မိုက်ကယ်လန်းစ်တူရော့ခ်

ဝီကီပီးဒီးယား မှ

မိုက်ကယ်လန်းစ်တူရော့ခ်
ဒေသခံအမည်Michael Learns to Rock
အခြားအမည်များMLTR
မူလတိုင်းပြည်အားဟတ်၊ ဒိန်းမတ်
ဂီတဟန်Soft rock,[၁] ပေါ့ပ်ရော့ခ်
တက်ကြွသည့်နှစ်များ1988–present
တေးသံသွင်း ကုမ္ပဏီEMI Records

Medley Records

MLTR Music (most albums and singles sold under licence by Warner Music, except Scandinavia, sold under licence by Sony Music)
ဝက်ဘ်ဆိုက်mltr.dk
လက်ရှိအဖွဲ့ဝင်များJascha Richter

Mikkel Lentz

Kåre Wanscher
အဖွဲ့ဝင်ဟောင်းများSøren Madsen
(1988–2000)

မိုက်ကယ်လန်းစ်တူရော့ခ် (အင်္ဂလိပ်: Michael Learns to Rock; MLTRဟုလည်း သိ) သည် ၁၉၈၈ တွင် ဖွဲ့စည်းသော ဒိန်းမတ် ဆော့ဖ်ရော့ခ်တီးဝိုင်းအဖွဲ့ ဖြစ်သည်။ ၎င်းတီးဝိုင်း၌ လက်ရှိ ဂျစ်ဆာ ရစ်ချာ၊ မစ်ကယ် လင့်ဇ် နှင့် ကယ်ရဲ ဝင်ချာတို့ ပါဝင်သည်။ စိုရင် မက်စင်းသည် အဖွဲ့၏ မူလအဖွဲ့ဝင် ဖြစ်သော်ငြား ၂၀၀၀ ပြည့်နှစ်တွင် နုတ်ထွက်သည်။ ဓာတ်ပြားပေါင်း ၁၁ သန်း ကျော် ရောင်းချရကာ၊ အများအားဖြင့် ဥရောပနှင့် အာရှတွင် ဖြစ်သည်။ ဒိန်းမတ်လူမျိုးများ ဖြစ်သော်လည်း၊ တေးသီချင်းများကို အင်္ဂလိပ်လို သီဆိုဖျော်ဖြေသည်။ မူးယစ်ဆေးဝါး မသုံးစွဲခြင်း၊ သန့်ရှင်းသော ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ခြင်းနှင့် အင်္ဂလိပ်ကို ဒုတိယဘာသာစကားအဖြစ် သီဆိုခြင်းတို့က အဖွဲ့ကို အာရှ၌ အောင်မြင်မှုအုတ်မြစ်ကို ချစေနိုင်ခဲ့သည်။[၂]

MLTR သည် နိုင်ငံအတော်များများတွင် ရွှေနှင့် ပလက်တီနမ် ဓာတ်ပြားများအဆင့် ရရှိသည်။ ဆုများစွာ သိမ်းပိုက်နိုင်သည်။ ယင်းတို့ထဲတွင် ဂျာမနီ RSH မှ ရွှေပရေးဆု (Gold Preis Award)၊ စင်ကာပူ၌ SEA ဂရမ်မီဆုပေးပွဲ ပေးသော တနှစ်တာ အကောင်းဆုံးဖျော်ဖြေမှုဆု (The Best Performing Act of the Year)တို့ ပါဝင်သည်။ ထို့ပြင်၊ သူတို့၏ သီချင်း ငါ့ကို မင်းနှလုံးသားဆီခေါ်သွား (Take Me to Your Heart)သီချင်းသည် အခကြေးငွေဖြင့် ဒေါင်းလုပ်ဆွဲရာ၌ ၆ သန်းကျော်သွား၍ ၂၀၀၆ ခုနှစ်၏ ဒေါင်းလုပ်အများဆုံး စင်ဂယ်ဆု (most downloaded single of the year 2006)ကို ရရှိသည်။[၃] တီးဝိုင်းအဖွဲ့သည် တေးသံသွင်း (studio albums) ကိုးချပ်အပြင် များစွာသော လိုက်ရှိုးများနှင့် ဟစ်အဖြစ်ဆုံးအယ်လဘမ်များကို တေးသံသွင်းခဲ့သည်။ သူတို့၏ နောက်ဆုံး စတူဒီယိုအယ်လဘမ်မှာ အငြိမ် (Still) ဖြစ်ကာ၊ ၂၀၁၈ မတ် ၂၁ တွင် ဖြန့်ချိသည်။

အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်သောကာလ ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်အစောပိုင်းနှစ်များတွင်၊ MLTR ကို အမေရိက၊ ယူကေ သို့မဟုတ် ဩစတြေးလျအပြင် မည်သည့် ခေတ်ပေါ် နာမည်ကြီးတီးဝိုင်းအဖွဲ့များလောက် (မသာတောင်မှ) ကောင်းပေသည် (as good (if not better) a band as any current big name group out of America or the UK or the Australia) ဟု ချီးမွမ်းအသိမှတ်ပြုခြင်း ခံရသည်။ [၄]

