မယ်လမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မယ်လမင်း (melamine) ဆိုသည်မှာ ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ ၎င်းတွင် နိုက်ထရိုဂျင်ဓာတ် ပမာဏ ၆၆% ပါဝင်သည်။ မယ်လမင်းမှာ မီးလောင်ကျွမ်းပါက နိုက်ထရိုဂျင်ဓာတ်ငွေ့များ ထွက်လာတတ်ပြီး စက်မှုလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုသည့် ဓာတုပစ္စည်း ဖြစ်သည်။ မယ်လမင်းသည် cyanuric အက်စစ်နှင့် ပေါင်းမိပါက လူ့ကျန်းမာရေးအား ဥပဒ်ဖြစ်စေသည့် melamine cyanurate အဖြစ် ပြောင်းလဲသွားသည်။ တရုတ်ပြည်၏ နို့ထွက်ပစ္စည်းများတွင် ယင်းဓာတ်ဝတ္တုများကို တွေ့ရှိခဲ့ရသဖြင့် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်။ နို့မှုန့်တွင် ပရိုတင်းပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း နိုက်ထရိုဂျင် ပါဝင်သော ပရိုတင်းများပါဝင်သည်။ ၎င်းတို့ကို စားသုံးမိပါက အန္တရာယ်ဖြစ်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်အရ မယ်လမင်းဓာတ်မှာ လူကြီးတစ်ဦးအတွက် (2.5mg/kg) နှင့် ကလေးတစ်ဦးအတွက် (1mg/kg) သာ ခံနိုင်ရည်ရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် ကလေးငယ်များစွာ အန္တရာယ်ဖြစ်ခဲ့ပြီး မယ်လမင်းပြဿနာအား တကမ္ဘာလုံးမှ အာရုံစိုက်ခဲ့ကြသည်။

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

မယ်လမင်းအား formaldehyde နှင့် ပေါင်းစပ်ဓာတ်ပြုကာ melamine resin ကိုလည်းကောင်း၊ အပူချိန်အလွန်ခံနိုင်သော ပလတ်စတစ်ကိုလည်းကောင်း၊ မယ်လမင်းအမြုပ်အား အသုံးပြုကာ polymeric သန့်စင်ပစ္စည်းကိုလည်းကောင်း ထုတ်လုပ်နိုင်သည်။ ထိုကုန်ကြမ်းများအား အသုံးပြုကာ ဖိုင်ဘာများ၊ ကော်များ၊ ပန်းကန်ခွက်ယောက်များ၊ အိမ်သုံးပစ္စည်းများ၊ မီးခံပစ္စည်းများ ထုတ်လုပ်သည်။ မယ်လမင်းတွင် ဖိုင်ဘာဓာတ်များလည်း ပါဝင်သဖြင့် ခံနိုင်ရည်အလွန်ကောင်းသော ကွန်ကရိ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ နိုက်ထရိုဂျင်ပါဝင်မှု ကောင်းသောကြောင့် ဓာတ်မြေဩဇာများ ပြုလုပ်ရာတွင်လည်းသုံးသည်။[၁]

အန္တရာယ်[ပြင်​ဆင်​ရန်​]

မယ်လမင်းသည် လုပ်ငန်းများစွာတွင် အသုံးချနိုင်သော်လည်း အများအပြားစားသုံးမိပါက အလွန်အန္တရာယ် ရှိလေသည်။ မယ်လမင်းကြောင့် အဓိကထိခိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ကျောက်ကပ်ဖြစ်လေသည်။ မယ်လမင်း အစာလမ်းကြောင်း ထဲဝင်ရောက်ပါက ကျောက်ကပ်တွင်ကျောက်တည်ကာ ကျောက်ကပ်ပြွန်များ ပိတ်သွားတတ်သည်။ လူနာမှာအလွန်ပင် နာကျင်မှုကို ခံစားရပြီး ဆီးမသွားနိုင်တော့ပဲ ကျောက်ကပ်များ ယောင်ရမ်းလာသည်။ ကျောက်ကပ်ထဲမှ ကျောက်အား ထုတ်ယူနိုင်လျှင်ပင် ကျောက်ကပ်မှာတော့ နာသွားသည်။ သေဆုံးနိုင်သည်အထိပင် အန္တရာယ်ရှိလေသည်။

တရုတ်နိုင်ငံမှ ပြဿနာ[ပြင်​ဆင်​ရန်​]

