ဘကလေး၊ ဦး(ရွှေတလေး)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးဘကလေး
Bakalay.jpg
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၉၊ဖေဖော်ဝါရီ ၊ ၁၈၉၀
အမည်ရင်း ဘကလေး
မိဘအမည် ဦးဘိုးသင်း + ဒေါ်သဲမှုန်
မွေးဖွားရာဒေသ ပုသိမ်မြို့
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ အစ္စလာမ် ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ကာတွန်းဆရာ၊ ကုမ္ပဏီမန်နေဂျာ
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု ဦးရွှေရိုးအက တီထွင်သူ
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်



ကာတွန်း ဦးဘကလေးကို ၉၊ဖေဖော်ဝါရီ ၊ ၁၈၉၀တွင် ပုသိမ်မြို့၊ ထောင်ကုန်းရပ်၊ အရက်ဖိုလမ်း အမှတ်၃ နေအိမ်တွင် အလယ်တန်းပြဆရာ ဦးဘိုးသင်း နှင့် ဒေါ်သဲမှုန်တို့က ဖွားမြင်သည်။ မွေးချင်း အစ်ကိုတစ်ဦးရှိပြီး မောင်ဘကြီးဟုခေါ်သည်။ ဦးဘကလေးသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူလည်းဖြစ်ပြီး အသက် ၁၆နှစ်အရွယ်တွင် အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းမှ သင်္ချာ၊အင်္ဂလိပ် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ကျောင်းသားဘဝက ပန်းချီပြိုင်ပွဲ တွင် ဘုရင်ခံ၏ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရဖူးသည်။ ဆယ်တန်းအောင်မြင်ပြီးနောက်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့သည်။ ဥပစာတန်းအောင်မြင်ပြီး ဘီအေတန်းအရောက် ၁၉၁၆တွင် ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းမှထွက်လိုက်ရသည်။

မိမိပညာဆည်းပူးခဲ့သည့် အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် အသက်မွေးခဲ့သော်လည်း မျက်နှာဖြူပညာဝန်ကို ဘုရားထူးရသည့် အလုပ်ကို မနှစ်မြို့သဖြင့် နောက်ဆုံးတွင် အလုပ်မှထွက်ကာ ရန်ကုန်သို့ပြောင်းရွေ့နေထိုင်သည်။

မြန်မာကာတွန်း[ပြင်​ဆင်​ရန်​]

ဦးဘကလေးသည် အားလပ်ချိန်များတွင် ပန်းချီဆွဲရင်း ကောလိပ်ကျောင်းသားဘဝ ၁၉၁၅တွင် ကာတွန်းလက်ရာ တစ်ခုကို စမ်းသပ်ရေးဆွဲကြည့်ခဲ့သည်။ သူ၏ကာတွန်းမှာ မြို့အုပ်လုပ်ရန် ရည်ရွယ်ပြီးကောလိပ်တက်နေသော ကောလိပ်ကျောင်းသားအချို့အား ပျက်ရယ်ပြုရေးဆွဲထားခြင်းဖြစ်သည်။ အနောက်နိုင်ငံများတွင် ၁၈၆၀ပြည့်နှစ်များမှစကာ ကာတွန်းရုပ်ပြောင်များပေါ်ပေါက်လာသည့် နည်းတူ မြန်မာ့ကာတွန်းလောကတွင်လည်း ၁၉၁၅တွင် ဦးဘကလေးဆွဲသည့် လက်ရာမှာ ပထမဆုံးသော ကာတွန်းလက်ရာဖြစ်သည် ဟုဆိုကြသည်။

ဦးဘကလေးသည် အင်္ဂလိပ်စာကျွမ်းကျင်သဖြင့် သူ၏ကာတွန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖေါ်ပြခဲ့ရာ ရန်ကုန်တိုင်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင်က များစွာနှစ်ခြိုက်ခဲ့သည်။ သို့ဖြင့် ခရစ်စမတ်နေ့ အထူးထုတ် ရန်ကုန်တိုင်းစာစောင်တွင် ကာတွန်းပုံရေးဆွဲစေရာ ၄င်းကာတွန်းလက်ရာမှာ နိုင်ငံရပ်ခြားသို့ပင် ပြန့်နှံခဲ့သည်။ ထိုနောက် ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ရှေးရိုးအဒေါ်ပျိုကြီးနှင့် ခေတ်ဆန်ဆန်တူမပျိုတို့ စကားပြောဆိုနေဟန်ကို ပထမဆုံးမြန်မာဘာသာ ကာတွန်းလက်ရာအဖြစ် ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင်လည်း သူရိယတွင်ပင် ကုန်ပစ္စည်းကြော်ငြာအချို့ကို ရေးဆွဲပေးခဲ့သေးသည်။ (ဦးဗကလေးနဲ့ ဦးဘကလေးနဲ့ မှားနေပီဗျို့)