တီးဝိုင်း၏ ဓာတ်ပြားလေဘယ် ဖြန့်ချိမှုများအရ၊ သူတို့၏ အသံသည် စကင်ဒီနေဗီယန်း အသံဩဇာနှင့် အင်တာနေရှင်နယ် ပေါ့ပ်သီချင်းတို့ ပြီးပြည့်စုံစွာ ဟန်ချက်ညီမျှမှုက တီးဝိုင်းအဖွဲ့ကို ဆွဲဆောင်မှုကောင်းသော လက်နက် ဖြစ်သည် ဆိုကြသော်လည်း၊ အဓိကအဆိုရှင်နှင့် တေးရေးဆရာ ဂျစ်ဆာ ရစ်ချာကမူ သဘောမတူဘဲ တေးဂီတသည် ပထဝီဝင်ဆိုင်ရာ ကန့်သတ်မှုများကို ငြင်းဆိုကြောင်း ပြောသည်။[၅][၂]

သမိုင်း[ပြင်ဆင်ရန်]

အစပိုင်း— Michael Learns to Rock (၁၉၈၈–၁၉၉၂)[ပြင်ဆင်ရန်]

၁၉၈၈ တွင် သူ့သီချင်းများကို ဖျော်ဖြေရန် တီးဝိုင်းတခုကို ထောင်မည့် ရည်ရွယ်ချက်နှင့် အဆိုတော် ဂျစ်ဆာရစ်ချာသည် ဒိန်းမတ်၊ အားဟတ်မြို့တွင် သူ့ အထက်တန်းကျောင်းနေဘက်နှင့် ဒရမ်မာ ကယ်ရဲ ဝင်ချာကို ဆွယ်သည်။ နှစ်ဦးတည်းနှင့် အဖွဲ့မဖြစ်နိုင်သည်ကို သဘောပေါက်ရာ၊ ဂီတာသမား မစ်ကယ် လင့်ဇ်ကိုပါ ထပ်ဆွယ်သည်။ မစ်ကယ်မှာ ထိုစဉ်က သူ့အဖွဲ့ ရှိပြီး ဖြစ်ကာ၊ ရော့ကီးစတပ်နှင့်အတူ ရော့ခ်သီချင်းများ တီးခတ်နေသူ ဖြစ်သည်။ ၁၉၈၈ မတ် ၁၅ တွင် လေ့ကျင့်ကြသော ပထမဦးဆုံးညတွင် သဘောပေါက်လာပြန်သည်က သူတို့ စတုတ္ထမြောက် ဂီတပညာရှင် တဦးလိုနေသေး၍၊ ဘေ့စ်ဂီတာပိုင်း၌ ပါဝင်ရန် နောက်ထပ် ဂီတာသမားတဦး ဖြစ်သူ စိုရင်မက်စင်းကို ထပ်ဆွယ်သည်။[၂] မက်စင်းမှာ ပေါ့ပ်တီးဝိုင်းအတွက် လျောက်ပတ်သောရွေးချယ်မှု မဟုတ်သော်လည်း၊ ဒိန်းမတ်သီချင်းဆိုပြိုင်ပွဲနောက်ဆုံးအဆင့်ထိ ရောက်ခဲ့သော ဟစ်ဟော့အဖွဲ့၏ အဖွဲ့ဝင် ဖြစ်ခဲ့သောကြောင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ရစ်ချာတွင် ယိုဖြစ်အောင် ထိုးရမည့် မူရင်းသီချင်းများစွာ ရှိနှင့်ပြီး ဖြစ်၍၊ သူတို့ မွေးရပ်မြို့ အားဟတ်ရှိ ရော့ခ်ဂရင်းပရစ် ပြိုင်ပွဲ ('Rock Grand Prix')သို့ ပို့ရန် ရည်ရွယ်ပြီး၊ အစမ်းတိတ်ခွေတခွေကို လျင်မြန်စွာ အသံသွင်းနိုင်ခဲ့ရာ၊ ၎င်းကို စာတိုက်က မပို့မီ နာမည်တလုံးကို ဖုတ်မီးပူတိုက် စဉ်းစားကြရသည်။ ရစ်ချာသည် ကျောင်း အင်္ဂလိပ်ဖတ်စာအုပ်ထဲက စာသားတကြောင်းလည်း တစိတ်တပိုင်းပါစေ၊ သူတို့ ပေါ့ပ်အဖွဲ့က ရော့ခ်တီးဝိုင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် သဘောလည်း တစိတ်တပိုင်းပါစေဟူ၍ မိုက်ကယ်လန်းစ်တူရော့ခ်ဟု ပို့သူနာမည်အဖြစ် ရေးလိုက်သည်။ လင့်ဇ်နှင့် ရစ်ချာက တီးဝိုင်းသည် မိုက်ကယ်ဂျက်ဆင်ကို အတုမှည့်ထားကြောင်း ဝန်ခံသည်။ “ရစ်ချာက မိုက်ကယ်ဂျက်ဆင်အကြောင်း တွေးမိတာလို့ ကျနော်ထင်တယ်၊ မိုက်ကယ်ဂျက်ဆင်ကို ပေါ့ပ်ဘုရင်ကြီးလို့ သမုတ်တယ်မဟုတ်လား၊ ရီတော့ ရီရတာ၊ ပေါ့ပ်ဘုရင်ကြီးက ရော့ခ်ဆိုနည်း သင်မယ်ဆို ဘယ်လိုနေမလဲ၊ စကားလုံးလှည့်ကြည့်တဲ့သဘောပါပဲ”ဟု လင့်ဇ်က ပြောသည်။ အင်တာဗျူးတွင် ရစ်ချာက “ဟုတ်ကဲ့၊ ဒါက ဘာနဲ့တူသလဲဆိုတော့ ဂျွန်နီက ဂျက်ဇ်ဂီတကို မုန်းတယ်၊ ဖရန်ကီက ဟောလီးဝုဒ်သွားတယ်ဆိုတာမျိုးနဲ့ တူနေတာပေါ့၊ အဟုတ်ပဲ၊ အဲဒီကတည်းက ကိုယ့်ကိုယ်ကို ဒီနာမည်ကြီးနဲ့ အကြိမ်ပေါင်းများစွာ သမုတ်ခံနေရတာ နောင်တရမိတယ်၊ ဒါပေမဲ့ ကျနော်တို့ မြန်မြန်ဆန်ဆန် ပေါက်ရောက်သွားတယ်၊ ဒါနဲ့လုံးထွေးနေခဲ့ပြီး၊ အချိန်ကြာလာတော့ ကျင့်သားရလာတယ်”ဟု ဖြေကြားသည်။[၂]

