စောဆ (ဒေါ်)

ဝီကီပီးဒီးယား မှ
(စောဆ၊ ဒေါ် မှ ပြန်ညွှန်းထားသည်)
စောဆ

ပထမဆုံး မြန်မာအမျိုးသမီး ဆရာဝန် ဒေါက်တာဒေါ်စောဆ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1884-08-01)၁ ဩဂုတ်၊ ၁၈၈၄
Friday, 10th waxing of Wagaung 1246 ME
ပြည်မြို့၊ British Burma
ကွယ်လွန်၂၈ ဖေဖော်ဝါရီ၊ ၁၉၆၂(1962-02-28) (အသက် ၇၇)
Wednesday, 9th waning of Tabodwe 1323 ME
ရန်ကုန်မြန်မာ
လူမျိုးမြန်မာ
ပညာရေးUniversity of Calcutta (MB)
Royal College of Surgeons in Ireland (FRCS)
အလုပ်အကိုင်physician, hospital administrator, government official


ဒေါ်စောဆ (၁၈၈၄ - ၁၉၆၂) သည် ပထမဆုံး အမျိုးသမီးဆရာဝန် ဖြစ်သည်။ ခွဲစိတ်ပါရဂူဘွဲ့ F.R.C.S ဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သော မြန်မာအမျိုးသမီး ဆရာဝန်မလည်း ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလက မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် ဆရာဝန်ဖြစ်ဖို့ အရေးမှာ အိပ်မက်သဖွယ် ဖြစ်သည်။

ဆန်းကျယ်သောအမည်[ပြင်ဆင်ရန်]

ဒေါ်စောဆကို မြန်မာသက္ကရာဇ် ၁၂၄၆-ခု၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၁၈၈၄-ခု၊ ဩဂုတ်လ (၁)ရက် နေ့ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော ဖြစ်ပြီး မိခင်အမည်ကိုမူ မသိရပေ။ ဖခင် ဦးဘိုးစောက ထူးခြားသည်။ သူ့တွင်သမီးခြောက်ယောက်ထွန်းကားရာ သမီးများအမည်ကို သူ့အမည် စောနှင့်တွဲဖက်၍ ပါဠိဘာသာ ဂဏန်းအခေါ်အဝေါ်များဖြင့် တွဲဖက်မှည့်ခေါ်ခဲ့သည်။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)နှင့် တွဲဖက်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး၊ တတိယသမီးကို မစောတ စသည်ဖြင့် မှည့်ခေါ်ခဲ့သည်။ နောက်ဆုံး ဆဋ္ဌမမြောက် သမီးမှာ မစောဆ ဖြစ်လာခဲ့သည်။

ပညာသင်ဘဝ[ပြင်ဆင်ရန်]

မြန်မာအမျိုးသမီး ခေတ်ပညာတတ်များ အလွန်ရှားပါးလှသော ခေတ်တွင် ဒေါ်စောဆမှာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယင်းကောလိပ်မှာ ရန်ကုန်မြို့၊ အလုံရပ်ရှိ ဘက်(ပ်)တစ်ကောလိပ် ဖြစ်ပြီး နောင်တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ဂျက်ဆင်ကောလိပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်မှ (F.A) စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ယူနီဘာစီတီဟူ၍ မရှိသေးပေ။ သို့ဖြင့် ဒေါ်စောဆက ဝါသနာပါရာ ဆေးကောလိပ် ဆက်တက်သည်။ နောင်ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ (L.M.S) ဘွဲ့ကို ၁၉၁၁ တွင်ရရှိခဲ့သည်။ စာအလွန်တော်သူ ဖြစ်သဖြင့် လေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိကာ အိုင်ယာလန်ပြည်၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် (Royal College of Surgcons)သို့ ဆက်လက်တက်ရောက် ပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ထို့နောက် ၁၉၁၂-ခုနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ (F.R.C.S) ဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ ဒေါ်စောဆကား ယင်းဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။

