ မင်းမှအစ ပြည်သူတရပ်လုံး တနှစ်တကြိမ် ထိုနတ်မောင်နှမ ကို ဖူးမြော်ရကြောင်းဆိုသဖြင့်လည်း မြန်မာတို့နတ် ကိုးကွယ်မှု အမြစ်တွယ်နေပြီ ဖြစ်ကြောင်း သိသာလေတော့သည်။ ယင်းကို အနိရုဒ္ဓနှင့် ရှင်အရဟံတို့၏ ထေရဝါဒဗုဒ္ဓသာသနာတော်က ချုပ်ငြိမ်း ကွယ်ပျောက်သွားအောင် မတတ်နိုင်ခဲ့ ပါ။ ယနေ့တိုင် မြန်မာအိမ်တိုင်းလောက်နီးပါး၌ အိမ်တွင်းမင်းမဟာဂီရိဟူ၍ ထားရှိကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။

ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူပါသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။

ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖိုု့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။ (ရာဇဝင်သစ်၊ပ၊ ၁၉၆၈၊ ၆၅)

ဤတွင် ပုပ္ပားနတ်သည် ထီးနန်းစိုးစံသောမင်းကို တရားဝင်အောင် လုပ်ပေးနိုင်သူဟူ၍ ယူဆရမည်ကဲ့သို့ ဖြစ်လာတော့သည်။ ပုပ္ပားနတ် စကားမပြောသော မင်းသည် တရားမဝင် သို့မဟုတ် မင်းရိုးမဟုတ်ဟု ယူဆရမည် ဖြစ်လာသောကြောင့် နတ်နှင့် မင်းတို့သည် အပြန်အလှန် အားဖြင့် အပေးအယူလုပ်ရန် လိုအပ်လာတော့သည်။ ရာဇဝင်ဆရာ တို့က မင်းရိုးကို နန်းပြန်ရစေလို၍ ဤဇာတ်လမ်းကို ထွင်ခဲ့လေသလောဟုလည်း တွေးဆဖွယ် ဖြစ်သည်။ မင်းရိုးမဟုတ်ဟု ခေတ်သစ်သမိုင်းပညာရှင်တို့ ယူဆယုံကြည်ထား သော ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းသည် မဟာဂီရိနတ်မင်းနှင့် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်း တွေ့ရှိရပြန်သဖြင့် ထိုမင်းကား မင်းရိုးဟု ဆိုလိုပြန်လေတော့သည် (ကုလား၊ပ၊၂၁၄) ။ ယင်းအသိ ကြောင့်ပင် ပုဂံမင်းတို့ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပနေကြရ ခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်တော့သည်။ ကျွဲဲ၊ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို သတ်၍ ပူဇော်ရသောကြောင့်လည်း ဤအလေ့အထ သည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုုင် လောက်အောင် ကွဲပြားလျက်ရှိနေပြန်ပါသည်။

ပုဂံခေတ်တွင် ပုပ္ပားကို ပုဂံ၏ နိုင်ငံရေး ကျောထောက်နောက်ခံနယ်ဟူ၍လည်း ယူဆထားခဲ့ကြဟန် ရှိသည်။ အနိရုဒ္ဓမင်းမဖြစ်မီ နောင်တော် စုက္ကတေးနှင့် အာဏာယှဉ်ပြိုင်ကြရမည် ရှိသောအခါ ယင်းသည် ပုပ္ပားသို့ထွက်ခဲ့၍ လူသူအလုံးအရင်း စုခဲ့ရလေသည် (ကုလား၊ပ၊ ၁၆၅) ။ ထို့အပြင် ပုပ္ပားသည် သူရဲကောင်းတို့ထွက်ရာအရပ် ဟူ၍လည်း ဆိုုနိုင်ကောင်းအံ့ထင်ပါသည်။