၁၉၈၈ မေ ၂၂ တွင် လေးဦးသားသည် အားဟတ်၌ သူတို့ ပထမဆုံး လူလုံးပြရှိုးပွဲကို အားဟတ်မြို့၏ အကြီးဆုံး ရိပ်သာလမ်း ရိုက်ဟူဆက် (Ridehuset)ရှိ ရော့ခ်ဂရင်းပရစ်၌ စတီးလေသည်။ အနိုင်ရသော အသင်းနှစ်သင်းထဲမှ တသင်းအနေဖြင့်၊ MLTR သည် ဇွန်လ ၂၀ တွင် အားဟတ် အောက်ဒိုးပွဲတော်၌ ထိုနွေရာသီတွင် ဖျော်ဖြေရာ၊ ပရိသတ် ၂၀ ဦးသာ တက်ရောက်သည်။ စိတ်ပျက်သွားမှုကို အင်ဖော်မေးရှင်း နေ့စဉ်သတင်းစာက အမည်မသိရသော အဖွဲ့သည် ကြီးကြီးကျယ်ကျယ် အံ့အားသင့်ရလောက်အောင် ဖျော်ဖြေပေးနိုင်သည်ဟု ဖော်ပြပေးခြင်းဖြင့် ဖာပေးသည်။ ၁၉၈၈ ဇူလိုင် ၃၀ တွင် အားဟတ် မူစီခပ် (Aarhus Musikhus)၌ မြို့က နှစ်စဉ်ကျင်းပမြဲ ဖြစ်သော နာမည်ကျော်အရည်အချင်းပြပြိုင်ပွဲ ‘တို့မှာ စင်ရှိတယ် - မင်းမှာ ဂီတရှိလား’ (We Have The Stage – Do You Have The Music?) ၌ ဝင်ပြိုင်ရာ အနိုင်ရသည်။[၆]

ပြိုင်ပွဲ၏ အကဲဖြတ်သူတဦး ဖြစ်သူ၊ စကန်ဒါးဘော့မြို့၌ ဒိန်းမတ် စမတ်ကဲ့ ပွဲတော်၏ စပွန်ဆာလည်း ဖြစ်သူ ဂျင်းပီတာ အန်ဒါဆင်သည် အဖွဲ့၏ အရည်အချင်းကို သဘောကျမိသော်လည်း၊ ပရိုမဆန်သေးသည်ကို ကျေနပ်မှုမရှိရာ၊ တီးဝိုင်းအဖွဲ့၏ တောင်းဆိုမှုကြောင့် အဖွဲ့၏ မန်နေဂျာ လုပ်ရန် ဆုံးဖြတ်သည်။[၆] မိုက်ကယ်လန်းစ်တူရော့ခ်သည် ဒိန်းမတ် ဓာတ်ပြားသွင်းကုမ္ပဏီများ(Danish record labels)ကို ဆွဲဆောင်နိုင်ရန် ရည်၍ ဂျုတလန်းမြို့(Jutland)အနှံ့ လိုက်ရှိုးတီးခြင်းနှင့် အသံသွင်းခြင်းတို့ကို ဆက်လက်ပြုလုပ်သည်။ ကြိုးပမ်းမှုများထဲ၌ လျှို့ဝှက်ချက်များအမည်ရ ဒက်ဘယ်အယ်လဘမ်အတွက် သီချင်း လေးပုဒ်ကို တီးဝိုင်းမှ ဖြန့်ဝေနိုင်ခဲ့ပြီး၊ လူငယ်လက်တက်လေးဦး လျှို့ဝှက်ချက် တီးဝိုင်းအသစ်များပေါ် စိတ်ဝင်စားလာအောင် ဒိန်းမတ်ရော့ခ်ကောင်စီက စုစည်းသော ဓာတ်ပြားခွေ ဖြစ်သည်။ နောက်ဆုံးဝယ် ဒိန်းမတ်ဓာတ်ပြားသွင်းကုမ္ပဏီ မက်ဒလီနှင့် ၁၉၈၉ ဇန်နဝါရီတွင် စာချုပ်ချုပ်နိုင်ခဲ့သည်။ [၇] သို့သော်ငြား၊ သူတို့ ပထမဆုံး အယ်လဘမ်ဖြစ်မည့် မိုက်ကယ်လန်းစ်တူရော့ခ်ကို ၁၉၉၁ စက်တင်ဘာတိုင်အောင် မဖြန့်ချိသေးသည်မှာ အမေရိကန်ဓာတ်ပြားကုမ္ပဏီ Impact Records ကြောင့် ဖြစ်ကာ၊ အမေရိကန်ထုတ်လုပ်သူများ ဖြစ်သော တိုနီ ပလူဆိုနှင့် စတိဗ်ဘာရီတို့ ပူးတွဲထုတ်လုပ်သော ပထမဆုံးအမေရိကန် ဆင်ဂယ် ဖြစ်သည့် ငါ့အိန်ဂျယ်ပြာ (My Blue Angel)အပါအဝင် အယ်လဘမ်မြောက်မြားစွာ ပါဝင်သော ဓာတ်ပြားကြောင့် နောက်ဆုတ်လိုက်သည်။ [၈]