မြန်မာအဆွေကုမ္ပဏီမန်နေဂျာ[ပြင်​ဆင်​ရန်​]

ကိုလိုနီခေတ်ဦးကာလက ရန်ကုန်တွင် မြန်မာအဆွေအမည်ရှိ မြန်မာကုမ္ပဏီကြီးတစ်ခုရှိခဲ့ဖူးပါသည်။ ပြည်မြို့စစ်ကဲကြီး၏ အဆက်အနွယ်ဖြစ်သူ ဒေါ်ဆင်ကလေးက ပြည်မြို့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ တိုးတက်ကြီးပွားလာသဖြင့် ရန်ကုန်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ဒေါ်ဆင်ကလေး ကွယ်လွန်သွားပြီးနောက် ညီမဒေါ်ငြိမ်းရှင် နှင့် မတ်ဖြစ်သူ စက်ရှင်ရုံးစာရေးကြီးဟောင်း ဦးဘညွှန့်တို့ ကုမ္ပဏီကို ဆက်ခံခဲ့ကြသည်။ ၂၊ဖေဖော်ဝါရီ ၊ ၁၉၁၈တွင် ဆူးလေဘုရားခြေရင်းတွင် မြန်မာအဆွေကုမ္ပဏီကို ဖွင့်လှစ်သောအခါ ဦးဘကလေး က ကုမ္ပဏီ ကြောငြာမန်နေဂျာအဖြစ် အလုပ်ရသည်။ အလုပတစ်ဖက်ဖြင့် ကာတွန်းများမပြတ်ရေးဆွဲခဲ့သည်။ အစ်ကို ဦးဘကြီးကိုလည်း ကုမ္ပဏီစာရေးအဖြစ် ခန့်ထားခဲ့သည်။

မြန်မာအဆွေတွင် အလုပ်လုပ်နေစဉ်အတွင်း ကုမ္ပဏီအတွက် ကြော်ငြာများအပြင် အိန်အန်တောင်ဆေးတိုက်မှ ထုတ်လုပ်သော ဗလရှင်ဆေးပြားနှင့် ကျားဘမ်းပရုပ်ဆီ ၊ဘုံဘေဘားမားအိမ်ထောင်ပရိဘောဂတိုက်တို့အတွက် ကြော်ငြာများ ရေးဆွဲပေးခဲ့သေးသည်။ ထို့ပြင် သူရိယ၊ ပညာအလင်း၊ လန်ဒန်အတ်၊ ဗန္ဓုလ၊ ဒီးဒုတ် အစရှိသည့် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ဘကြီးမေတ္တာတုုံ၊ရွှေတလေး၊ဘကလေး အစရှိသော နာမည်များဖြင့် ကာတွန်းများရေးဆွဲပေးခဲ့သည်။ မြန်မာအဆွေကုမ္ပဏီ ပိုင်ရှင်သမီး ဒေါ်ခင်ခင် နှင့် ဖူးစာဆုံကာ ၁၉၁၉၊ဇွန်လတွင် အိမ်ထောင်ကျသည်။

ဦးရွှေရိုးအက[ပြင်​ဆင်​ရန်​]

၁၉၂၁တွင် ယောက်ဖဖြစ်သူ ဦးတင်နွယ်က ဘားမားဖလင်းအမည်ဖြင့် ကုမ္ပဏီထောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်သည်။ ၁၉၂၃တွင် တောမြိုင်စွန်းက လွမ်းအောင်ဖန် အမည် (အင်္ဂလိပ်ဘာသာဖြင့် Echo From The Wilds)ဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားတွင် ဦးဘကလေးက မင်းသားမောင်ဘဌေး(ဦးညီပု)၏ လူယုံတော်အဖိုးကြီး ဦးရွှေရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့သော်လည်း သရုပ်ဆောင်ကောင်းလှသဖြင့် နာမည်ကျော်ကြားလာပြီး “အဘရေ” ၊ “တောသားလေးရွှေရိုး” ၊ “ရွှေမင်းဝင်” ၊“တစ်ခိုင်လုံးရွှေ” ၊“တစ်ခိုင်လုံးစိန်” ၊ “ပလုပ်တုပ်တုပ်”၊ “မှိုင်းဝေဝေ”၊ “ရွှေတလေး” ၊ “ရွှေရိုးဘယ်မလဲ” ၊ “ကြင်စဦး” ၊ “ဝေလွင်လွင်”၊ “ကိုလူပျို” ၊“သုံးပွင့်ဆိုင်”၊ “ခင်မောင်ကြီး” ၊ “ရွှေပေလွှာ” အစရှိသည့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဘရေ ဇာတ်ကားတွင် အဘဦးရွှေရီုးအဖြစ် သရုပ်ဆောင်ရာတွင် ပုသိမ်ထီးဆောင်းကာ ခြေထောက်ဆက်ကာဆက်ကာဖြင့် ကပြသည့်ပုံစံမှာ အလွန်လူကြိုက်များသွားပြီးနောက် ထိုအကမှာ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း လျှင်မြန်စွာပြန့်နှံ့ခဲ့သည်။ ထိုခေတ်ကာလများက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်သူ ဦးဘကလေးအား မြန်မာ့ချာလီချက်ပလင်ဟုပင် တင်စားရေးသားခဲ့ပြီး၊ နိုင်ငံခြားဇာတ်ကားများကို ယှဉ်နိုင်ကြောင်း ချီးမွမ်းရေးသားခဲ့ကြသည်။

