မဟာမောဂ္ဂလာန်ထေရ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အရှင်မဟာမောဂ္ဂလာန်ကို ခိုးသားများ ရိုက်နှက်နေပုံ သရုပ်ဖော်။

အရှင်မောဂ္ဂလာန် သည် ဗုဒ္ဓ မြတ်စွာဘုရားရှင်တော်မြတ် မှတစ်ပါးတန်ခိုး ကြီးသည့်အဖြစ်၌ သာလွန်သောသာဝက ဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ သူမတူအောင်တန်ခိုးကြီးထူးချွန်သဖြင့် တန်ခိုးအရာ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့ တံဆိပ်ရသူ ရဟန္တာဖြစ်သည်။ ရှင်မောဂ္ဂလာန်သည် ဂေါတမဗုဒ္ဓ ဘုရားသခင်၏ လက်ဝဲတော်ရံ ပထမ အဂ္ဂမဟာသာဝက ကြီး ဖြစ်တော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်သည် ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် ချီးမြှောက်ခြင်း ခံရသော ရဟန္တာ တစ်ပါးဖြစ်သည်။ မဟာမောဂ္ဂလာန်ထေရ်သည် ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် ချီးမြှောက်ခြင်း ခံရသော ရဟန္တာ တစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည် ကောလိတရွာ ဗြဟ္မဏမဟာသာလ မျိုးဖြစ်သော ကောလိတရွာသူကြီးနှင့် မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်၍ ကောလိတဟု အမည်တွင်သည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ငယ်စဉ်က သူငယ်ချင်းဖြစ်သော ဥပတိဿပုဏ္ဏားမျိုးနှင့် အတူ တောင်ထွတ်သဘင်ပွဲကို ကြည့်ကြယင်း သတိသံဝေဂရ၍ နှစ်ဦးသဘောတူ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္စည်းပရိဗိုဇ်ထံသို့သွားကြသည်။

ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ် တရားမှန်ကို မရနိုင်မှန်း သိကြသဖြင့် သူငယ်ချင်း နှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကို ပြန်ကြားပြောဆို စတမ်းဟု ကတိကဝတ်ပြုလျက် တရားမှန် ရှာရန် တကွဲ တပြားစီ ခွဲထွက်သွားကြသည်။

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၍ ဝေဠုဝန်ကျောင်းတော်တွင် စံပယ်သီတင်း သုံနေတော်မူခိုက်ဖြစ်သည်။ သူငယ်ချင်းဖြစ်သော ဥပတိဿ ပရိဗိုဇ်သည် မြတ်စွာဘုရား၏ တပည့် ပဉ္စဝဂ္ဂီတို့တွင် အငယ်ဆုံးဖြစ်သော အဿဇိထေရ်နှင့် တွေ့၍ မြတ်စွာဘုရား၏ တရားတော်ကို အဿဇိတထေရ်မှ တစ်ဆင့် နာကြားရကာ သောတာပတ္တိဖိုလ်သို့ဦးစွာရောက်နှင့်သည်။

သောတာပတ္တိဖိုလ်တည်ခြင်း[ပြင်​ဆင်​ရန်​]

ဥပတိဿသည် ကတိကဝတ်အတိုင်း ပြန်လာပြီးလျှင် ကောလိတပရိဗိုဇ်အား မိမိကြားနာခဲ့ရသော ယေဓမ္မာ ဟေတုပ္ပဘဝါဟူသော တရားကို ပြန်ကြားဟောပြောရာ ဂါထာအဆုံး၌ ကောလိတပရိဗိုဇ်သည် လည်း သောတာပတ္တိဖိုလ်သို့ရောက်လေသည်။

ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း[ပြင်​ဆင်​ရန်​]

ကောလိတသည် တရားရပြီးနောက် ဥပတိဿနှင့် အတူ မြတ်စွာဘုရားထံသို့လိုက်ပါသွားရောက်သည်။ မြတ်စွာ ဘုရားက တရားတော်ကို ဟောကြားသဖြင့် မဟာသက္ကရာဇ် ၁ဝ၃ ခု တပို့တွဲလဆန်း ၇ ရက်နေ့တွင် ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုနေ့၌ပင် မြတ်စွာဘုရားက မဟာမောဂ္ဂလာန် ဟူ၍ အမိ၏ အမည်ကိုစွဲ၍ သမုတ်လျက် လက်ဝဲရံအဂ္ဂသာဝက အရာ၌ ချီးမြှောက်တော်မူသည်။ ထို့နောက် တန်ခိုးတော်အရာ၌ ထူးချွန်သဖြင့် ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူပြန်သည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း[ပြင်​ဆင်​ရန်​]

မဟာမောဂ္ဂလာန်ထေရ်သည် မြတ်စွာဘုရားထံတွင် နှစ်ရှည်လများ အလုပ်အကျွေးပြုသည်။ ထို့နောက် သိဂိလိ တောင် နံဘေး၌ ဝဋ်ကြမ္မာအလျောက် ခိုးသား ၅ ရာတို့ ရိုက်နှက်ခြင်းကို ခံရသဖြင့် ပရိနိဗ္ဗာန် စံတော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်များကို မြတ်စွာဘုရား ကိုယ်တော်တိုင် ကြပ်မ၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ စေတီတည်တော်မူသည်။

ရှင်ဘုရင်တို့၏သာသနာထိန်းသိမ်းပုံ[ပြင်​ဆင်​ရန်​]

နောင်သောအခါ သီရိဓမ္မာ သောကမင်းကြီးသည် ဓာတ်တော်များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း ဥဇ္ဇေနီပြည်အနီး ဝေဒိဿသတောင်ရံ၌ စေတီကြီး ၃ ဆူတည်၍ တစ်ဆူတွင် မဟာမောဂ္ဂလာန်ထေရ် ၏ ဓာတ်တော်ကို ဌာပနာသည်။

ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော် ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိရ၍ အင်္ဂလန်နိုင်ငံ ပြတိုက်သို့ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံ မဟာဗောဓိ အသင်းမှ ကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿက တော် (ယခုအခါ ဆန်ချီ) အရပ်ရှိ စေတီတော်၌ပင် ဌာပနာခြင်းပြုသည်။ ဓာတ်တော်များကို ဌာပနာခြင်းမပြုမီ မြန်မာနိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ပင့်ဆောင်ကာ မြို့ရွာများစွာတွင် လှည့်လည် အပူဇော်ခံ တော်မူသည်။ ဓာတ်တော် ဌာပနာပွဲကို ၁၉၅၂ ခုနှစ်တွင် အိန္ဒိယ၌ ကျင်းပရာ လွန်စွာ စည်ကားလှသည်။ ထိုပွဲတော်သို့မြန်မာနိုင်ငံမှ ဝန်ကြီး ချုပ် ဦးနုနှင့် ဗုဒ္ဓဝါဒီ အများလည်း တက်ရောက်ကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)