ငါ့အိန်ဂျယ်ပြာတေးက လေထဲတွင် ပျံ့လွင့်နေ၍ အမေရိကားတွင် ကြံရွယ်ထားသည့်အတိုင်းပွဲထွက်ခြင်း မပြုသော်လည်း၊ အယ်လဘမ်ထဲမှ နောက် ဆင်ဂယ်သီချင်း ဖြစ်လာမည့် သရုပ်ဆောင် (The Actor)သည် ဒိန်းမတ်ဇယား၌ တစ်ချိတ်ပြီး နော်ဝေ၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့တွင်လည်း ပေါက်သွားသည်။ [၆] ၁၉၉၂ ဇန်နဝါရီတွင်၊ အယ်လဘမ်သည် ဒိန်းမတ်ဇယားတွင် တစ်ချိတ်ပြီး၊ မကြာမီ ကော်ပီ ၂၅၀၀၀ ရောင်းရသည့် အာရှတွင် အောင်မြင်သွားကာ၊ အင်ဒိုနီးရှားတွင်မူ ရွှေအဆင့် ရလေသည်။[၇]

နိုင်ငံတကာသို့ ထိုးဖောက်ခြင်း— Colours, Played on Pepper & Paint My Love (1993–1996)[ပြင်ဆင်ရန်]

ပထမအယ်လဘမ်မှ ခွန်အားရသွားသော မိုက်ကယ်လန်းစ်တူရော့ခ်သည် ၁၉၉၃ အောက်တိုဘာတွင် ဒုတိယအယ်လဘမ် “အရောင်များ” (Colours) ကို ဖြန့်ချိရာ၊ ဓာတ်ပြားပေါင်း ၁.၁ သန်းကျော် ရောင်းရသည်။ [၆] အယ်လဘမ်တွင် အိပ်နေသောကလေး (Sleeping Child)၊ ၂၅ မိနစ်(25 Minutes)နှင့် နွေခေါင်ခေါင်မှာ(Out of the Blue) ဆင်ဂယ်များ ပါဝင်သည်။ အာရှသို့ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲ ထွက်သည်။ ဘန်ကောက်ရှိ ဖီးဘတ် သံစုံခန်းမဆောင်၌ သူတို့၏ အင်အားတောင့်တင်းလှသော ပရိသတ် ၁၂၀၀၀ သို့ဖျော်ဖြေသည်။ ၂၅ မိနစ် ဖျော်ဖြေမှုအတွက် စင်ကာပူ SEA ဂရမ်မီဆုပေးပွဲ၌ ၁၉၉၄ ခုနှစ်တွင် တနှစ်တာ အကောင်းဆုံးဖျော်ဖြေမှုဆု (The Best Performing Act of the Year)ကို လက်ခံရရှိပြီးနောက်၊ ၁၉၉၅ တွင် ဂျာမန်ရေဒီယိုစတေရှင် RSH (Radio Schleswig-Holstein)က မိန်းမရိုင်း (Wild Women) နှင့် ၂၅ မိနစ်ကဲ့သို့သော ရေဒီယိုပေါက်သီချင်းများအတွက် ရွှေပရေးဆု (Gold Preis Award) ပေးပြန်သည်။[၇] [၉]

၁၉၉၅ ဩဂုတ်တွင် မိုက်ကယ်လန်းစ်တူရော့ခ်၏ တတိယအယ်လဘမ် ငရုတ်ကောင်းများနှင့်ကခုန်ခဲ့ (Played on Pepper)ကို ဖြန့်ချိရာ၊ ဓာတ်ပြားပေါင်း ၁.၂ သန်းကျော် ရောင်းရသည်။[၆] အယ်လဘမ်ပါ သီချင်းများတွင် ဒါကြောင့် (That's Why (You Go Away)) နှင့် တနေ့နေ့ (Someday)တို့ ပါသည်။ ပထမဆုံးအနေနှင့် တီးဝိုင်းသည် အယ်လဘမ်တခွေလုံးကို သူတို့ကိုယ်တိုင် အသံသွင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။[၁၀] အယ်လဘမ် ရောင်းကောင်းစေရန်၊ အဖွဲ့သည် ဆယ်နိုင်ငံ၌ ရှိုး ၂၅ ပွဲ ဖျော်ဖြေသည်။ ထိုအယ်လဘမ်ထွက်လာမှ ယခုထက်ထိတိုင် အတိအကျမသိရသေးသောဈေးကွက်များဖြစ်သည့် ဘရာဇီး၊ တောင်အာဖရိက၊ အာရပ်နှင့် ဂျပန်အပါအဝင် အရှေ့ဖျား ၁၁ နိုင်ငံများထိ နာမည်ကျော်ကြားလာသည်။ [၁၁]

