ပုံဆောင်ခဲ

ဝီကီပီးဒီးယား မှ

ပုံဆောင်ခဲ (သို့) ပုံဆောင်ခဲ အစိုင်အခဲ (အင်္ဂလိပ်: crystal or crystalline solid) ဆိုသည်မှာ (အက်တမ်ဖြစ်စေ၊ မော်လီကျူးဖြစ်စေ၊ အိုင်းယွန်းဖြစ်စေ) ၎င်းအဖြစ် စုဖွဲ့သော အမှုန်တို့က အဘက်ဘက်သို့ တိကျသော အစီအစဉ် စီရီမှု ရှိစွာ ဖြစ်ပေါ်နေသည့် အစိုင်အခဲများ ဖြစ်သည်။ ဥပမာအားဖြင့် က ဟူသော အမှုန် ၃မျိုးဖြင့် ပုံဆောင်ခဲတခု ဖြစ်ပေါ်အံ့။ က အက်တမ်မှ တဘက်သို့ လှမ်းကြည့်တိုင်း အက်တမ်၊ ထိုမှ ဆက်ကြည့်တိုင်း အက်တမ်၊ ထိုမှ ဆက်ကြည့်တိုင်း တဖန် က အက်တမ် ဖြစ်လျှင်၊ အဆိုပါ က-ခ-ဂ-က-ခ-ဂ-က-ခ-ဂ-... ဟူသော ပါဝင်အမှုန်တို့၏ စီရီမှုကို တွေ့ရှိနေရမည် ဖြစ်သည်။ ထိုသို့ဖွဲ့စည်းစီရီမှု ရှိသော ဒြပ်ပေါင်း အစိုင်အခဲတို့ကို ပုံဆောင်ခဲ ဟု ခေါ်ခြင်း ဖြစ်သည်။

ပုံဆောင်ခဲအစစ်များသည် သဘာဝအလျောက်သာ ဖြစ်ပေါ်ကြသည်။

အကြမ်းဖျင်း ဖော်ပြချက်[ပြင်ဆင်ရန်]

ပုံဆောင်ခဲအချို့တို့ကို မိမိကိုယ်တိုင် လုပ်ကြည့်မည်ဆိုလျှင် သဘာဝအလျောက် ပုံဆောင်ခဲများ မည်သို့ ဖြစ်ပေါ်လာသည်ကို ပို၍နားလည်နိုင်ပေမည်။ ထိုကြောင့် ရေနွေးတစ်ဖန်ခွက်အတွင်းသို့ ဆား (ရိုးရိုး အိမ်သုံးဆား) တစ်ဇွန်းခန့်ကိုယူ၍ ထည့်ကြည့်ပါ။ ဆားရေနွေးအတွင်းသို့ ပျောက်သွားသည်ကို တွေ့ရပေမည်။ တစ်နည်းအားဖြင့် ဆားသည် ရေနွေးအတွင်းသို့ ပျော်ဝင်သွားလေသည်။ ထိုဆားရည်ကိုပင် ရက်အတော်ကြာကြာ ထည့်ထားကြည့်လျှင် ရေသည် ရေငွေ့အဖြစ်ဖြင့် ပျောက်ကွယ်သွားပြီးသော် ဆားကျန်ရစ်သည်ကို တွေ့ရပေမည်။ ထိုကျန်ရစ်သည့် ဆားကို သေချာစွာ စစ်ဆေးကြည့်လျှင် ပထမအရည်ပျော်သွားသည့် ဆားကဲ့သို့ အန်စာတုံးပုံရှိသည်ကို တွေ့ရပေလိမ့်မည်။ ဆားကိုပို၍လျင်မြန်စွာ ပြန်၍ပုံဆောင်ခဲဖြစ်စေလိုလျှင် ဆားရည်ကို ကျိုပစ်ရပေမည်။ ရေအားလုံး ရေနွေးငွေ့အဖြစ်နှင့် အငွေ့ပျံသွားသောအခါ ဆားကျန်ရစ်သည်ကို တွေ့ရပေမည်။