အနိရုဒ္ဓ၏ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပားသား ဖြစ်ကြောင်းနှင့် တွေ့ရှိရသည်။ ယင်းသည် ထွန်အရှဉ်း သုံးဆယ်ဖြင့် ထွန်ရေးမှန်အောင် ငင်နိုင်သောကြောင့် လူစွမ်းကောင်း ဖြစ်လာခဲ့ရသည် (ဦးကုလား၊ ပ၊ ၁၇၁) ။ စိုက်ပျိုးရေး အရေးပါသောခေတ်တွင် ဤမျှစွမ်းအားကြီး သောသူတဦး သူရဲကောင်းဖြစ်သည် ဆိုသည်မှာ ဖြစ်ထိုက်ပါပေသည်။ အကြောင်းမှာ တနေရာ တမျိုးမျိုးတွင် ခွန်အားပြနိုင်သူမှန်သမျှ သူရဲကောင်း ဖြစ်သောခေတ် ဖြစ်သောကြောင့်တည်း။ ငလုံးလက်ဖယ်သည် တကောင်းမှ ပန်းပဲမောင်တင့်တယ်၏ စွမ်းအားထက် လူမှုရေးအားဖြင့် အရေးပါအရာရောက်ပေသည်။ ကျောက်ခေတ်ကစ၍ ကာယဗလကို အခြေခံသော လူစွမ်းကောင်းခေတ် မကုန်ဆုံးသေးကြောင်း၊ အရေးပါဆဲ ဖြစ်ကြောင်း သာဓကပင် ဖြစ်တော့သည်။

အပြေးသန်လှ မြန်လှသော သထုံမှ ရောက်လာခဲ့သည့် ကုလားငယ် (ဗျတ္တ) သည်လည်း သူရဲကောင်းပင်။ ထို့အပြင် ရေကူးကောင်းသော ညောင်ဦးဖီး၊ ထန်းအတက်ကောင်းသော ငထွေရူး တို့သည်လည်း ထိုခေတ်၏ သူရဲကောင်း များပင် ဖြစ်ကြသတည်း။ ဗျတ္တသည် ပုပ္ပားတောင်မှ စံကားပန်းကို တနေ့ဆယ်ကြိမ် ယူငင်ဆက်ရသည်ဟု ဆိုသည် (ကုလား၊ပ၊ ၁၈ဝ) ။ ထိုဇာတ်လမ်းကို ချဲ့ထွင်စဉ်းစားသော် ပုပ္ပား၏ အရေးပါမှုသည် သမိုင်းတွင် ပိုမိုသိသာထင်ရှား လာခဲ့ပြန်သည်။ နတ်တောင်ဖြစ်လာသော ပုပ္ပားမှ (စံကား) ပန်းသည်လည်း တော်ဝင်ပန်း (ဝါ) နတ်ပန်း ဖြစ်လာခဲ့ရ တော့သည်။ ထို့ကြောင့် ရှေးက အမည်မသိစာဆိုတဦးက ပုပ္ပားမှ စံကားပန်းကို ဤသို့လျှင် စာဆိုခဲ့ဖူးလေသည်။

(၁) သိုးကလေ၊ ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစံကား။

(၂) သိုးကလေ၊ စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည်၊ ခရီးသား။

(၃) သိုးကလေ၊ မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။

(၄) ဆွေမိမင်း၊ မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ
တုမရှိ။ (မြန်မာစာညွန်ပေါင်းကျမ်း၊ပ၊ ၁၅-၁၆)

အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။

ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပား၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု ယုံကြည်ရပါသည်။ နောက်ကျကောင်းသာ နောက်ကျမည်ဖြစ်ပါသည်။ ထိုကဗျာ၊ လင်္ကာများသည် ပုပ္ပား၏ ရှေးက ပထဝီဝင် အနေအထားကို ပြောပြနေဘိသကဲ့သို့ ရှိနေပါသည်။ ခံစားကြည့်ပါ။

ပုပ္ပားတောင်သည်
ရွှေတောင်တည့်လေ။

ရွှေတောင်ပတ်ကုံး
စံကားပင်နှင့်ဖုံး
တောင်လုံးရနံ့ကြိုင်စွလေ။

ပုပ္ပားတောင်တွင်
နတ်ရှင်နှစ်ပါး
ရွှင်စံစား
ဘုံခြားဗိမာန်ပြိုင်စွလေ
လှိုင်စွလေ၊ လှိ်ုစွလေ။

လှိုင်စွစံကား
တောင်ပုပ္ပားက
စံကားပျံ့ကြိုင်
ပန်းလှိုင်စွလေ။

မောင်တော်ရေထက်
မယ်မုတ်ရေ
ဆယ်လေးသာစွလေ။

ဗိမာန်နန်းမှာ
ထီးစကာ
ဖြန့်ကာအုပ်မိုး
သာစွလေ (ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး။ ကဗျာလက်ရွေးစင် ခုနှစ်မပါ၊ မျက် ၈)။