ငရုတ်ကောင်းများနှင့်ကခုန်ခဲ့၏ အောင်မြင်မှုကို ချဲ့ထွင်ရန်နှင့် ခိုးကူးများကို နှိမ်နင်းရန်၊ [၇] မိုက်ကယ်လန်းစ်တူရော့ခ်သည် အပေါက်ဆုံးအယ်လဘမ် ဖြစ်သည့် ငါ့အချစ်ကိုဆေးခြယ် (Paint My Love)ကို ၁၉၉၆ အောက်တိုဘာတွင် အာရှတွင် အထူးဖြန့်ရာ၊ ကော်ပီပေါင်း ၃.၅ သန်း ရောင်းရလေသည်။[၆] ငါ့အချစ်ကိုဆေးခြယ် သီချင်းသည် ဒိန်းမတ်အဆိုတော်များ ဒေါသီ အန်ဒါဆင်နှင့် မာတင်လော့ဖ်တို့ သီဆိုထားသော Kun med dig ၏ အင်္ဂလိပ်ဗားရှင်း ဖြစ်ကာ၊ ဂျစ်ဆာ ရစ်ချာက သီကုံးသည်။ ဗြိတိသျှတို့ထံမှ တရုတ်သို့ ဟောင်ကောင်၏ အချုပ်အခြာအာဏာကို လွှဲပြောင်းပေးအပ်သည့် အထိမ်းအမှတ်၊ ၁၉၉၇ ဇူလိုင် ၆ တွင်ကျင်းပသော ဟောင်ကောင်ဂုဏ်ပြု တီးဝိုင်းပွဲအတွက် သူတို့ကို ဖျော်ဖြေရန် ဖိတ်ကြားသည်။[၆] ယင်းအယ်လဘမ်သည် တောင်အာဖရိကတနိုင်ငံတည်း၌ ကော်ပီ သုံးသိန်းခွဲကျော် ရောင်းချရပြီး တောင်အာဖရိကတွင် တေးသီချင်းဇယား၌ နံပါတ်တစ်ချိတ်သည်။

တီးဝိုင်းအဖွဲ့ကို နာမည်ပြန်ပေးခြင်း— Nothing to Lose, MLTR & Strange Foreign Beauty (1997–1999)[ပြင်ဆင်ရန်]

၁၉၉၇ စက်တင်ဘာတွင် သူတို့၏ စတုတ္ထစတူဒီယိုအယ်လဘမ် ဆုံးရှုံးဖို့မရှိ (Nothing to Lose)ကို ဖြန့်ချိရာ၊ ကော်ပီပေါင်း ၁.၁ သန်းကျော် ရောင်းရသည်။ ဖြစ်ပွားခဲ့သော အဖြစ်အပျက်တခုကြောင့် မိုက်ကယ်လန်းစ်တူရော့ခ်ကို အာရှ၌ ပိုကျော်ကြားအောင် စင်တင်ပေးလိုက်သလို ဖြစ်သည်။ ၁၉၉၇ ဒီဇင်ဘာတွင် ဗီယက်နမ်၊ ဟနွိုင်း၌ ကျင်းပသော ဂီတပွဲအတွက် လက်မှတ်တုပေါင်း ၂၀၀၀၀ (အမှန်တကယ် ရောင်းချသော လက်မှတ်အရေအတွက်ထက် နှစ်ဆများနေ) ပလူပျံသွားပြီး၊ တီးဝိုင်းစနေချိန်၌၊ တရားမဝင်လက်မှတ်မိထားသော လူအုပ်ကြီးသည် ပြတင်းပေါက်များကို ဖြတ်၍ ခန်းမထဲ ဖောက်ဝင်ရန် ကြိုးစားကြရာ၊ အဓိကရုဏ်းထိန်း ရဲတပ်ဖွဲ့မှ ဖြိုခွဲခဲ့ရသည်။[၁၂][၁၃] ၁၉၉၈ ဇန်နဝါရီတွင် တောင်အာဖရိကသို့ ခရီးထွက်ကာ၊ ဂျိုဟန်နက်စဘတ်နှင့် ပရီတိုရီးယားမြို့တို့၌ ရုံလျှံ ဂီတပွဲတော်များတွင် ဖျော်ဖြေရာ၊ ဆုံးရှုံးဖို့မရှိသည် တောင်အာဖရိကတွင် တစ်ချိတ်ပြန်လေသည်။[၇]

၎င်းနောက်၊ တီးဝိုင်းအဖွဲ့ဝင်များသည် မိသားစုဝင်များနှင့် အချိန် ပြန်ပေး အနားယူကာ၊ အခြား ဖျော်ဖြေသူများနှင့် ပူးတွဲ အလုပ်လုပ်ခြင်းသော်လည်းကောင်း၊ သူတို့ကိုယ်ပိုင် ပရောဂျက်များကို တိုးတက်ကြံဆခြင်းသော်လည်းကောင်း ပြုသည်။ အဖွဲ့နာမည်ကို ပြန်ပေးရန် အားလုံး ဆုံးဖြတ်ကြရာ၊ ပိုရိုးစင်းမည့် MLTR ကို ပေးလိုက်သည်။[၁၄] အနားယူနေစဉ်၊ ရစ်ချာသည် အဖွဲ့အတွက် သီချင်းသစ်များကို ရေးစပ်ရာ၊ ၎င်းတို့ထဲမှ တစိမ်းရပ်က အလှမယ် (Strange Foreign Beauty) သည် နောက်တွင် ၁၉၉၉ အပေါက်ဆုံး အယ်လဘမ်ထဲ ထည့်သွင်းရသည်။ MLTR က ပထမဆုံးကြိမ် လုပ်ဆောင်သော လုပ်ငန်းစဉ်တွင် သီချင်းကို အဖွဲ့ဝင်လေးဦးမှ သီးခြားစိတ်ကူးဖြင့် အသံသွင်းသီဆိုထားသော အကောင်းဆုံးအပိုင်းများကို စုပေါင်းပြီး ဖန်တီးသည်။ ဤအယ်လဘမ်တွင် သူတို့ ယခင်ပေါက်ခဲ့ပြီးသီချင်းများ၊ ပြန်လည် ပေါင်းစပ်ခြင်းသို့မဟုတ် မွမ်းမံခြင်း ပြုထားသော သီချင်းများ ပါဝင်သည်။[၁၅][၁၆] ၎င်းအပေါက်ဆုံးအယ်လဘမ်သည် ဆွီဒင်နှင့် ပေါ်တူဂီမှာကဲ့သို့ ဒိန်းမတ်၏ အရောင်းရဆုံးစာရင်းတွင် တစ်ချိတ်သွားကာ၊ ကော်ပီပေါင်း တသန်းနီးပါး ရောင်းချရကြောင်း စာရင်းပြသည်။[၇]

