မာရီယာ ထရီဇာ ဘုရင်မ

ဝီကီပီးဒီးယား မှ
ဘုရင်မနှင့် သူ့သားတော်။

မရီးယာတရီးဇားဘုရင်မ (ခရစ် ၁၇၁၇-၁၇၈ဝ)[ပြင်ဆင်ရန်]

မရီးယာတရီးဇားသည် ရောမသာသနာစောင့် နိုင်ငံတော် ဧကရာဇ် ဟက်စဗတ်မင်းဆက် ဆဋ္ဌချား၏ သမီးတော်ဖြစ်၍၊ ၁၇၁၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ဖွားမြင်လေသည်။ ဧကရာဇ် ဆဋ္ဌချားတွင် နန်းလျာအဖြစ် သားတော် မထွန်းကား သဖြင့် မိန်းမများ ထီးမွေနန်းမွေကို မဆက်ခံနိုင်ဟူသော ဟက်စဗတ် မင်းဆက်၏ အစဉ်အလာကြောင့် အခက်အခဲ တွေ့ခဲ့ရ၏။ ထိုအခက်အခဲကို ကျော်လွန် နိုင်စေရန် ပရက်ဂမက် တစ်ဆန့်ရှင်ခေါ် ထီးမွေနန်းမွေ ဆက်ခံခွင့် စာချုပ်တစ်ရပ်ကို ရေးဆွဲလက်မှတ်ရေးထိုးကာ၊ ဥရောပတိုက် နိုင်ငံကြီးရှင်တို့အားလည်း အာမခံအဖြစ် လက်မှတ်ရေးထိုးစေခဲ့ လေသည်။

၁၇၄ဝ ပြည့်နှစ်တွင် ဧကရာဇ်ချား နတ်ရွာစံသောအခါ ထိုထီးနန်းဆက်ခံခွင့် စာချုပ်အရ၊ မရီးယာတရီးဇားသည် ဘခမည်းတော်၏ အရိုက်အရာကို ဆက်ခံရလေ၏။ ၁၇၃၆ ခုနှစ်တွင် လောရိန်းမြို့စား ဖရန်စစ် စတီဖင်နှင့် လက်ဆက်ခဲ့ ရာ၊ ထီးနန်းအရိုက်အရာကို ဆက်ခံရသောအခါ၊ သူ၏ ကြင် ဖက်တော်ကိုလည်း ဘုရင်အဖြစ် ကြေညာခဲ့လေသည်။

သို့ရာတွင် ထီးနန်းတက်လာရသော အချိန်တွင် အခက် အခဲပေါင်းများစွာနှင့် ရင်ဆိုင် ခဲ့ရလေသည်။ ငယ်ရွယ်နုပျို၍ အုပ်ချုပ်ရည် ဗဟုသုတ နည်းလှသေးသော ဘုရင်မကလေး သည် ရန်သူပတ်လည် ဝိုင်းလျက် ရှိခဲ့လေသည်။ ပရက်ဂမက် တစ်ဆန့်ရှင်ခေါ် မိန်းမထီးမွေ ဆက်ခံခွင့် စာချုပ်ကို ကတိ အတိုင်း နိုင်ငံ နီးချင်းတို့က အသိအမှတ် မပြုရုံမက၊ ဩစတြီးယားနိုင်ငံတွင် ပါဝင်သော ကြွယ်ဝလှသည့် ဆိုင်လီးရှားပြည်နယ် ကို သိမ်းယူရန် ပရပ်ရှားပြည့်ရှင် ဖရက်ဒရစ်ဘုရင်က ချိန်နေခဲ့၏။ ဘာဘေးရီးယားပြည်နှင့် ဆက်ဆွန်နီ ပြည်တို့ကလည်း ပြင်သစ်အကူအညီဖြင့် ဩစတြီးယားပိုင် နယ်မြေများကို တောင်းဆိုခဲ့လေသည်။