ထိုသို့ ကျန်ရစ်သည့် ဆားသည်လည်း အန်စာတုံးပုံ ဖြစ်သည်ကို တွေ့ရပေမည်။ ဆားသည် အစဉ်သဖြင့် အန်စာတုံး ပုံသဏ္ဌာန်အဖြစ် တည်ရှိလေသည်။ ထိုနည်းဖြင့် ပစ္စည်းတစ်မျိုး ပျော်ဝင်ရည်တစ်ခုတွင် တည်ရှိပုံနှင့် ပုံဆောင်ခဲပြန်၍ ဖြစ်လာပုံကို သိနိုင်ပေသည်။ အခြားပုံဆောင်ခဲများအဖြစ် တည်ရှိသော လူသိများသည့် ပစ္စည်းများမှာ ကန့်၊ ပရုတ်၊ လချေး၊ ကျောက်သလင်း၊ အဖိုးတန်ကျောက်မျက်အားလုံး၊ သတ္တုများဖြင့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် တွင်းထွက်ပစ္စည်း အစိုင်အခဲတိုင်းလိုလို ဖြစ်သည်။ ပုံဆောင်ခဲများကို တစ်မျိုးနှင့်တစ်မျိုး ခွဲခြားယူနိုင်ပေသည်။ ထိုသို့ပြုလုပ်ရာ၌ မျက်နှာပြင်များ ဆက်ရာထောင့်များကို ကြည့် ကြရ လေသည်။ ထိုလုပ်ငန်းတွင် အထူးကျွမ်းကျင်မှုလို၏။ အဘယ့်ကြောင့်ဆိုသော် ပုံဆောင်ခဲများ၌ မျက်နှာပြင် အမြောက်အမြား ပါရှိနေခြင်းကြောင့် ဖြစ်သည်။ သို့သော် အရှင်းဆုံးပုံဆောင်ခဲကို ကြည့်ဖြင်းဖြင့် ယင်းတို့၏ တည်ဆောက်ပုံ သဘောကို သိနိုင်ပေသည်။ ပုံဆောင်ခဲ ပုံသဏ္ဌာန်များသည် မရေမတွက်နိုင်အောင် များပြား သော်လည်း၊ ပုံစံခုနှစ်မျိုးအထိ အကျဉ်းချုံးယူနိုင်ပေသည်။ ထိုသို့ပြုလုပ်ရာ၌ ဂျီဩမေတြီနှင့်ဆိုင်သော ပုံစံများကိုအခြေခံပြီးပြုလုပ်ထားသည်။ ပုံဆောင်ခဲအဖြစ် မတည်ရှိသော ဓာတုဒြပ်စင်များ၊ သို့မဟုတ် ဒြပ်ပေါင်းများကို ပွင့်ပုံကင်းပစ္စည်း များဟု ခေါ်သည်။ ပြယုဂ်အနေဖြင့် ကာဗွန်ကို ပြနိုင်ပေသည်။ ထိုပစ္စည်းသည် ဆီမှိုင်းအဖြစ် တည်ရှိသော အခါ ပွင့်ပုံကင်း၍ စိန် သို့မဟုတ်၊ ခဲနက်အဖြစ် တည်ရှိသောအခါ ပုံဆောင်ခဲအဖြစ်နှင့် တည်ရှိလေသည်။

ပုံဆောင်ခဲများ ဖြစ်လာပုံကို ကြည့်ခြင်းဖြင့် ပါဝင်သည့် အက်တမ်တို့၏ အနေအထားကြောင့် ထိုသို့ ဖြစ်လာသည် ဆိုသည်မှာ ထင်ရှားလေသည်။ ပုံဆောင်ခဲတို့၏ မျက်နှာပြင်များသည် ချောမွတ်ပြီး ပြင်ညီဖြစ် ကြ၏။ ထိုသို့ဖြစ်ရသည်မှာ အက်တမ်များသည် တိကျသည့် ပုံစံဖြင့် တစ်ထပ်ပေါ်တစ်ထပ် တည်ရှိနေခြင်း ကြောင့်ဖြစ်သည်။ အက်တမ်များသည် အလွန်သေးငယ်ကြသဖြင့် ထိုသို့ တည်ရှိနေသည်ကို အမှန်အားဖြင့် မမြင်နိုင်ချေ။ သို့သော် အလင်းရောင်ခြည်များ အထူးသဖြင့် အိပ်စရေးရောင်ခြည်များကိုသာ ပုံဆောင်ခဲတစ်ခု အတွင်းသို့ ဖြတ်သွားစေပြီး ထိုရောင်ခြည်များ ပုံဆောင်ခဲ၏ အခြားတစ်ဖက်မှ ထွက်လာပုံကို ကြည့်ခြင်းဖြင့် အက်တမ်များ၏ တည်ရှိပုံအနေအထားကို သိနိုင်ပေသည်။ တစ်ခါတစ်ရံတွင် ပုံဆောင်ခဲတစ်ခု၏ မျက်နှာပြင် များကို ဂေါ်လီလုံးကဲ့သို့ လုံးနေသည့်တိုင်အောင် သွေးထားတတ် ကြသည်။ သို့သော် အတွင်းရှိ အက်တမ်တို့ ၏ ဂျီဩမေတြီနှင့် ဆိုင်သောအနေအထား မပြောင်းလဲသည်ကို ထိုရောင်ခြည်နည်းဖြင့် သိနိုင်ပေသည်။ ထိုအချက်သည် ဓာတုဗေဒတွင် အလွန်အရေးကြီး၏။ ထို့ပြင်ကျောက်မျက်လုပ်ငန်းဖက်တွင်လည်း အလားတူ အရေးကြီး လေသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်မျက်များသည် အများအားဖြင့် ပုံဆောင်ခဲများ ဖြစ်ခြင်း ကြောင့်ဖြစ်သည်။ အချို့တွင်းထွက်များတွင် ပုံဆောင်ခဲနှင့်ဆိုင်သော အနေအထားအတွင်းတွင် ရှိသော်လည်း အပြင်ဘက်တွင် ပုံဆောင်ခဲပုံသဏ္ဌာန်မရှိချေ။ ထိုကဲ့သို့သော တွင်းထွက်များကို ဆူဒိုခရစ္စတဲလိုင်းဟု ခေါ်သည်။