ဆိုရင်မက်စင်းထွက်ခွာခြင်းနှင့် အသစ်ထွက်အယ်လဘမ်များ— အပြာရောင်ညနှင့် ငါ့ကိုမင်းနှလုံးသားဆီခေါ်သွားBlue Night & Take Me to Your Heart (၂၀၀၀-၂၀၀၆)[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ်တွင်၊ ဆိုရင်မက်စင်းသည် တကိုယ်တော် ရပ်တည်လိုသောကြောင့် အုပ်စုမှ ထွက်ခွာရန် ဆုံးဖြတ်သည်။ ကျန်အဖွဲ့ဝင် သုံးဦးမှာ အပြာရောင်ည အယ်လဘမ်ကို ထုတ်လုပ်ရာ၊ ဒိန်းမတ်တွင် ပလက်တီနမ် ရတော့မည်ထိ ပေါက်ကာ၊ အာရှတွင် ၁ သန်းကျော်အောင် ရောင်းကောင်းသည်။[၄] နောက်တနှစ်တွင် MLTR ၏ အတ္ထုပ္ပတ္တိအနေဖြင့် ပေါ မာတင်ဘောဒီ ရေးသော မင်းသိသင့်တဲ့ တစုံတရာ (Something You Should Know) ကို ယခင် မဖြန့်ချိရသေးသော အသံသွင်းသီချင်းအနည်းငယ်နှင့် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန်သော စာအုပ်အမည်မှာ ဘာလီမှာ မိုးဘယ်ခါမှ မရွာ(It Never Rains on Bali) ဖြစ်သည်။[၁၇] ဤခေါင်းစဉ်ပေးရသည့်အကြောင်းမှာ ၁၉၉၅ ဘာလီဖျော်ဖြေပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို ညွှန်းသည်။ မိုးရွာမည့်အရိပ်အယောင်မပြဘဲလျက်၊ မခေါ်ဘဲရောက်လာသော မိုးကြောင့် ပွဲပျက်သွားသည်။[၁၈] အပြာရောင်ညကို ဖြန့်ချိပြီးနောက်၊ တီးဝိုင်းသည် ရစ်ချာက သူ့ဆိုလိုအယ်လဘမ် ဂြိုဟ်ပြာ (Planet Blue)ကို အာရုံစိုက်နေရာ ရှည်ကြာစွာ ရပ်နားခဲ့သည်။ နောက်မှ သူတို့က ထိုအတောအတွင်း အဖွဲ့ကို ဖျက်သိမ်းလိုက်ရန် စဉ်းစားခဲ့သည်ဟု ဝန်ခံကြသည်။ အဆုံးစွန်ထိ သူတို့ တောင့်ခံကာ၊ သူတို့ အပေါက်ဆုံး အယ်လဘမ်ဖြစ်လာသည့် အချစ်သီချင်း ၁၉ ပုဒ် (19 Love Songs / Love Ballads)ကို ၂၀၀၂ တွင် ဖြန့်ချိလိုက်ရာ၊ ဒိန်းမတ်တွင် နံပါတ် ၂ ချိတ်လေသည်။[၁၉]

၂၀၀၄ တွင် အဖွဲ့ကို ပြန်စုစည်းပြီး MLTR အမည်ကို ပယ်ကာ၊ မိုက်ကယ်လန်းစ်တူရော့ခ် အယ်လဘမ်ဟူသော သူတို့၏ ၆ ခွေမြောက် အယ်လဘမ်အတွက် မူရင်းအမည်ကို ပြန်သုံး၍ အာရှတွင်မူ ငါ့ကိုမင်းနှလုံးသားလေးဆီခေါ်သွား အမည်ဖြင့် ဖြန့်သည်။ အယ်လဘမ်သည် အာရှဈေးကွက်ကို ရည်စူးသည်။ စင်ဂယ်သီချင်းဖြစ်သော ငါ့ကိုမင်းနှလုံးသားလေးဆီခေါ်သွားကို ဂျက်ကီ ချောင်က နှုတ်ဆက်အနမ်း (Goodbye Kiss "吻别")ဟု ပြန်ဆိုရာ၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ထိုင်းနှင့် ထိုင်ဝမ်၌ ရေပန်းစားသည်။ ၂၀၀၆ အကုန်တွင် ၎င်းစင်ဂယ်ကို အခကြေးပေးပြီး ဒေါင်းလုပ်ဆွဲရာ ၆ သန်းကျော်အောင် ရောင်းရသည့်အတွက် စံချိန်တင်သွားပြီး၊ ၂၀၀၆ ခုနှစ် ဒေါင်းလုပ်အများဆုံး စင်ဂယ်အဖြစ် ဆုချီးမြှင့်ခံရသည်။ ကွမ်ကျိုးမြို့၌ ၂၀၀၅ နှစ်သစ်ကူးပါတီပွဲ၌ တရုတ်အဆိုတော် ဟူယင်ပင်းနှင့် တွဲ၍ ငါ့ကိုမင်းနှလုံးသားလေးဆီခေါ်သွားသီချင်းကို အင်္ဂလိပ်၊ တရုတ် တွဲဆိုခဲ့သည်။ အဖွဲ့သည် ထိုသီချင်းကို ကျော်ကြားသော လူငယ်အဖွဲ့ ရှင်ဟွာ(Shinhwa)၏ လိဒ်အဆိုတော် တောင်ကိုရီးယားစတား ရှင်ဟဲဆောင်း (Shin Hye-sung)နှင့်လည်း တွဲဆိုသည်။ ထိုအယ်လဘမ်သည် MLTR ကို အာရှ၊ အထူးသဖြင့် တရုတ်တွင် အကြီးအကျယ်အောင်မြင်စေသည့် အယ်လဘမ် တခွေ ဖြစ်လာသည်။[၂၀]

