ဇာထိုးပန်းထိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဇာချည်နှင့် ကိရိယာ အပ်တို့ကို တွေ့ရစဉ်။

ရှေးနှစ်ပေါင်းများစွာကစ၍ ယနေ့တိုင်အောင်ပင် ဇာထည်၊ ပန်းထိုးထည်များကို လူတို့ အမြတ်တနိုးအသုံးပြုလျက်ရှိကြ သည်။ လူသည် စိတ်ကူးဉာဏ်ဆန်းကြယ်၍ အလှအပကို မြတ် နိုးတတ်သည့်အတိုင်း ထိုးထွင်းဉာဏ်ဖြင့် တီထွင်၍ ဇာထိုးပန်း ထည်များကို ရက်လုပ်သုံးစွဲလာခဲ့ကြလေသည်။ ရိုးရိုးပင့်ကူအိမ် ကဲ့သို့သော ခြည်မျှင်တန်းအကွက်များမှ အတွန့်အလိမ် အချိတ် အဆက် အကောက်အကွေ့အမျိုးမျိုးအထိ လှပအောင်တီထွင် ရက်လုပ်ကြသည်။ ရှေးနှစ်ပေါင်း ၃၅ဝဝ ခန့်က အီဂျစ်ပြည် တွင် ဇာထိုးပန်းထိုး အထည်များ ပေါ်ပေါက်ခဲ့သည်။ ယခု ခေတ်၌ တွေ့မြင်ရသော ဇာထည်မျိုးမှာမူ ခရစ်တော်ပေါ်ပြီး နောက်မှသာ အီဂျစ်ပြည်၌ ပေါ်ထွန်းလာသည် ဟုဆိုသည်။ ရှေးဂရိလူမျိုးတို့သည် ဇာထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည်။ ရောမလူမျိုးများ ထွန်းကားချိန်၌ ဇာထည်များမှာ အထူးခေတ် စားသည်။

အရှေ့တိုင်းနိုင်ငံများ၌ ရှေးနှစ်ပေါင်းမျာစွာကပင် ဇာထိုး ပန်းထိုးအတတ် (Knitting) ကို တတ်မြောက်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ကသ္မီရနယ် ဇာထည်များ၏လက်ရာမှာ ယနေ့တိုင် ရှေးဟောင်းမူအတိုင်းပင်ရှိနေသည်။ တရုတ်ဇာန်းများမှာ နုခြင်း၊ အရောင်းအသွေး အဆင်ပြေပြစ်ခြင်းတို့ကြောင့် အလွန်လှပ ကောင်းမွန်လေသည်။ ပါးရှင်းလူမျိုးများကမူ အလှအပဆွဲထား ရန်နှင့် ဘုရားရှိခိုးရာ၌ အသုံးပြုသော ကော်ဇောများတွင် ဇာပန်းများကို အသုံးပြုကြသည်။


ခေတ်ဇာပန်းထည်များသည် အီတလီပြည် ဗင်းနစ်မြို့တွင် ပထမဦးစွာ စတင်ပေါ်ပေါက်ခဲ့လေသည်။ ထိုစဉ်က အီတလီ အမျိုးသမီးတိုင်း ဆင်းရဲချမ်းသာမရွေး ဇာပန်းကို အထူးစိတ် ပါစွာထိုးလုပ်ခဲ့ကြသည်။ သီလရှင်များ ပြုလုပ်ကြသော ဇာပန်း ထည်တို့မှာ အလှပဆုံးဖြစ်သည်။ ဘုရားရှိခိုးကျောင်းများရှိ ပလ္လင်များအတွက်နှင့် ဂိုင်ဏ်းချုပ် ဂိုဏ်းအုပ်စသော ဘုန်းတော် ကြီးများ ဝတ်ရုံရန်အတွက် သီလရှင်များ ထိုးလုပ်ခဲ့သော အချို့ ဇာထည်များသည် အထူးပင်လှပခြင်းကြောင့် ရှေးဟောင်းလက်မှု ပညာတစ်ရပ်အဖြစ်ဖြင့် ယင်းတို့ကို သေတ္တာတွင် သော့ခတ် သိမ်းဆည်းထားပြီးလျှင်၊ အခါကြီး ရက်ကြီးများ၌သာ ထုတ်၍ ပြသကြလေသည်။

