ဆီပတ်စတိုပိုမြို့

ဝီကီပီးဒီးယား မှ
ဆီပတ်စတိုပိုမြို့

ယူကရိန်းနိုင်ငံ၏ သင်္ဘောဆိပ်မြို့ ဖြစ်သည်။ ယခင်က ဆိုဗီယက်နိုင်ငံ၏ အနောက်တောင်ကမ်းခြေပေါ်ရှိ သင်္ဘောဆိပ်မြို့ဖြစ်သည်။ ပင်လယ်နက် ကမ်းခြေတွင် ရုရှရေတပ်၏ အခြေခံ စခန်းကြီးလည်းဖြစ်၏။ သဘာဝအတိုင်းဖြစ် ပေါ်နေသော ဆိပ်ကမ်းတွင် သင်္ဘောကြီးများ အခါမရွေး ဝင်ရောက် ဆိုက်ကပ်နိုင်ပေသည်။ သို့သော် ၁၈၉ဝ ပြည့်နှစ်မှစ၍ ဆီဗတ်စတိုပိုမြို့ဆိပ်ကမ်းမှာ ရေတပ်လက်နက်ခဲယမ်းမီး ကျောက်များ ထုတ်လုပ်သိုလှောင် သော ဌာနဖြစ်ခဲ့သဖြင့် နိုင်ငံခြားသင်္ဘောကြီးများဆိုက်ကပ်ရန် ခွင့်မပြုခဲ့ချေ။ ရုရှနိုင်ငံအတွက် စက်ကရိယာများနှင့် ကျောက်မီးသွေးများ တင်ဆောင်လာသည့်အခါ၌သာ ဆိုက်ကပ်ရသည်။ ကရိုင်းမီးယန်းစစ်ပွဲအတွင်း ၁၈၅၄ ခုနှစ်တွင် ရုရှနှင့်စစ်ဘက်ပြုသော အင်္ဂလိပ်၊ ပြင်သစ်နှင့် တူရကီ မဟာမိတ်တပ်များသည် ဆီဗတ်စတိုပိုမြို့ကို ၁၁ လကြာမျှ ဝန်းရံတိုက်ခိုက်ခဲ့လေသည်။ ၁၈၅၅ ခုနှစ်၌ ရုရှတို့ဆုတ်ခွာပေးရသည်။ ထိုအခါ ဆီဗတ်စတိုပိုမြို့သည် အခိုင်အမာဆောက်လုပ်ထားသော ခံတပ်များနှင့်တကွ တစ်မြို့လုံး ပြိုကွဲပျက်စီးခဲ့ရလေသည်။ ၁၈၅၆ ခုနှစ် စစ်ပြေငြိမ်းကြသောအခါ၊ ပါရစ်စစ်ပြေ ငြိမ်းရေးစာချုပ်တွင် ဆီဗတ်စတိုပိုမြို့၌ ခံတပ်များပြန်လည်တည်ဆောက်ခြင်းမပြုရဟု ပညတ်ခဲ့သည်။ သို့သော်လည်း ၁၈၇ဝ ပြည့်နှစ် ပြင်သစ် ပရပ်ရှား စစ်ပွဲအတွင်းတွင် ဆီဗတ် စတိုပိုမြို့ကို ရေတပ်လက်နက် စခန်းအဖြစ် ပြန်လည်အသုံးချခဲ့လေသည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ဖြစ်လေသော် ဂျာမန်တပ်များသည် မြို့ကို ၉ လကြာမျှ ဝိုင်းထားပြီးနောက် ၁၉၄၂ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြန်သည်။ ၁၉၄၄ ခုနှစ်၌ ရုရှတို့က ပြန်လည်သိမ်းယူနိုင်သောအခါတွင် မြို့မှာ စစ်ဒဏ်ကြောင့် မရှုမလှပျက်စီးယိုယွင်းနေပြီဖြစ်၏။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ဆီဗတ်စတိုပိုမြို့ ပြန်လည်ထူထောင်ရေးကို အားသွန်ဆောင်ရွက် ခဲ့ခြင်းကြောင့် ယခုအခါ ပြန်လည်စည်ပင်နေလေပြီ။

ဆီဗတ်စတိုပိုမြို့၌ စက်ကရိယာများ ထုတ်လုပ်သော လုပ်ငန်းကြီးများအပြင် ဂျုံ၊ သားရေ၊ ဆပ်ပြာနှင့် အုတ်ကြွပ် လုပ်ငန်းများလည်းရှိ၏။ သင်္ဘောများတည်ဆောက်ပြုပြင်ရာ အလုပ်ရုံများလည်းရှိသည်။ ဆီဗတ် စတိုပိုမြို့မှ မောစကိုမြို့တော်သို့ ခါးရကပ်မြို့ကိုဖြတ်လျက် မီးရထားလမ်း ဖောက်လုပ်ဆက်သွယ်ထား၏။ ရေကြောင်းအတတ်သင်ကျောင်းများနှင့် နာမည်ကျော်သတ္တဗေဒဆိုင်ရာ ပြတိုက်တစ်ခုလည်းရှိ၏။ ဆီဗတ်စတိုပိုမြို့မှာ အပန်းဖြေပင်လယ်ရေချိုးဆိပ်ကမ်းမြို့လည်း ဖြစ်၏။ ၁၉၃၉ ခုနှစ် သန်ကောင်စာရင်းအရ၊ မြို့နေလူဦးရေမှာ ၁၁၁၉၄၆ ယောက်ဖြစ်လေသည်။ ၂၀၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ၃၄၂,၄၅၁ ယောက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)