ဆွေမင်း(ဓနုဖြူ)

ဝီကီပီးဒီးယား မှ
ကာတွန်းဆွေမင်း(ဓနုဖြူ) ပန်းချီစောတင်မောင်(စစ်တွေ) ပန်းချီကိုကိုမြတ်(ဘားအံ)

'ဆွေမင်း(ဓနုဖြူ)(ခရစ်နှစ် ၁၉၅၇-၂၀၀၅)"

  • ကလောင်အမည် -ဆွေမင်း(ဓနုဖြူ)
  • အမည်ရင်း -ဦးခင်မောင်မြင့်
  • မွေးသက္ကရာဇ် -၁၉၅၇ ခုနှစ်၊အောက်တိုဘာ၂၂ ရက်
  • ဇာတိ ဓနုဖြူမြို့
  • ဖခင် -ဦးတင်ရွှေ
  • မိခင် -ဒေါ်သန်းခင်
  • ဇနီး -ဒေါ်မို့မို့ဆန်း

ကာတွန်း ဆွေမင်း (ဓနုဖြူ) ကလောင်နာမည်ဖြင့် မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့သူ ကာတွန်းဆရာ ဦးခင်မောင်မြင့်ကိုဖခင် ဦးတင်ရွှေ မိခင်ဒေါ်သန်းခင်တို့က ၁၉၅၇ ခုနှစ်၊အောက်တိုဘာ၂၂ ရက်နေ့တွင် ဓနုဖြူမြို့၌ မွေးဖွားသည်။ မူလတန်းပညာကို ရွှေကူမူလတန်းကျောင်းနှင့်ရေတွင်းကုန်း မူလတန်းကျောင်းတို့တွင်လည်းကောင်း အလယ်တန်းပညာကို ရွှေကူအလယ်တန်း ကျောင်းတွင်လည်းကောင်း၊အထက်တန်းပညာကို ဓနုဖြူအထက် တန်းကျောင်းတွင်လည်းကောင်း သင်ယူသည်။ ငယ်စဉ်တည်းက စာရေးစာဖတ်ခြင်းနှင့် ကာတွန်းရုပ်များရေးခြစ်ခြင်းကို ဝါသနာပါသည်။ နဝမတန်းကျောင်းသားဘဝတွင် သောကြာစာစောင်နှင့် အခြားမဂ္ဂဇင်းများ၌ ကလောင်နာမည် မောင်မောင်ဆွေမင်း (ဓနုဖြူ)ဖြင့်ရေးသားသည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာသင်ယူသည်။

မြိုင်ရာဇာတွတ်ပီ[ပြင်ဆင်ရန်]

ပန်းချီပန်းပု ကျောင်းဆင်းပြီးနောက် စာပေလောကသို့ ဝင်ရောက်သည်။ ၁၉၈၆ခုနှစ်မှစ၍ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ကို ရွှေသွေးဂျာနယ်တွင် စတင်ရေးဆွဲသည်။ ၁၉၈၈ခုနှစ်မှစ၍ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ဖြင့် လုံးချင်းကာတွန်းစာအုပ်များ ရေးဆွဲထုတ်ဝေသည်။

တတိုင်းမွှေးဂျာနယ်[ပြင်ဆင်ရန်]

၁၉၉၇ခုနှစ်မှစ၍ တတိုင်းမွှေးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေသည်။ မြိုင်ရာဇာတွတ်ပီဇာတ်ကောင်သည် နိုင်ငံတစ်ဝန်းမသိသူ မရှိသလောက် ပေါက်ရောက် အောင်မြင်သည်။

သောကြာစာစောင်[ပြင်ဆင်ရန်]

သောကြာစာစောင်တွင် လည်းအမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဘဝတစ်ခုအမှတ်တရ အမည်ရှိ ဆောင်းပါးစာစုများကိုလစဉ်ရေးသားသည်။ အခြားမဂ္ဂဇင်း ဂျာနယ်များတွင်လည်းဆောင်းပါးများရေးသားသည်။

ထုတ်ဝေခဲ့သော ဆောင်းပါး[ပြင်ဆင်ရန်]

၂၀၀၃ခုနှစ်တွင် ဘဝတစ်ခုအမှတ်တရအမည်ရှိ ဆောင်းပါးစာစုများကို စုစည်းပြီးစာအုပ်ထုတ်ဝေသည်။

ကာတွန်းဗီစီဒီ[ပြင်ဆင်ရန်]

ထို့ပြင်မကွယ်လွန်မီ မြိုင်ရာဇာတွတ်ပီ ကာတွန်းဗီစီဒီကို ဖန်တီးထုတ်လုပ်ခဲ့သည်။

ကာတွန်းဆွေမင်း (ဓနုဖြူ)သည် ၂၀၀၅ခုနှစ် နိုဝင်ဘာ၁၁ ရက်နေ့ညတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မို့မို့ဆန်းနှင့် သမီးနှစ်ဦး သားတစ်ဦးကျန်ရစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၆)