နီကိုဗာကျွန်းစု

ဝီကီပီးဒီးယား မှ
မြေပုံပေါ်ရှိ ကျွန်းစုတည်နေရာ။

နီကိုဗာကျွန်းစု[ပြင်ဆင်ရန်]

နီကိုဗာကျွန်းစုသည် အိန္ဒိယသမုဒ္ဒရာ၌ရှိသော မြန်မာလို ကပ္ပလီကျွန်းဟု ခေါ်သည့် အန္ဒမန် ကျွန်းစု၏ တောင်ဘက်၊ အန္ဒမန်ကျွန်းငယ်မှ ၇၅ မိုင် အကွာအဝေးတွင် တည်ရှိသည်။ ထိုကျွန်းစုကို ဗြိတိသျှတို့သည် ၁၈၆၉ ခုနှစ်တွင် သိမ်းပိုက် အုပ်ချုပ်သည်။ ကျွန်းစုတွင် ကျွန်းပေါင်း ၁၉ ကျွန်း ပါဝင် သည့်အနက် ၇ ကျွန်းမှာ လူနေအိမ်ခြေမရှိသော ကျွန်းများ ဖြစ်ကြသည်။ ကျွန်းစု၏ အကျယ်အဝန်း သည် စတုရန်းမိုင် ၆၄၅ မိုင်ဖြစ်၏။ ကျွန်းစုကို မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဟု သတ်မှတ်ထားရာ၊ အစဉ်လိုက်အားဖြင့် မြောက်ပိုင်း၌ ကားနီကိုဗာကျွန်း၊ အလယ်ပိုင်း၌ ကမိုထရာ ကျွန်းနှင့် နန်ကောင်းရီကျွန်း၊ တောင်ပိုင်း၌ ကရိတ် နီကိုဗာ ကျွန်းဟူရှိလေသည်။ ကမိုထရာကျွန်းနှင့် နန်ကောင်းရီကျွန်း အကြားဝယ် နန်ကောင်းရီ သင်္ဘော ဆိပ်ကမ်းရှိသည်။ ၁၉၅၁ ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေသည် ယောက်ျား ၆၃၂၁၊ မိန်းမ ၅၆၈၈၊ ပေါင်း ၁၂ဝဝ၉ ယောက် ဖြစ်သည်။ တိုင်းရင်းသားတို့သည် မွန်ဂိုမျိုးနွယ်ဖြစ်၍ မွန် အာနမ်စကားကို ပြောဆိုကြသည်။ အဓိက အစားအစာဖြစ်ဖြင့် မှီဝဲ၍ အုန်းသီးနှင့် အုန်းသီးမှထုတ်သော ကုန်ပစ္စည်းတို့ကို တခြားနိုင်ငံသို့ တင်ပို့ ရောင်းချကြသည်။ ထိုကျွန်းမှ ထွက် သော အုန်းကို မြန်မာတို့က နဂဗာရီကျွန်းဟု ခေါ်သည်။ မြန်မာနိုင်ငံတွင် အလွန် ကျော်စောထင်ရှားသော အုန်းဖြစ်၏။ နီကိုဗာကျွန်းကို မူလက ၁၇၅၆ ခုနှစ်မှစ၍ဒိန်းမတ်နိုင်ငံ၏ အဘောတူချက်ဖြင့် ဗြိတိသျှတို့က သိမ်းပိုက်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဂျပန်တို့က သိမ်းပိုက်သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မဟာမိတ် တို့က ပြန်လည် အရယူခဲ့သည်။ ယခုအခါ ထိုကျွန်းကို အိန္ဒိယသမ္မတနိုင်ငံ အစိုးရက အုပ်ချုပ်သည်။ အုပ်ချုပ်ရေး သဘော အရမှာ၊ နီကိုဗာကျွန်းစုသည် အန္ဒမန်နှင့် နီကိုဗာကျွန်းစုခရိုင် လက်အောက်ရှိ ခရိုင်ခွဲတစ်ခုဖြစ်သည်။


မြန်မာတို့က နီကိုဗာကျွန်းကိုပင် နဂဗာရီကျွန်းစုခေါ်သည်။ ကင်းဝန်မင်းကြီးသည် ပြင်သစ်နိုင်ငံသို့ သံကြီးအဖြစ် သွား ရောက်ခဲ့စဉ်က ရေးမှတ်ခဲ့သော ပြင်သစ်သွားနေ့စဉ် မှတ်တမ်း တွင် ဖော်ပြထားသည်မှာ- နဂဘာရီ အကြောင်းကို မေးမြန်းရာ၊ အန္ဒမန်ကျွန်း နိကိုပါကျွန်း မလာကကျွန်းမှစ၍ ကျွန်းငယ် အများ ရှိသည့် အနက်၊ နဂဘာရီ (နဂဗာရီ)ဟူ၍ မရှိ။ နိကိုပါကျွန်းသာ ရှိသည်။ ၎င်းနိကိုပါ ကျွန်းမှာလည်း အုန်းအများ ရှိသည်။ နိကိုပါကျွန်းက အုန်းကိုပင် စကားရွေ့သောကြောင့် နဂဘာရီ ခေါ်ဟန်ရှိသည်။ ဟူ၍ ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)