ဤအချင်းငယ်သည် ပထဝီဝင်သဘောအရလည်းကောင်း၊ သမိုင်းသဘောအရလည်းကောင်း အရေးပါလေသည်။ ပုပ္ပားတောင်သည် တောဖုံးနေသောတောင် တောတောင်တို့ဖြင့် စိမ်းလန်းစိုပြေနေသောကြောင့် ရာသီဥတုကောင်း သောတောင်၊ ရေထွက်စမ်းများဖြင့် သာယာလှပသောတောင်၊ ထိုသာယာလှပသောတောင်၌ နတ်မောင်နှမတို့ စံပျော်နေကြောင်းကို ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖွဲ့ဆိုထားသည်။ မည်သည့်ခေတ်က မည်သည့်စာဆို ရေးဖွဲ့ခဲ့သည်ဟု မသိရသော်လည်း ပုပ္ပားနတ်မောင်နှမတို့ကို လူအများတို့ လေးစားယုံကြည်နေကြသည့် အသွင်နှင့် ဓလေ့စရိုက် ကိုပေါ်အောင် ဖွဲ့ဆိုထားသော အချင်းငယ်ကဗျာ ဖြစ်ပါသည်။

နတ်နှင့် မြန်မာမင်းများတွေ့သောလ

ပျူမင်းထီးလက်ထက်တော်ကစ၍ ပုဂံဘုရင်တို့ ပုပ္ပားတောင်တက်ပွဲကို ကျင်းပလာခဲ့ကြရာ ပုဂံပျက်သည့်တိုင် ဓလေ့တခုဖြစ်လာခဲ့ဟန်ရှိသည်။ သို့သော် မည်သည့်လတွင် ကျင်းပခဲ့သည်ဟု အစောပိုင်းက ဖော်ပြခြင်းမရှိ၍ မသိရချေ။ ပျူမင်းထီးလက်ထက်က ပုပ္ပားတွင် မဟာဂီရိ နတ်မောင်နှမတို့ မရှိကြသေး၍ မည်သည့်အကြောင်းဖြင့် တောင်တက်ခဲ့သည်ကိုလည်း ပြောရန်ခက်ခဲပါသည်။ သို့သော် ယုံကြည်မှု တရပ်ကိုအခြေခံနေပြီ ဖြစ်ကြောင်းကား မှန်းဆ၍ရပါသည်။ တနည်းလည်း ပုပ္ပားကို မြင့်သောမြတ်သော (နတ်) တောင်အဖြစ် အသိအမှတ်ပြုထားပြီ ဖြစ်ကြောင်းကား ထင်ရှားစွာ မြင်သာနေပြီဖြစ်ပါသည်။

သေဉ်လည်ကြောင်မင်းလက်ထက် မင်းမဟာဂီရိတို့ ရောက်ရှိလာသဖြင့် ထိုအခါတွင်မှ ပုပ္ပားသည် နတ်တောင်ဟု ထင်ရှားဖြစ်ပြီဟု ဆိုနိုင်ပါသည်။ စင်စစ် မဟာဂီရိ ဟူသည်မှာ “ကြီးမြတ်သောတောင်” ဝါ “တောင်ကြီး” ဟူ၍သာ အဓိပ္ပာယ် ထွက်ရှိပါသည်။ နတ်တောင် ဖြစ်လိုသောအခါမှ ဇာတ်လမ်းဆင် ဖော်ပြလာခြင်းဟု ထင်ရပါသည်။ မဟာဂီရိသည် ပါဠိဘာသာစကားဖြစ်၍ ပါဠိစာပေ ထွန်းကားလာပြီး နောက်ပိုင်းမှ ဤဇာတ်လမ်းများသည်လည်း ပေါ်ပေါက်လာခြင်းဖြစ်ပါမည်။ ဤတွင် ပိဋကတ်စာပေသည် အနိရုဒ္ဓ သထုံကို တိုက်ခိုက်အောင်မြင်သောအခါမှ ရရှိသည် ဆိုကြပြန်သောကြောင့် အနိရုဒ္ဓမတိုင်မီ မဟာဂီရိ ဝေါဟာရ မရှိနိုင်လောက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်ပါသည်။ ရှေ့နောက် မညီညွတ်ကြပါ။

မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းသည် ပုဂံခေတ်နှင့် အံဝင်ခွင်ကျပင် ဖြစ်တော့သည်။ အထူးသဖြင့် ပါဠိစာပေ ထွန်းကားစဖြစ်သော အနိရုဒ္ဓနန်းစံ နောက်ပိုင်းတွင် လေးစားရိုသေထိုက်သည်မှန်သမျှ ပါဠိစကားလုံးများဖြင့် နေရာပေး ဖော်ပြလာသောကြောင့် မြန်မာတို့ ပါဠိစာပေကို များစွာလေးစား အထင်ကြီးကြောင်း သိသာထင်ရှားပေ သည်။ သို့သော် ဗုဒ္ဓသာသနာဖြင့် ယှဉ်လျက် နတ်ကိုးကွယ်မှု ဓလေ့ဟောင်းကြီးကို ဆက်လက် သယ်ဆောင်လာခဲ့ သည်မှာ မြန်မာမင်းတို့၏ နိုင်ငံရေးရည်မှန်းချက် တခုဟုပင် ဆိုရမည် ဖြစ်ပါသည်။ မြန်မာမင်းတို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသော်လည်း နတ်ဓလေ့ဟောင်းကို မစွန့်နိုင်ခဲ့သောကြောင့် ပြည်သူတို့လည်း ယနေ့တိုင် တမျိုးသားလုံး နတ်ယုံကြည်မှုကို မစွန့်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါမည်။ စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ရိုးရာနတ်တို့မှာ မည်သို့မျှ တွဲဖက် မမိလှချေ။

ဤတွင် ပုပ္ပားတောင်အမည် ပေါ်ပေါက်လာပုံကို ဆိုရပါဦးမည်။

ပုဂံမတိုင်မီက ပုပ္ပားတောင်ကို မည်သို့ခေါ်ဆိုခဲ့ကြပါသနည်း။?

ဤမေးခွန်းကို ဖြေဆိုကြည့်ရန် ကြိုးစားကြည့်သော် လည်း ကျေနပ်ဖွယ် မတွေ့ရှိရပါ။ ပုဂံခေတ် ကျောက်စာတို့တွင်ပင် ပုပ္ပားအမည်ကို မတွေ့ရှိရဘူးသေးပါ။ ဧရာဝတီကို “မြစ်ကြီး” ဟု ခေါ်ဆိုခဲ့ကြသကဲ့သို့ ပုပ္ပားတောင်ကိုလည်း “တောင်ကြီး” ဟူ၍သာ ခေါ်ဆိုခဲ့ကြမည် ထင်ပါသည်။ ပါဠိ စာပေ ပိုမိုထွန်းကားလိုက်စားလာသော ပုဂံခေတ်နှောင်း (သို့မဟုတ်) အင်းဝခေတ်လောက်တွင်မှ ရေးကြီးခွင့်ကျယ် ဒေသများကို ပါဠိစာလုံးများဖြင့် ရှေးကထက် ပိုမိုကင်ပွန်းတတ် ခေါ်ဆိုလာကြမည် မှန်းဆရပါသည်။ သို့ဖြင့် မြစ်ကြီးကို “ဧရာဝတီ” တောင်ကြီးကို “မဟာဂီရိ” ဟူ၍ ပါဠိဘာသာ ပြန်ဆိုခဲ့ကြဟန် ရှိပါသည်။ တနည်းလည်း ပန်းတို့ ပွင့်လန်းရာတောင်ဖြစ်သောကြောင့် ပါဠိလို ပုပ္ဖဂီရိ ပန်းတောင်ဟု ခေါ်လာခဲ့ကြရာမှ ပုပ္ပားတောင် ဝါ ပုပ္ပားတောင် ဖြစ်လာနိုင်သည်ဟူ၍လည်း တွေးဆရနိုင်ပါသည်။ တောင်အမြင့်ထက်တွင် ပွင့်သောပန်းကိုလည်း နတ်ပန်းဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်ပါမည်။

ပုပ္ပားတောင်မှ စံကား (နတ်) ပန်းသည် အနိရုဒ္ဓလက်ထက်တွင် တော်ဝင်ပန်းဖြစ်လာခဲ့ပုံ သဘောကို မြန်မာရာဇဝင် ဆရာများက ဖော်ပြကြသည်။ နောက်ပိုင်း မင်းတို့လက်ထက် ပုပ္ပားတောင်မှ မဟာဂီရိနတ်ကို သွားရောက် တွေ့ဆုံကြ ကြောင်း၊ မဟာဂီရိနတ်နှင့် ဘုရင်တို့ စကားပြောဆိုကြကြောင်းများကိုလည်း မဟာရာဇဝင်တော်ကြီးတွင် အကြိမ်ကြိမ် တွေ့ရှိရလေသည်။ ဘုရင်များက နတ်နှင့် တွေ့ကြသည်မှာ ပြည်သူတို့က မင်းဧကရာဇ်ကို ပိုမိုခန့်ညား လေးစားလာ စေရန် ဖြစ်သည်။