မကြာမီ ဒေါ်စောဆသည် M.B.E(ခေါ်)Member of the British Empire ဘွဲ့အပြင် အထက်လွှတ်တော် အမတ်အဖြစ်ပါ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၁၃-ခုနှစ် တွင် (Royal College of Physicians) ကျောင်းမှ (D.P.H) ဘွဲ့ကို ထပ်မံ ရရှိပြန်သည်။ ဆက်လက်၍ ဆေးပညာကို ဆည်းပူးခဲ့ရာ တစ်နှစ်ကာလအတွင်း၌ပင် (Coombes Maternity Hospital) မှ (L.M) စာမေးပွဲထပ်မံ အောင်မြင်ခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဒေါ်စောဆသည် ဆရာဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသမီးဌာန၏ လက်ထောက် ဆရာဝန်မကြီး အဖြစ်၎င်း၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၀ ထိ ဆေးရုံအုပ်အဖြစ်၎င်း၊ (၇)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ မျက်နှာဖြူများအကြား ဘီးဆံထုံးကြီးကားကားဖြင့် ပဝါစုံချကာ အမှုထမ်းရင်း ပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။

၁၉၂၁ တွင် အမေရိကန်နိုင်ငံ၊ (A.B.W.F.M.S)၏ ရွှေရတုသဘင် သို့ မြန်မာပြည်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၂၂ အမေရိကန်မှ ပြန်ရောက်လာသောအခါ ကိုယ်ပိုင်သားဖွား ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ကိုယ်ပိုင်သားဖွားဆေးခန်း တည်ထောင်ထားသော်လည်း ပုဇွန်တောင်ဆေးရုံ၊ ကျွန်းတောလမ်းဆေးရုံ စသည်တို့တွင် ကုသိုလ်ဖြစ် သွားရောက်ကုသပေးခဲ့သည်။

ဒေါက်တာဒေါ်စောဆသည် ဆရာဝန်ကြီး အဖြစ်သာမက ၁၉၂၃-ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထိုစဉ်က ဒေါက်တာ ဒေါ်စောဆသည် မြန်မာအမျိုးသမီးများထဲ၌ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် မြူနီစီပါယ်လူကြီးဖြစ်ခဲ့သည်။

၁၉၂၃-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (Round Table Conference)သို့ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှာ အထူးများပြားလှပေသည်။ ကြက်ခြေနီအသင်း၊ ဗြိတိသျှ အင်ပါယာ ကုဋ္ဌနူနာကယ်ဆယ်ရေးအဖွဲ့၊ ခရစ်ယာန်အမျိုးသမီးအသင်း၊ ရန်ကုန်အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့ စသည်တို့တွင် ကိုယ်အားဉာဏ်အားဖြင့် ကူညီသည်။

၁၉၄၀-ပြည့်နှစ်တွင် ရုတ်တရက် ညာဘက်ကိုယ်တစ်ခြမ်း ကျင်လာကာ လေးလတိတိ အနားယူကာ ဆေးဝါးကုသခံယူခဲ့ရသည်။ တစ်စတစ်စ ကျန်းမာလာပြီးနောက် ဂျပန်ခေတ်တွင် စလင်း၊ လည်ကိုင်း၊ ညောင်ကိုင်း၊ မင်းဘူး စသည့်ဒေသများသို့ စစ်ပြေးခဲ့ရသည်။ ထိုအချိန်များတွင်လည်း အလကားမနေဘဲ အခမဲ့ဆေးကုပေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒေါ်စောဆသည် ၁၉၆၂- ခုနှစ်၊ ဖေဖော်ဝါရီ (၂၈)ရက်၊ ည(၁၁)နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားသည်။ သွေးတိုးရောဂါ ဖိစီးသဖြင့် အသက်(၇၈)နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ဒေါ်စောဆ၏ နာရေးကြော်ငြာကို (၁.၃.၁၉၆၂)ရက်စွဲပါ ကြေးမုံသတင်းစာတွင် ပါရှိလေသည်။

[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စောမုံညင်း (၂၀၀၈၊ ဩဂုတ်လ)။ မြန်မာ အမျိုးသမီး။ တတိယ အကြိမ်။ ဦးစန်းဦး၊ စိတ်ကူးချိုချို စာအုပ်တိုက်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. တင်နိုင်တိုး။ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြားမြန်မာအမျိုးသမီးများ(၂၀၁၂)