စာပေလက်ရာ[ပြင်​ဆင်​ရန်​]

ဦးဘကလေးသည် သူ၏ကာတွန်းများတွင် ပါဝင်သည့် ကဗျာများကိုလည်း ကိုယ်တိုင် ရေးဖွဲ့လေ့ရှိသည်။ မြောင်းမြသို့ အလည်အပတ်ရောက်သွားစဉ် ဘုရင်ခံသစ် ဆာဟရူးလင်းစဒေါင်းစတီဗင်ဆင် လာရောက်မည်ဆို၍ ကမ်းလုံးညွှတ်မျှ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုနေသည့်ဟန်ကို ကာတွန်းရေးဆွဲပြီး ၁၆.၂.၁၉၃၂ ရက်စွဲပါ ဗန္ဓုလဂျာနယ်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ထိုကာတွန်းပါ “မြောင်းမြသွား၊များလိုက်တဲ့ အကြိုတော်၊ ကရဝိတ်ဖောင်ဟင်္သာမကရ်းတွေနဲ့၊ စိမ်းနီပြာမီးရောင် လွှမ်းပါလို့၊ ကမ်းညွှတ်လုနော်” အစချီ လေးဆစ်ကဗျာမှာ ဦးဘကလေး၏ စာပေလက်ရာဖြစ်သည်။

ဦးဘကလေးသည် ဆောင်းပါအချို့ကိုလည်းရေးဖွဲ့ခဲ့ရာတွင် ၁၉၃၉၊မတ်လ ထုတ်ကြီးပွားရေးမဂ္ဂဇင်း၌ ဖေါ်ပြခဲ့သည့် “ဦးဟိန်စွန်း၊ နာမည်ကျော် ကာတွန်းဆရာကြီး” ဟူသောဆောင်းပါးမှာ ထင်ရှားသည်။ ထိုဆောင်းပါးတွင် “ကိုဟိန်စွန်းမှာ ဗာစီတီကောလိပ်ကျောင်းတွင် စာအုပ်ဂျပိုး ထိုးနေသည့်အခါ ကျွန်တော်မှာ ရုပ်ရှင်နှင့် ကာတွန်းဂျပိုးလုပ်နေပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး၏ ဝါသနာမှာ ပန်းချီဘက်ကဖြစ်သည့်အတိုင်း တောင်ခြစ်မြောက်ခြစ်နှင့် ကာတွန်းဟု အမည်ပေးပြီး မလှိမ့်တပတ်နှင့် သတင်းစာများသို့ ပေးပို့ပါကြောင်း” ဟူ၍ရေးသားခဲ့သည်။

ရုပ်ရှင်နယ်[ပြင်​ဆင်​ရန်​]