ရာဇဝင်တော်ကြီးအလိုအရ မြန်မာမင်းတို့ နတ်နှင့် တွေ့ဆုံကြသောလမှာ နတ်တော်လ ဖြစ်သည်။ နတ်တော်လသည် နတ်နှင့် ဘုရင် (တော်) တို့ တွေ့ဆုံရာလကို ခေါ်ခြင်းဟု အဓိပ္ပာယ် ထွက်ရှိမည် ထင်ပေသည်။ ဆောင်းကာလဖြစ်၍ ရာသီဥတု ခြေခင်းလက်ခင်း သာသောအချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးကုလားက “နတ်တော်လရောက်လတ် သော် မင်းတကာတို့သည် ပုပ္ပားတောင်သို့ တက်မြဲဖြစ်သော ကြောင့် အစဉ်တိုင်း ပုပ္ပားသို့ တက်တော်မူလေသည် (ကုလား၊ပ၊ ၂၇၉၂၈၉)” ။ ဤသို့ဖြင့် ဥဇနာမင်းကြီး ပုပ္ပားတောင်သို့ ကြွချီတော်မူလာစဉ် တောင်၏မြောက်ဘက်ရှိ ဆိတ်ထိန်း ကမ်းဖြူအရပ်မှ အမျိုးသမီးငယ်တဦးကို တော်ကောက်ယူတော်မူနိုင်ခဲ့ခြင်း ဖြစ်လေသည်(ကုလား၊ပ၊ ၂၈ဝ)။ ဤကား ပုဂံရာဇဝင်ထဲတွင် တွေ့ရှိရသော ပုပ္ပားတောင် အကြောင်းတည်း။

ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့ ရှိပါသည်။ သို့သော် ပုပ္ပားနှင့် သက်ဆိုင်လာသော အခါ၌မူ သာသနာ မရောက်မီကရှိခဲ့သော နတ်ယုံကြည်မှုဓလေ့သည် မင်းနှင့်တကွ ပြည်သူတို့ကြားတွင် ပြန်လည် ပေါ်ပေါက်ခဲ့ဟန် ရှိပါသည်။ စင်စစ်မူ မင်းတိုင်းကား ဤသို့မဟုတ်ဟု ထင်ပါသည်။ ရာဇဝင်ဆရာက ပုဂံမင်းနှင့် ပုပ္ပားနတ်တို့ကို တွဲ၍ပြခဲ့သော အရေအတွက်မှာ အနည်းငယ်မျှသာ ရှိခဲ့ပါသည်။

ဤတွင် ကျန်စစ်သားဟု အသိများသော ထိလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား ဖော်ပြပေးခဲ့ပါသည်။ ပုပ္ပား စောရဟန်းနှင့်တုန်းက မင်းမျိုးမဟုတ်၍ စကားမပြောချင်ဟုဆိုသောနတ်သည် ကျန်စစ်သားမင်းနှင့်မူ စကားဆို ပြန်သောကြောင့် ယင်းကို မင်းမျိုးဟု သတ်မှတ်စေလို၍ ပေလော တွေးဆဖွယ် ဖြစ်လာပါသည်။ မဟာဂီရိသည် ကျန်စစ်သားကို ဒုက္ခအပေါင်းမှ အကြိမ်ကြိမ်ကယ်ခဲ့သည့် နတ်ဖြစ်ပါသည်။ ထိုဖော်ပြချက်က ကျန်စစ်သားမင်းကို ဘုန်းတန်ခိုးကြီးကြောင်း ပေါ်လွင်စေလို၍၊ သို့မဟုတ် မင်းမဟာဂီရိနတ်ကို လူတို့က ပိုမိုပူဇော် ပသလာစေလို၍ ဖြစ်မည်ထင်ပါသည်။

ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်ပါသည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွား ခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်ပါသည်။

