မဟာဆိုင်းရပ်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဟာဆိုင်းရပ်စ် (ဘီစီ ၅၉၀-ဘီစီ ၅၂၉)

ပါရှအင်ပါယာကိုတည်ထောင်သူ မဟာဆိုင်းရပ်စ် (Cyrus the Great)(ဘီစီ ၅၉၀-ဘီစီ ၅၂၉) ကို အီရန်အနောက်တောင်ပိုင်းရှိ ဖာရ်စစ်နယ်(ယနေ့ဖားစ်နယ်)တွင် ဒေသခံပဒေသရာဇ်ဖြစ်သူ ဆမ်ဘီစက် မှ ဆင်းသက်ဖွားမြင်သည်။ ဆိုင်းရပ်စ်၏ မူလပါရှအသံထွက်ဖြင့် အမည်မှာ ကုဂုစ် ဖြစ်ပါသည်။ သူမွေးဖွားစဉ်က ထိုဒေသမှာ ဖိဒ်စ်အင်ပါယာ၏ လက်အောက်ခံ ပဒေသရာဇ်နယ်လေး သာဖြစ်သည်။

ငယ်စဉ်ဘဝကို ကောင်းစွာမသိရသော်လည်း ပုံပြင်ဆန်ဆန် လူပြောများသည် ဇာတ်လမ်းအရ အဖိုးဖြစ်သူက မြေးကိုယ်ဝန်ဆောင်ချိန်တွင် နိမိတ်များမြင်ပြီး နောင်တစ်ချိန်တွင် မိမိအားပျက်စီးစေမည့် မျိုးဆက်ဟု ဆိုကာသတ်ရန် စေခိုင်းခဲ့သည်။ သို့သော် မင်းစေက မရက်စက်လိုသဖြင့် သိုးခြံ၀တွင် စွန့်ပစ်ထားခဲ့ပြီး သိုးထိန်းလင်မယား၏စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သည် ဟုဆိုသည်။ သို့သော် သမိုင်းပညာရှင်များက ထိုဇာတ်လမ်းကို လက်မခံကြပေ။

မဟာဆိုင်းရပ်စ်၏ အုပ်ဂူ

အရွယ်ရောက်လျှင် ဖခင်ထံမှ အရိုက်အရာကိုဆက်ခံပြီး မိဒ်စ်အင်ပါယာ၏ ဧကရာဇ်၏ လက်အောက်ခံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ရာမှ ဘီစီ၅၅၃တွင် ပုန်ကန်ပြီး သုံးနှစ်အကြာတွင် အောင်မြင်ပြီး ပါရှအင်ပါယာကို တည်ထောင်သည်။ ဖိဒ်စ် နှင့် ပါရှတို့မှာ လူမျိုးအားဖြင့်၊ ဘာသာစကားအားဖြင့် များစွာကွာခြားသည်မဟုတ်သဖြင့် ဆိုင်းရပ်စ် အနေဖြင့်လည်း ဖိဒ်စ်တို့၏ ဥပဒေ နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ဆက်လက်ကျင့်သုံးသည်။ ထို့ကြောင့် လက်အောက်ခံတို့က မည်သည့်မကျေနပ်မှုမှ မပြပဲ တိုင်းပြည်အတွင်း မင်းပြောင်းမင်းလွဲဖြစ်သည် ဟုသာ သဘောထားကြသည်။

ဧကရာဇ်အဖြစ်ကိုရလျှင် နယ်ပယ်ချဲ့ထွင်ရေးကို စတင်ရန်အားထုတ်သည်။ ရှေးဦးစွာ အနောက်ဖက်ရှိ လီဒီးယားအင်ပါယာ ကိုတိုက်ခိုက်သည်။ထိုအင်ပါယာမှ ဘုရင်ကရီးဆပ်သည် ချမ်းသာကြွယ်၀ပြီး အထူးသဖြင့် ရွှေအလွန်ပေါသည် ဟုကြော်ကြားသည်။ ဘီစီ၅၄၆တွင် လီဒီးယားအင်ပါယာကို အောင်နိုင်သည်။

ထိုနောက် အရှေ့ဖက်သို့လှည့်ပြီး စစ်ပွဲများစွာတိုက်ခိုက်အောင်မြင်ကာ ဘီစီ ၅၄၀တွင် အီရန်တစ်ခုလုံးကိုရပြီး သူ၏အင်ပါယာမှာလည်း အနောက်ဖက် မှ အရှေ့ဖက် အိန္ဒိယ၊ ဗဟိုအာရှ ဒေသများအထိကျယ်ပြန့်လာခဲ့သည်။ ထိုသို့အရှေ့နှင့်အနောက်တွင် ရန်သူများကိုအောင်နိုင်ပြီးနောက် အချမ်းသာဆုံးဖြစ်သည့် ဘေဘီလုံနိုင်ငံကို တိုက်ခိုက်တော့သည်။ ဘေဘီလုံဘုရင် နဗိုနိဒပ်စ်မှာ ပြည်သူတို့၏ ချစ်ခင်မှုကိုမရသဖြင့် ဘေဘီလုံစစ်တပ်များက မတိုက်ပဲ လက်နက်ချသောကြောင့် ဓါးမကျိုးလှံမခွေပဲ ဘေဘီလုံကိုရလေသည်။ သို့ဖြင့် ဘေဘီလုံလက်အောက်ရှိ ဆီးရီးယားနှင့် ပါလက်စတိုင်း ဒေသများကိုပါရသည်။