နောက်ပိုင်းလှုပ်ရှားမှု — ထာမြဲသက် Eternity (၂၀၀၇-၂၀၁၁)[ပြင်ဆင်ရန်]

၂၀၀၇ တွင် MLTR သည် ရှန်ဟိုင်းက ဖော်မြူလာဝမ်း၌ ဖျော်ဖြေသည်။ ၆ ကြိမ်မြောက် ရွှေစွန်ဆုပေးပွဲ၌လည်း ဖျော်ဖြေသည်။[၄] ထိုနှစ်နှောင်းပိုင်းတွင် MLTR သည် မိုက်ကယ်လန်းစ်တူရော့ခ် လိုက်ရှိုးအကောင်းဆုံးများကို ဖြန့်ချိသည်။ ဇူလိုင်တွင် ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်းနှင့် မလေးရှားတို့သို့ နယ်လှည့်ဖျော်ဖြေသည်။ ၎င်းအယ်လဘမ်သည် ဒီလမ်းကိုငါတယောက်တည်းလျှောက်အမည်ဖြင့် ဖြန့်ပြီး၊ သူတို့ ငါ့ကိုမင်းနှလုံးသားလေးဆီခေါ်သွားနယ်လှည့်ရှိုးပွဲတုန်းက မှတ်တမ်းရုပ်ရှင်များ၊ အထူးသဖြင့် ၂၀၀၅ စက်တင်ဘာတွင် အိန္ဒိယ၌ ဖျော်ဖြေထားသည်များ အဓိကပါဝင်သည်။[၂] ၂၀၀၈ နိုဝင်ဘာတွင်၊ ၇ ခွေမြောက် အယ်လဘမ် ထာမြဲသက် (Eternity) ကို ဖြန့်သည်။ သူတို့ကိုယ်ပိုင် လွတ်လပ်သော ခေါင်းစဉ် MLTR Music ဟု ထိုးထားပြီး၊ ဒိန်းမတ် ခေါင်းစဉ် At:tack နှင့် ပူးတွဲထားသည်။ ဤအယ်လဘမ်၏ ထူးခြားချက်မှာ မစ်ကယ်လင့်ဇ် တဦးတည်းမူပိုင် ထုတ်လုပ်သော ပထမဆုံး MLTR အယ်လဘမ် ဖြစ်နေခြင်း ဖြစ်သည်။ ရောင်းအား သိပ်မပေါက်သော်လည်း၊ အယ်လဘမ်ထဲမှ ဒုတိယစင်ဂယ် အချိုမြိန်ဆုံး စပရိုက် (Sweetest Surprise) သည် ထိုင်းတွင် ဖြန့်ချိပြီး ပတ်နည်းငယ်အတွင်း နံပါတ် ၁ ချိတ်သည်။[၂၁] နောက်တနှစ်တွင်၊ ဖိလစ်ပိုင် စစ်မှန်ရှိုးပွဲ၌ နှုတ်ဆက်သီချင်းအဖြစ် ထုတ်လွှင့်ပြသပြီးနောက်၊ ဒါကတော့ဟုတ်တုတ်တုတ် (It's Gonna Make Sense) သီချင်းသည် အာရှတွင် ရေပန်းစားသွားသည်။ အယ်လဘမ်ရောင်းအားကောင်းအောင် MLTR သည် ထာမြဲသက် အရှေ့တောင်အာရှရှိုးပွဲများ ပြုလုပ်သည်။ ထို့နောက် ပြည်ပတွင် အထူးသဖြင့် အရှေ့တောင်အာရှတွင် ဖျော်ဖြေပွဲများ ပိုမို ပြုလုပ်ရန် စိတ်ရှိလာသည်ဟု အဖွဲ့က ကြေညာသည်။[၂၂]