စပိန်နိုင်ငံကလည်း အီတလီနိုင်ငံရှိ ဩစတြီးယားပိုင် နယ်များကို သိမ်းယူရန် ကြိုးစားနေလေသည်။ မရီးယား တရီးဇားကို ပထမဆုံး တိုက်ခိုက်သူမှာ ဖရက်ဒရစ်ပင် ဖြစ်လေသည်။ မရီးယာတရီးဇား နန်းတက်၍ မကြာမီ ဖရက်ဒရစ်သည် အလုံး အရင်းနှင့် ချီတက်လာကာ၊ ဆိုင်လီးရှားပြည်နယ်ကို သိမ်းယူခဲ့လေသည်။ ယင်းအခါတွင် ဩစတြီးယား ထီးနန်းဆက်ခံရေးအတွက် ဖြစ်သော ခုနှစ်နှစ်စစ် (၁၇၄ဝ- ၁၇၄၈) စတင်ဖြစ်ပွားလေတော့သည်။ ပြင်သစ်၊ စပိန်၊ ဆက်ဆွန်နီ၊ ဘာဘေးရီးယား၊ ဆာဒင်းနီးယားနှင့် ပိုလန်နိုင်ငံတို့ သည် ပရပ်ရှားဘက်မှ ပါဝင်တိုက်ခိုက်လေသည်။ သို့ဖြစ်၍ ဆိုင်လီးရှားနှင့် အခြားနယ်မြေများ အဆုံးအရှုံး ခံလိုက်ရသော မရီးယာတရီးဇားသည် သားငယ်ကိုပိုက်လျက် သူ့အားကြည်ညို သူများရှိရာ ဟန်ဂေရီနိုင်ငံသို့ပြေးသွားကာ အကူအညီ တောင်းရလေ၏။ ထိုအခါတွင် ဟန်ဂေရီမှူးမတ်များနှင့် တိုင်းသူပြည်သားတို့သည် မရီးယာတရီးဇားအပေါ်တွင် ကရုဏာသက်ကာ ဝိုင်းရံလျက်ရှိသော ရန်သူများကို တွန်းလှန် ရန်အတွက် အားကြိုးမာန်တက် ကူညီတိုက်ခိုက်ကြလေသည်။

ထို့ပြင် ပြင်သစ်နိုင်ငံ၏ ရေတပ်အင်အားကို ချိုးနှိမ်နိုင်ခဲ့သော အင်္ဂလန်နှင့် ဟော်လန်နိုင်ငံတို့၏ အကူအညီကိုလည်း ရရှိခဲ့ လေသည်။ ထိုသို့သော အကူအညီများနှင့် သူ၏ စွမ်းရည် သတ္တိတို့ကြောင့် နယ်မြေအများ ဆုံးရှုံးခြင်းဘေးမှ ကာကွယ် နိုင်ခဲ့ပေသည်။ ဩစတြီးယား ထီးနန်းဆက်ခံရေး စစ်ပွဲမှာ ၇ နှစ်ကြာလေသည်။ ၁၇၄၈ ခုနှစ်တွင် အက်လာရှပယ် စာချုပ် ချုပ်ဆိုစစ်ပြေငြိမ်းလိုက်ကြလေ၏။ ထိုစာချုပ်အရ မရီးယာ တရီးဇားသည် ဆိုင်လီးရှားနယ်ကို ပရပ်ရှားသို့ပေးအပ်လိုက် ရရုံမက၊ အီတလီပြည်မှ နယ်မြေအချို့ကို စပိန်သို့ပေးလိုက် ရလေသည်။ သို့သော် ထီးနန်းဆက်ခံ ခွင့်ကို အသိအမှတ် ပြုခြင်း ခံရလေသည်။ ထိုအချိန်တွင် ကြင်ဖက်တော် ဖရန်စစ် သည်လည်း ပထမ ဖရန်စစ်ဘွဲ့ဖြင့် ရောမသာသနာစောင့် နိုင်ငံတော် ဧကရာဇ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရ၏။ သို့သော် နိုင်ငံ၏ အရေးကိစ္စအားလုံးလိုလိုကို မရီးယာတရီးဇားသည်ပင်လျှင် ကြိုးကိုင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ မရီးယာတရီးဇားသည် အဆုံး ရှုံးခံလိုက်ရသော နယ်မြေများကို နှမြေတသလျက် ယင်းတို့ကို ပြန်လည်ရရှိရေးအတွက် အမြဲကြံစည် တွေးတောလျက် ရှိလေ ၏။ ထိုသို့ကြံစည်ခဲ့ရာတွင် ဩစတြီးယားဝန်ကြီးချုပ် ဖွန်ကောင်းနစ်သည် မရီးယာတရီးဇား အားကိုးအားထား ပြုရသူဖြစ်၏။ ပြည်ရေးပြည်ရာ၌ ကျွမ်းကျင်လိမ္မာလှသော ကောင်းနစ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်ကစ၍ ရန်ဖက်ဖြစ်ခဲ့သော ပြင်သစ်နိုင်ငံနှင့် မရီးယာတရီးဇားတို့ မဟာမိတ်ဖွဲ့ကာ နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက် နိုင်စေရန် ဆောင်ရွက် ခဲ့ရာ၊ ၁၇၅၆ ခုနှစ်တွင် အောင်မြင် ခဲ့လေသည်။ ထိုနှစ်တွင်ပင် အင်္ဂလန်ပြည်သည် ဩစတြီးယား နှင့် မဟာမိတ်အဖြစ်မှ ရပ်စဲ၍ ပရပ်ရှားနှင့် ပူးပေါင်းခဲ့လေ သည်။