ထိုမှ နှစ်အတန်ကြာ မိမိ၏သိမ်းပိုက်နယ်ပယ်များအတွင်း အခြေခိုင်ရန်အားထုတ်ကြိုးပမ်းပြီးနောက် စစ်တပ်ကိုဦးဆောင်ကာ အရှေ့မြောက်ဖက်ရှိ ကပ်စပီယံပင်လယ်မှ ဗဟိုအာရှတိုင်အောင် လှည့်လည်သွားလာလျှက်ရှိသည့် မက်စဂီတေး လူမျိုးစုများကို တိုက်ခိုက်သည်။ သို့သော် ၅၂၉တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပါရှတပ်များ ရှုံးသလို ဆိုင်းရပ်စ်ကျဆုံးသွားခဲ့သည်။

[ပြင်​ဆင်​ရန်​] နောက်ဆက်တွဲ

မဟာဆိုင်းရပ်စ်၏ ပါရှအင်ပါယာ

ဆိုင်းရပ်စ်လွန်လျှင် သားတော် ဒုတိယကမ်ဘီစက်စ် ကဆက်ခံပြီး တိုက်ခိုက်ရာ မက်စဂီတေး တို့ကိုအောင်မြင်သည်။ ဖခင်၏အလောင်းကို ရှေးပါရှမြို့တော်ဟောင်း ပဆိုဂဒေ တွင်မြုပ်နှံသည်။ ထိုနောက် အီဂျစ်သို့ဆက်လက်ချီတက်ပြီး တိုက်ခိုက်အောင်မြင်သဖြင့် အာရှအနောက်ဖက်နှင့်အလယ်ပိုင်း တစ်ခွင်လုံးကို ပါရှအင်ယာအဖြစ် သိမ်းသွင်းထူထောင်သည်။ အနှစ်နှစ်ရာကျော် သက်တမ်းရောက်မှ မဟာအလက်ဇန္ဒား ၏တိုက်ခိုက်မှုကြောင့် ပါရှအင်ပါယာကြီး ပျက်စီးခြင်းသို့ရောက်ရသည်။

အလက်ဇန္ဒားလွန်သော် သူ၏စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဆဲလ်လူကတ်နီကာတာ ကပါရှအင်ပါယာကို ဆက်လက်အုပ်ချုပ်ပြီး ခရစ်နှစ် သုံးရာစုတွင် ဆိုင်ရပ်စ်မင်းဆက်မှ ဆင်းသက်သူဟု ဆိုသည့် ပထမအာဆက်စစ် ကပုန်ကန်ပြီး ပါသီယအင်ပါယာကို တည်ထောင်သည်။ ခရစ်နှစ် ၂၂၄တွင် ထိုမင်းဆက်ကို နန်းချပြီး ပါရှအင်ပါယာသစ် (သို့) ဆက်စနစ်အင်ပါယာ ကိုတည်ထောင်ပြီး အနှစ် ၄၀၀မျှ အုပ်စိုးသွားကြသေးသည်။ ထိုမင်းဆက်တို့ကလည်း မိမိတို့သည် ဆိုင်းရပ်စ်၏ အကြေမန်နစ် အဆက်အနွယ်များဖြစ်သည်ဟု ဆိုကြပြန်သည်။

[ပြင်​ဆင်​ရန်​] ဆိုင်းရပ်စ်၏ အရည်အချင်းများ

စစ်ရေးတွင် ထူးချွန်သည်မှာ ပြောဖွယ်မရှိပေ။ထို့အပြင် အုပ်ချုပ်ရေး တွင်ထူးချွန်ပြီး ဘာသာကိုးကွယ်မှုတွင်လည်း နှစ်သက်ရာဘာသာကို ကိုးကွယ်ခွင့်ပေးသည်။ သိမ်းပိုက်ခံနယ်ပယ်များအတွင်းရှိ ဒေသခံတို့၏ ဓလေ့ထုံးစံများကို ဆက်လက်ကျင့်သုံးခွင့်ပေးသည်။ ရက်ရက်စက်စက် မျိုးသုဉ်းသတ်ဖြတ်သည်မျိုးမရှိခဲ့ပေ။ ဘာသာရေးအရ နောင်တွင် အပြောင်းအလဲဖြစ်စေမည့် ဖြစ်ရပ်တစ်ခုကိုလည်း ပြုခဲ့သည်။ အခြားမဟုတ် ဘေဘီလုံကို သိမ်းပိုက်ပြီးနောက် ဘေဘီလုံတွင် နှစ် ၅၀ကျော်မျှ အထိန်းအသိမ်းခံသဘောမျိုး၊ သုံ့ပန်းသဘောမျိုး နေထိုင်နေခဲ့ရသည့် ဂျူးလူမျိုးထောင်ပေါင်းများစွာကို အိမ်ပြန်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အထက်ပါအချက်များကြောင့် နောင်တစ်ချိန်ပြိုင်ဖက်များဖြစ်လာသည့် ဂရိတို့ကပင် ဆိုင်းရပ်စ်ကို လေးစားချီးကျူးခဲ့ကြသည်။


[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်