တရုတ်နိုင်ငံမှ နို့မှုန့်များတွင် မယ်လမင်းပါဝင်သောကြောင့် ကလေးငယ်များ ဒုက္ခရောက်ခဲ့ကြပြီး ထိုပြဿနာသည် တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်ခဲ့လေသည်။ တရုတ်နိုင်ငံအခြေစိုက် နယူးဇီလန်နှင့် ဖက်စပ်ကုမ္ပဏီ sanlu (သမင်သုံးကောင်) အုပ်စုမှထုတ်သော နှို့မှုန့်များတွင် မယ်လမင်းပါဝင်ကြောင်း အိုလံပစ်ပြိုင်ပွဲမတိုင်မှီ ဩဂုတ်လကတည်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလတွင် တရုတ်ကလေးငယ် လေးယောက်သေဆုံးခဲ့ရပြီး ကလေး ၆၀၀၀ ကျော် ကျောက်ကပ်များ အနာဖြစ်ကာ ဆေးရုံတင်ကုသခဲ့ရသည်။ တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှ နို့မှုန့်တံဆိပ် ရ၀ နီးပါးတွင် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်း မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း အစိုးရပိုင် CCTV ရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နို့မှုန့်ထဲထည့်ရခြင်းအကြောင်း[ပြင်​ဆင်​ရန်​]

မယ်လမင်းအား နို့မှုန့်ထဲ ထည့်ရခြင်းအကြောင်းမှာ မယ်လမင်းအမှုန့်များကို ရောထည့်ခြင်းအားဖြင့် နို့မှုန့်ပမာဏကို လျော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ မယ်လမင်းအမှုန့်များသည် အနံ့မရှိသောကြောင့် သာမာန်ကြည့်ရှုခြင်းအားဖြင့် မသိရှိနိုင်ပေ။ မယ်လမင်းမှုန့်သည် နို့မှုန့်များထက် ဈေးသက်သာသဖြင့် စီးပွားရေးသမားများမှ တွက်ခြေကိုက်စေရန်အသုံးပြု ခြင်းလည်းဖြစ်သည်။ နှို့မှုန့်တွင် ပရိုတင်းဓာတ်ပါဝင်သကဲ့သို့ မယ်လမင်းတွင်လည်း နိုက်ထရိုဂျင်ပါဝင်သော ပရိုတင်း များပါဝင်သောကြောင့် ပရိုတင်းကြွယ်ဝစေရန် အသုံးပြုသည်ဟုလည်း ဆိုကြသည်။

မြန်မာနိုင်ငံ အခြေအနေ[ပြင်​ဆင်​ရန်​]

အိမ်နီးချင်း တရုတ်နိုင်ငံမှ နို့မှုန့်များအား မြန်မာနိုင်ငံအတွင်းသို့ အများအပြားတင်သွင်းသဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော နို့မှုန့်တံဆိပ်များနှင့် ပြည်တွင်းထုတ် နို့မှုန့်တံဆိပ်များအားလည်း အစိုးရမှစစ်ဆေးခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင် တံဆိပ်ကိုးမျိုးအား မယ်လမင်းပါဝင်သောကြောင့် ရောင်းချတင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။ နာမည်ကြီး ဈေးဆိုင်ကြီးများကလည်း အဆိုပါတံဆိပ် နို့မှုန့်များအား ပြန်လည်အပ်နှံပါက ငွေပြန်အမ်းမည်ဟု ကြေငြာခဲ့သည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ ရန်ကုန်မှ အောက်တိုဘာ ၅ ရက် မှ ၁၆ ရက်အတွင်း ဈေးကွက်တွင် ရောင်းချနေသည့် နို့မှုန့် ၆၂ မျိုးကိုစမ်းသပ်စစ်ဆေးခဲ့ပြီး မယ်လမင်းမပါဝင်သည့် နို့မှုန့်အမျိုးအစား ၃၅ မျိုးအား စမ်းသပ်တွေ့ရှိထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖေါ်ပြခဲ့သည်။ သို့သော် ထိုတွေ့ရှိချက်များအားလည်း အမြဲယုံကြည်စိတ်ချ၍ မဖြစ်ကြောင်း၊ တစ်လတစ်ကြိမ်ခန့် စစ်ဆေးသွားရန်လိုကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံကဲ့သို့ ဆေးရုံတက်ကုသရသည့် ကလေးငယ်မရှိကြောင်း အစိုးက သတင်းထုတ်ပြန်ခဲ့သည်။[၂] [၃]

အကိုးအကား[ပြင်​ဆင်​ရန်​]

  1. အင်္ဂလိပ် ဝီကီမှ
  2. 7 Day News Journal
  3. The voice weekly journal