အချုပ်မှာ ပုပ္ပားနှင့် ပတ်သက်၍ ပုဂံခေတ်ရေး ကျောက်စာတို့တွင် တကြိမ်မျှ မတွေ့ရှိရဘူးသေးချေ။ မင်းမဟာဂီရိ နတ်မောင်နှမနှင့် ပတ်သက်၍လည်း ထို့အတူသာလျှင်ဖြစ်ပါသည်။ သို့သော် ဒဏ္ဍာရီဇာတ်လမ်းတို့ကား များပြား လှသည်။ ကျောက်စာတွင်မပါ၍ မယုံကြည်ရဟု မဆိုနိုင်သော်လည်း နတ်ယုံကြည်မှုကို ပုံဖော်ရာ၌မူ ပညာသားပါလှ သည်ဟု ဆိုရမည်ထင်မိပါသည်။ ပုဂံရှိ သာသနိက အဆောက်အအုံတို့က အနိရုဒ္ဓနှင့် ရှင်အရဟံ တို့၏ လုံ့လဥဿဟ ကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ပွင့်လင်းစည်ပင်လာခဲ့ရသည်ကို သက်သေပြနေဘိသို့ ရှိပါသည်။ တဖက်တွင် လည်း နတ်ကိုးကွယ်မှုကို အားပေးထားကြောင်း ပုပ္ပားတောင်က သက်သေပြလျက် ရှိနေပြန်ပါသည်။

ထို့အပြင် ပုပ္ပားသည် လောကီပညာရပ်များ ကျင့်ကြံအားထုတ်ရာဟူ၍လည်း ယုံကြည်ရသည်။ ကျန်စစ်သားက ငရမန်ကိုတိုက်ရန် ထီးလိုင်ဘက်တွင် စည်းရုံးနေရချိန်တွင် ဆရာရှင်ပုပ္ပားက ယတြာများစီရင်ပေးရ ကြောင်းလည်း တွေ့ရှိရဖူးသည် (ကုလား၊ ပ၊ ၂ဝ၉)။ ဤမျှ အရေးပါခဲ့သော ပုပ္ပားတောင်သည် ပုဂံခေတ်ကုန်သော အခါ အဓိကရဖြစ် သော အုပ်ချုပ်ရေး အသိုင်းအဝန်းနှင့်တကွ နိုင်ငံရေးဗဟိုချက်သည် အထက်အညာသို့ ရွှေ့ခဲ့ပြီဖြစ်၍ ယင်း၏အရေးပါ မှု အခန်းကဏ္ဍက ကျဉ်းမြောင်းလာခဲ့တော့သည်။ စာပေတွင်လည်း အတွေ့နည်းပါး လာခဲ့ရသည်မှာ ဝန်ကြီးပဒေသရာဇာ၏ ခေတ်ကာလ တိုင်အောင်ပင်ဖြစ်ပေသည်။ [၆]


ဖွဲ့စည်းတည်ရှိပုံ[ပြင်​ဆင်​ရန်​]

ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊အဆောက်အဦးများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိသည်။ သို့သော် ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်မကြီးပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းမျှသာဖြစ်သည်။ ထို့ကြောင့် ပုပ္ပါးတောင်ကို ပုပ္ပါးတောင်မကြီး(၄၉၈၁ပေ) နှင့် ပုပ္ပါးတောင်ကလပ်(၂၄၁၇ပေ)ဟူ၍ နှစ်ခုရှိသည်ကို မှတ်သားသင့်သည်။

ပထဝီဝင်[ပြင်​ဆင်​ရန်​]

ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက် ၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင် ၊ ရေတွင်းတောင် ၊ မောင်းတောင်ငုတ်တိုတောင် ၊ လပို့တောင် ၊ မှန်တောင် ၊ ဆေးပွင့်တောင် ၊ စိန်တောင် ၊ မာလာတောင် ၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။

Mountain Poppa
ပုပ္ပါးတောင်ကလပ်

မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀ ၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။
  2. (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။
  3. (Hellmut De Terra and Hallam movius, Jr. Research on Early Man in Burma, 1943,pp. 342,379-382)
  4. (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၇)
  5. (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄) ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်)
  6. တိုးလှ (ပါမောက္ခ၊ သမိုင်းဌာန) မန္တလေးတက္ကသိုလ်၊ မန္တလေးမြို့။ ၂၉ ဩဂုတ် ၂ဝဝ၁ ၊ ညနေ ၆း ၅ဝ နာရီ။