မရီးယာတရီးဇားသည် ပြင်သစ်နှင့် မဟာမိတ်အဖြစ် ခိုင်မြဲသည်ထက် ခိုင်မြဲစေရန် ၁၇၇ဝ ပြည့်နှစ်တွင် သမီးတော် မာရီ အန်တွိုင်းနတ်ကို ပြင်သစ်အိမ်ရှေ့မင်းသား လူဝီ၊ နောင်အခါ လူဝီ (၁၆) အဖြစ် နန်းတက်သူနှင့် လက်ဆက်ခဲ့လေသည်။ သူ့တွင် သားတော် ၅ ပါးနှင့် သမီးတော် ၁၁ ပါးထွန်းကား ခဲ့သည်။


ထို့ပြင် မရီးယာတရီးဇားသည် ရုရှားနှင့် မဟာမိတ် ဖွဲ့ရာတွင်လည်း အောင်မြင်ခဲ့၏။ ထိုမှတစ်ပါး ဆွီဒင် နိုင်ငံနှင့် ဆက္ဗဆွန်နီနယ်တို့၏ အကူအညီကို ရလေသောကြောင့် ပရပ်ရှားကို တိုက်ရန် ကြံစည်နေဆဲတွင် ပရပ်ရှားက အကြံ ဦးသွားကာ စတင်တိုက်ခိုက်လေသည်။ သို့ဖြင့် ၁၇၅၆ ခုနှစ် တွင် ခုနှစ်နှစ်စစ်ပွဲ ဖြစ်ပွားရလေသည်။


ရုရှား၏ အကူအညီကို ရသောကြောင့် အခြေအနေ သာလျက်ရှိသော မရီးယာတရီးဇားသည် ဆိုင်လီးရှားနယ်ကို ပြန်လည်ရရှိရန် အစွမ်းကုန်ကြိုးစားသော်လည်း မအောင်မြင် ခဲ့ချေ။ ဆိုင်လီးရှားတွင် ပရပ်ရှားတို့ခြေကုပ်မြဲလျက်ပင် ရှိခဲ့လေသည်။ ၁၇၆၅ ခုနှစ်တွင် သူ၏ ကြင်ဖက်တော် ကွယ်လွန်၍သူ၏ သားတော်အကြီးဆုံးက ဒုတိယ ဂျိုးဇက် အမည်ဖြင့် ဆက်ခံလေသည်။ သို့သော် မရီးယာတရီးဇားသည် ဂျိုးဇက်ဘုရင်အား စစ်မှုရေး ရာကို ကြိုးကိုင်စေခဲ့သည်။

ပိုလန်ပြည်ကို ၁၇၇၂ ခုနှစ်တွင် ခွဲဝေယူကြရာ၌ ရုရှားနိုင်ငံ ပရပ်ရှားနိုင်ငံတို့နှင့်အတူ ဝေစုရခဲ့လေသည်။ မရီးယာတရီးဇားသည် လိမ္မာရေးခြားစွာ နိုင်ငံတော်ကို အုပ်ချုပ်နိုင်ခဲ့၏။ နိုင်ငံခြားရေးတွင်လည်း နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ခဲ့လေသည်။ ၁၇၈ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)