မိုက်ကယ်လန်းစ်တူရော့ခ်သည် မိခင်နိုင်ငံ ဒိန်းမတ်တွင် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ရာ၊ ၂၀၁၀ ဖေဖော်ဝါရီနှင့် မတ်တွင် လက်တန်းဖျော်ဖြေပွဲများဖြင့် အတန်သင့် အောင်မြင်မှု ရသည်။ ၂၀၁၀ ဇွန်တွင် အိန္ဒိယ မြို့ကြီးသုံးမြို့ မွမ်ဘိုင်း၊ ဒေလီနှင့် ဘန်ဂလော၌ နောက်ဆုံးထွက် ထာမြဲသက်အယ်လဘမ် အရောင်းမြှင့် ဖျော်ဖြေပွဲများ ပြုလုပ်သည်။ ၂၀၁၀ နောင်းပိုင်းတွင် ဒိန်းမတ်၌ လက်တန်းရှိုးပွဲများ ဆက်လက်ပြုလုပ်သည်။ ၂၀၁၀ ဒီဇင်ဘာတွင် တရုတ်ပြည်၌ လုပ်မည့် ဖျော်ဖြေပွဲအတွက် ၂၀၁၀ စက်တင်ဘာ ၂၇ မှ အောက်တိုဘာ ၁ ရက်ထိ တရုတ်နှင့် မကာအို၌ အရောင်းမြှင့်တင် ဖျော်ဖြေပွဲ လုပ်သည်။ [၂၃] ၂၀၁၀ ဒီဇင်ဘာတွင် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၌ ပထမဦးဆုံး နိုင်ငံတကာ လက်တန်းဖျော်ဖြေပွဲကို ဆက်လက် ပြုလုပ်နိုင်ခဲ့သည်။ မူလအဆိုတော် လီကျင် ဖျော်ဖြေသည့် သီချင်းတပုဒ်၏ အင်္ဂလိပ်ကာဗာဗားရှင်း နတ်သမီးပုံပြင် (Fairy Tale)ကို စီဒီထုတ်လုပ်ရာ၌ တခါတည်း ထည့်သွင်းဖြန့်ချိသည်။[၂၄] ထို့နောက်ကား၊ ၂၀၁၁ နွေဦးတွင် ဒိန်းမတ်၌ လက်တန်းနယ်လှည့်ပွဲ နောက်တပွဲကို စီစဉ်ပြုလုပ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Michael Learns To Rock’s epic Dubai return။ Gulf News (9 April 2013)။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Jules Quartly။ "Michael's learned to rock"၊ 6 July 2007။ 
  3. Nelson Wu။ "Danish Pop trio ‘Michael’ ready to woo Taipei"၊ The China Post၊ 4 July 2007။ 2 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 11 December 2013။ 
  4. ၄.၀ ၄.၁ ၄.၂ The Story of MLTR။ 19 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ Jowu Entertainment & Media Ltd Retrieved 14 March 2010
  5. Michael Learns To Rock: The Story of MLTR။ Scan Music & Booking။ 19 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2010 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ၆.၆ Fuglsang, Jens (2008)။ The Danes Hit the ChartsDanish Arts Agency/Music Centre။ 19 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 March 2010 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ "Michael Learns to Rock: Live in Bangkok"။  Thai Ticket major Retrieved 30 September 2010
  8. "Michael Learns to Rock: My Blue Angel"။  discogs.com Retrieved 30 September 2010
  9. "Michael Learns to Rock: Legendary Musical Group in One-Night Performance at Bali's Hard Rock Hotel to Aid Aceh Relief on February 6, 2005."။ 21 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 21 May 2018။  Bali News Retrieved 30 September 2010
  10. Marisa De Silva and Ishani Ranasinghe။ "Learning to Rock"။ 30 September 2010 တွင် ပြန်စစ်ပြီး  Mirror magazine.
  11. "Danish Rock Balladeers"၊ Bangkok Post။ 30 September 2010 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  12. Jasmine Oei။ "MLTR: It's about the music"၊ theurbanwire.com။ 2 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 16 July 2011။ 
  13. Kevin Lobo။ "Michael Yearns to Rock"၊ The Times of India၊ 16 June 2010။ 2 October 2010 တွင် ပြန်စစ်ပြီး 
  14. Allan Lykke Poulsen, "Nu hedder vi MLTR", Ekstra Bladet, 20 May 1999
  15. "Michael Learns to Rock MLTR"၊ discogs.com။ 2 October 2010 တွင် ပြန်စစ်ပြီး 
  16. "Michael Learns To Rock udsender den 19. maj et »Greatest Hits«-album", Berlingske Tidende, 7 May 1999
  17. Poul Martin Bonde။ "Google Books – It Never Rains on Bali: The Story of Michael Learns to Rock"။ 
  18. "Rain Stops Play"၊ Midas Promotions။ 18 March 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 24 March 2010။ 
  19. "MICHAEL LEARNS TO ROCK – 19 LOVE SONGS (ALBUM)"၊ danishcharts.dk။ 2 October 2010 တွင် ပြန်စစ်ပြီး 
  20. Charles Ferro & Steve Mclure။ "Danes Play, China Buys – Danish band Michael Learns to Rock sells millions in Asia"၊ 29 January 2005။  Billboard- Google Books Retrieved 14 March 2010
  21. Charlotte Lund Dideriksen။ "MLTR No. 1 in Thailand"၊ 4 February 2009။ Archived from the original on 16 July 2011။  ScandAsia.com Retrieved 14 March 2010
  22. "Thanks for your great support"၊ 9 September 2009။ Archived from the original on 16 June 2010။  mltr.dk Retrieved 2 October 2010
  23. "Currently working on 2 new songs for our Chinese December-Tour Compilation CD"၊ 20 September 2010။  facebook.com Retrieved 2 October 2010
  24. Zhang Qian။ "Chinese inspiration for Danish group"၊ 3 December 2010။  ShanghaiDaily.com Retrieved 26 January 2011