ပထမအစတွင်မူ ပင့်ကူအိမ်ပမာ ခြည်မျှင်ကို လေးထောင့် ကွက်များဖြင့် စတင်ပြုလုပ်သုံးစွဲခဲ့ကြသည်။ ထိုမှတဖြည်းဖြည်း တိုးတက်လာပြီးလျှင်၊ တစ်ချောင်းထိုးအပ် တစ်ခုတည်းဖြင့် သစ်ရွက်ပန်းပွင့်ပန်းခက် စသည့်ပုံကြွ ဇာပန်းများကို အံ့ဩ လောက်အောင် အဆင့်ဆင့် တိုးတက် တီထွင်လာကြသည်။ ရှေးက သာသနာရေး အဆောက်အအုံများတွင်သာ ဇာပန်းများ ကို သုံးစွဲခဲ့ရာမှ၊ နောင်အခါတွင် စားပွဲခင်း၊ လက်သုတ်ပုဝါ၊ အိပ်ရာခင်းနှင့် ယောက်ျား မိန်းမတို့၏ အင်္ကျီလက်ဖျား၊ လည် ပတ်၊ လက်ကိုင်ပုဝါများ၌ပင် ဇာပန်းကို သုံးစွဲ လာခဲ့ကြလေ သည်။ အေဒီ ၁၅၅ဝ ပြည့်နှစ်မှ ၁၇၅ဝ ပြည့်နှစ်ထိခေတ်သည် ကား ဇာပန်းခေတ်ပင် ဖြစ်တော့သည်။ ထိုခေတ်က အထက် တန်းစား အမျိုးသမီးများသည် အားလပ်ချိန်များတွင် ဇာထိုး ခြင်းဖြင့် အချိန်ကုန်ခဲ့ကြသည်။ အင်္ဂလိပ်ဇာထည်များသည် ၁၃ ရာစုနှစ်မှစ၍ ဥရောပတိုက် အနောက်ပိုင်းတွင် ကျော်ကြားခဲ့ပေ သည်။ တျူဒါမင်းဆက်များလက်ထက်၌ ဝတ်စားတန်ဆာတွင် ဇာပန်းများကို ပိုးထည်နှင့် ရွှေခြည်ထိုးထည်တို့ ၌ရောနှော၍ သုံးစွဲကြလေသည်။

ဥရောပတိုက် အလယ်ပိုင်း ဟန်ဂေရီ၊ ရူမေးနီးယားနှင့် ဆွစ်ဇာလန် ပြည်သူ ပြည်သားတို့၏ တောက်ပသောရောင်စုံ ဇာပန်းထည်များမှာ အလွန်လှပ၍ နှစ်သက်ဖွယ်ရာ ဖြစ်ပေ သည်။ ခရစ်တော်ပေါ်ပြီးနောက်၊ ဥရောပတိုက်ရှိ ဇာပန်းထည် များသည် သာသနာရေးဆိုင်ရာ ရုပ်ပုံများရက်လုပ်ရာတွင် ခေတ် စားလာလေသည်။ အချို့ဇာပန်းရှိ ရုပ်ပုံများမှာ ထိုခေတ်က သမိုင်းကို ဖော်ပြထားသဖြင့် အထူးပင်အဖိုးတန်လေသည်။ ၁၃ ရာစု၊ ၁၄ ရာစုနှစ်များအတွင်း ဂျာမနီပြည်တွင် သူတော်စင် တို့၏ ပုံများကို ဇာပန်းဖြင့်ဖော်ခဲ့ကြရာ၊ ထိုသူတော်စင်တို့၏ ဝတ်ရုံထည်များမှာ အထူးဆန်းကြယ်လှပေသည်။ ထိုခေတ် နောက်တွင် ဂျာမန်ဇာပန်းများသည် ပန်းအုံပန်းကြွများဖြင့် တစ်မျိုးပင်ခမ်းနားလာသည်။ ဂျာမန်တောသူ တောင်သားများ၏ အဝတ်အစားမှာ အံ့ဩလောက်အောင် လှပကောင်းမွန်၏။ ယင်းတို့ကို နေ့ထူး နေ့မြတ်များ၌သာ ဝတ်ဆင်လေ့ရှိကြ၏။ ၁၇ ရာစု၊ ၁၈ ရာစုနှစ်များတွင်လည်း ဖလန်းဒါးနယ် များ၌ ဇာပန်းထည်သည် ခေတ်စားလာခဲ့သည်။ ၁၇ ရာစုနှစ် အလယ်ခန့်တွင် ပြင်သစ်လူမျိုးတို့သည် ကမ္ဘာ့ဇာပန်းထည် ရက်လုပ်သော နိုင်ငံများနှင့် ယင်ပေါင် တန်းလိုက်ခဲ့လေသည်။ ၁၆၄၃ ခုနှစ်မှ ၁၇၁၅ ခုနှစ်ထိ အုပ်စိုးခဲ့သော ပြင်သစ်နိုင်ငံ၊ ၁၄ ဆက်မြောက် လူဝီ ဘုရင်ကြီးသည် ဗင်းနစ်မြို့မှ ဇာပန်း ထိုးတတ်သူ များစွာကို ပြင်သစ်ပြည်သို့ခေါ်ယူ၍၊ ဇာထိုးပန်း ထိုးအတတ်ကို အားပေးခဲ့သည်။ ၁၆၆၇ ခုနှစ်တွင် ပြင်သစ် ပြည်၌ အီတလီဇာပန်းထည်များကို အသုံးမပြုရန် ကျပ်တည်း စွာ တားမြစ်ထားလေသည်။