ကန့်ကဲ့သို့သော အချို့တွင်းထွက်များသည် ပုံဆောင်ခဲအဖြစ်နှင့် တည်ရှိသည်ဖြစ်စေ၊ ပွင့်ပုံကင်းအဖြစ် နှင့်တည်ရှိသည်ဖြစ်စေ အစဉ်သဖြင့် အရောင်တစ်မျိုးတည်းနှင့်သာ တည်ရှိလေသည်။ သန့်စင်ကျောက်သလင်း တွင်အရောင်မရှိချေ။ သို့သော် အခြားတွင်းထွက် အနည်းအကျဉ်းရှိနေလျှင်၊ အရောင်တစ်မျိုးဖြစ်လာစေနိုင် ပေသည်။

တွင်းထွက်ပစ္စည်းတမျိုးတွင် ကြေးနီသည် အညစ်အကြေးအဖြစ် ရှိနေလျှင် ထိုတွင်းထွက်ပစ္စည်းကို နှစ်သက်ဖွယ်ကောင်းသည့် အပြာရောင်၊ သို့မဟုတ် စိမ်းပြာရောင် သန်းစေသည်။ သံသည် အညစ်အကြေးအဖြစ် တွင်းထွက်ပစ္စည်းတစ်ခုတွင် ရှိနေလျှင် ထိုပစ္စည်းတွင် နီကြန်ကြန်အရောင်သော်လည်းကောင်း၊ အဝါ ရောင်သော်လည်းကောင်း၊ သို့မဟုတ် အညိုရောင်သော်လည်း ကောင်း သန်းနေစေပေလိမ့်မည်။

စိန်ကဲ့သို့ အလွန်မာကျောသည့် ပုံဆောင်ခဲကို အခြားပစ္စည်းများအား ဖြတ်ရန်၊ သို့မဟုတ် ဖောက်ရန် လွန်သွားအဖြစ် အသုံးပြုကြသည်။ ထိုကဲ့သို့ အသုံးပြုသောစိန်သည် မကောင်းမွန်လှချေ။ ကောင်းမွန်သည့်စိန်သည် ကျောက်မျက်အဖြစ် ပို၍တန်ဖိုး ရှိပေသည်။ ကျောက်သလင်း ပုံဆောင်ခဲများကို စစ်ဖက်ဆိုင်ရာ ရေဒီယိုများတွင် အသုံးပြုလေ့ရှိသည်။ မိုက္ကရိုစကုပ် အထူးအမျိုးအစားများအတွက် ကျောက်သလင်း ပုံဆောင်ခဲကိုဖြစ်စေ၊ ကယ်လဆိုက် ပုံဆောင်ခဲကိုဖြစ်စေ၊ ဖလူအိုရိုက်ပုံဆောင်ခဲကို ဖြစ်စေ အသုံးပြုသည်။ ပုံဆောင်ခဲများသည် ရှေးခေတ်လူများအဖို့ ဆင်ယင်ရန် တန်ဆာအဖြစ် အရေးကြီးခဲ့ရာမှ စိန်လွန် သွားများကို အသုံးပြုနေကြသည့် ယခုခေတ် လူများအဖို့ အလွန်အသုံးဝင်လျက် ရှိလေသည်။ [၁]


အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)