ဥိးဘကလေးသည် ကာတွန်းဘက်တွင် ထင်ရှားသကဲ့သို့ ရုပ်ရှင်နယ်၌လည်း လူသိများခဲ့သည်။ မိမိသရုပ်ဆောင်ရမည့် လူ့သဘာဝစရိုက်ဟန်ပန်တို့ကို စနစ်တကျလေ့လာသည်။ ကိုယ်တိုင်အချိန်ယူလေ့ကျင့်သည်။ “မှိုင်းဝေဝေ”ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှ နေ၍ ဘုန်းကြီးကျောင်းသားများ၏ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံများကို အသေးစိတ် သွားရောက်လေ့လာခဲ့သည်။ ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာ သရုပ်ဆောင် နိုင်သည်။ “ပလုပ်တုတ်တုတ်” ဇာတ်ကားတွင် မိုးကျမယ်အမျိုးသမီး အဖြစ်လည်းကောင်း၊ “ရွှေတလေး”ဇာတ်ကားတွင် လန်ချားသမား ရန်ကနား အဖြစ်လည်းကောင်း၊ မှိုင်းဝေဝေဇာတ်ကားတွင် ကောလိပ်ကျောင်းသား မောင်သက်ဖေ၊အဖိုးကြီးဦးသက်ဖေ အဖြစ်လည်းကောင်း၊ ဘုန်းကြီးကျောင်းသား သာဂိ၊ ဆွံအနေသူ ငဆွံတို့အဖြစ် အမျိုးမျိုးသော ဇာတ်ရုပ်များကို ရုပ်ဖျက်ပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ မြန်မာအဆွေ နှင့် ရုပ်ရှင်ဇာတ်ကား ရှစ်ကားရိုက်ကူးခဲ့ပြီးနောက် ဇနီးဒေါ်ခင်ခင်နှင့် သဘောထားခြင်းမတိုက်ဆိုင်သောကြောင့် အလုပ်မှထွက်ခဲ့သည်။

ဒုတိယအိမ်ထောင်[ပြင်​ဆင်​ရန်​]

ဒေါ်ခင်ခင်နှင့် ခုနှစ်နှစ်ကြာ ပေါင်းသင်းပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက်မြန်မာလူမျိုးများထဲတွင် ပထမဆုံး အရေးပိုင်ဖြစ်ခဲ့သည့် ဦးဖေ၏ သမီး ဒေါ်ခင်ထားနှင့် အကြောင်းပါသည်။ ဒေါ်ခင်ထားမှာ အင်္ဂလန်တွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ လက်ထက်ပြီးနောက် ရွှေရိုးပစ်ချား အမည်ရှိ ရုပ်ရှင်ကုမ္ပဏီ ကိုတည်ထောင်ကာ သရုပ်ဆောင် မင်းသားအဖြစ်သာမက ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်ခဲ့သည်။ ဝေလွင်လွင်(၁၉၂၈) နှင့် ကြင်ဦးစ(၁၉၂၉) ဇာတ်ကားများတွင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဒုတိယအိမ်ထောင်ကျပြီး မကြာမှီ ဦးဘကလေးသည် အရက်ကို စွဲမြဲစွာသောက်တတ်လာ၏။ ဇနီးဖြစ်သူ ဒေါ်ခင်ထားက သူ့အားစိတ်ရှည်လက်ရှည် ပြုစုပေးခဲ့သည် ဟုဆိုသည်။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်စဉ် မြန်မာရုပ်ရှင်ကုမ္ပဏီများ အားလုံးနီးပါး ရပ်ဆိုင်းသွားရာ ဦးဘကလေးလည်း အလုပ်လက်မဲ့ဘဝသို့ ရောက်ရရှာသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဦးဘကလေးသည် လွစ္စလမ်း(ယနေ့ ဆိပ်ကမ်းသာလမ်း) ၌နေထိုင်စဉ်အတွင်း ၁၉၃၈ခုနှစ် ဇွန်လတွင် နောက်ဖေးဆောင်ပြိုကျကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံသုံးလကျော် တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် ၁၉၃၉တွင် ပုသိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်အတွင်း စိတ္တဇဝေဒနာကို ခံစားနေရကာ ဆင်းရဲဒုက္ခလည်းကြုံနေရသောကြောင့် ကာတွန်းဦးဟိန်စွန်းက ရန်ကုန်ရှိ အပေါင်းအသင်းများထံမှ ငွေကြေးကောက်ခံ၍ သွားရောက်ထောက်ပံ့ပေးခဲ့သေးသည်။

ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသောအခါ ဦးဘကလေးတို့သည် ပုသိမ်မှ ဟင်္သာတသို့လည်းကောင်း၊ ဟင်္သာတမှ ဒေါင့်ကြီးနယ်သို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၅ ၊ဇွန်၊ ၁၉၄၅တွင် ဦးဘကလေး ကွယ်လွန်သည်။ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့်အတွက် ဘာသာအယူအတိုင်း သင်္ဂြိုလ်ခဲ့ကြသည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  • Weekly Eleven ဂျာနယ်..(No.16, Vol.4 ၂၈၊ဇန်နဝါရီ၊ ၂၀ဝ၉ ရက်စွဲဖြင့်ထုတ်ဝေသည်။)[၁]
  • ရွှေရိုး (လူထုဒေါ်အမာ)
  • မြန်မာ့ စွယ်စုံကျမ်း (အတွဲ - ၈)