ဇာထိုး ပန်းထိုးတွင် အသုံးပြုသည့် အပ်များ

စပိန်နိုင်ငံဖြစ် ဇာထည်များလည်း အထူးကျော်ကြားပေ သည်။ စပိန်နိုင်ငံသူတို့သည် ပြင်သစ်တို့ထက်ဦးစွာကပင် ဇာပန်းထိုးအတတ်ကို တတ်မြောက်ခဲ့ကြ၍၊ အထူးသဖြင့် စပိန် လူမျိုးတို့၏ ရွှေခြည် ငွေခြည်နှင့် ရောင်စုံခြည်များမှာ အလွန် လှပပေသည်။

အထင်ရှားဆုံး အင်္ဂလိပ်ဇာမှာ တောင်ပိုင်း ဒက်ဗွန်ရှိုင်ယာ နယ်မှလာသော ဟွန်နီတွန်ဇာပင်ဖြစ်သည်။ အယ်လဗာမြို့စား ကြီး၏ နှိပ်စက်မှုကြောင့် ထိုအရပ်သို့ ထွက်ပြေးလာသော ဖလန်းဒါးနယ်သား ဇာပန်းပညာသည် များက ဇာလုပ်ငန်းကို ၁၅၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သည်ဟု ဆိုစမှတ်ပြု ကြလေသည်။

အိုင်ယာလန်ပြည်တွင်ကား ဗရင်ဂျီဂိုဏ်းထွန်းကားသည့် အတိုင်း သီလရှင်ကျောင်းများရှိ သီလရှင်များသည် ဇာပန်းကို ပို၍ သဘာဝကျအောင်ထိုးနိုင်ကြသည်။ ထိုဇာပန်းများများမှာ အကောင်းဆုံးမဟုတ်ချေ။ သို့ရာတွင် ဇာပန်းများမှာ လှပ၍၊ နိုင်ငံခြားမှ အဝယ်များသဖြင့်၊ တိုင်းပြည်၏ ငွေဝင်အားကို ဖြည့်စွမ်းနိုင်ခဲ့လေသည်။ လန်ဒန်မြို့ ကင်စင်တန်ရပ်ကွက်ရှိ ဘုရင့်အပ်ချုပ်ပညာသင်ကျောင်းသည် ယခုအခါ ဇာထည်များကို ပြန်လည် ခေတ်စားလာအောင် လုပ်ကိုင်နိုင်ခဲ့လေပြီ။ အယ်လစ် ဇဗက်မိဖုရားကြီးနှင့် မေရီမိဖုရားကြီးတို့မှာ ဇာပန်းထိုးတွင် အထူးဝါသနာထုံကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)