စိတ်ညှို့ပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စိတ်ညှို့ပညာ[ပြင်​ဆင်​ရန်​]

မျက်လှည့် ပြပွဲများတွင် မျက်လှည့်ဆရာကြီးက လူကိုအိပ် မွေ့ချ၍၊ တစ်စုံတစ်ရာ ပြုလုပ်ဆောင်စေခိုင်းသည်ကို မြင်ဖူးကြ ပေမည်။ အိပ်မွေ့ချခြင်းသည် လူကိုအလိုရှိရာပြုမူစေရန် စိတ်ညှို့ခြင်းပင်ဖြစ်၏။ အိပ်မွေ့ချခံရသူသည် အိပ်ပျော်သကဲ့သို့ရှိ သည်။ သို့သော် သူသည် အမိန့်ပေးရာကို လိုက်နာ၍စကား ပြောဆို၊ သွားလာလုပ်ကိုင်နိုင်သည်။ အမိန့်ပေးသူ၏ စကားကို ကြားနာရသည့်အခါ အိပ်မွေ့ချခြင်းခံရသူသည် ခြေလက်အင်္ဂါ စသည်တို့၌ ဖောဋ္ဌဗ္ဗအာရုံကို မခံစားနိုင်တော့သဖြင့် အပ်ဖြင့် ထိုးခြင်း ခံရသည်ကိုပင် နာကျင်ရမှန်းမသိချေ။ နှလုံးခုန်သည် ကို အိပ်မွေ့ချခြင်းဖြင့် တိုးအောင်သော်၎င်း၊ လျော့အောင်သော် ၎င်း၊ ပြုလုပ်ပေးနိုင်သည်။ ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်လာအောင်လည်း အိပ်မွေ့ချ၍ ပြုလုပ်နိုင်၏။ အသား အရေတို့မှ သွေးစိမ့်၍ ထွက်လာအောင်လုပ်သည့် သာဓကများ ပင်ရှိသည်။ အိပ်မွေ့ချခံရသူသည် သာမန်အားဖြင့် သတိရှိနေစဉ် မပြုမလုပ်နိုင်သော အလုပ်ကို ပြုလုပ်နိုင်ပေသည်။ သာမန်မျှ သာ အိပ်မွေ့ချထားခြင်း ခံရသူသည် အိပ်မွေ့ပြေသောအခါ၊ အိပ်မွေ့ချခြင်းခံခဲ့ရစဉ်က မိမိ ပြုလုပ်သော အမှုတို့ကိုပြန်၍ သတိရနိုင်သည်။ သို့ရာတွင် ပြင်းထန်စွာ အိပ်မွေ့ချခြင်းခံရ သည်ရှိသော်၊ အိပ်မွေ့ချသူက ပြန်လည်သတိရစေရန် အမိန့် ပေးထားသော အချက်မှတစ်ပါး အခြားသော အပြုအမူဟူသ၍ ကို ပြန်လည်သတိမရနိုင်တော့ချေ။ ပမာအားဖြင့် အမိန့်ပေး သူက အိပ်မွေ့ကြောင့် အိပ်ပျော်နေသူအား အိပ်ရာမှ နိုးလာ လျှင်၊ လေချွန်သံကြားပါက၊ အင်္ကျီကို ချွတ်ပစ်ရမည်ဟု အမိန့်ပေးထားလျှင် အိပ်မွေ့ ပြေသောအခါ အမိန့်ပေးခြင်း ခံရသူသည် မည်သည့်အတွက်ကြောင့်ဟု မစဉ်းစားနိုင်ဘဲ၊ လေချွန်သံကြားသည်နှင့်တစ်ပြိုင်နက် အင်္ကျီချွတ်ပစ်မည်ဖြစ်၏။ ဤအချက်ကို အကြောင်းပြု၍ အထူးဆေးပညာရှင်တို့ သည် ဘိန်းဘင်းကဇော်စသည့် သုရာမေရယတို့၌ စွဲနေသော လူနာရှင်နှင့် စိတ်ရောဂါသည်တို့ကို အိပ်မွေ့ချနည်းဖြင့် အစွဲ ပျောက်အောင် ချွတ်၍ ကုသလေ့ရှိကြသည်။ ယခုခေတ် သိပ္ပံပညာနည်းအရ အိပ်မွေ့ချခြင်း၏ အကြောင်းကို ရှေးကထက်ပိုမိုတိကျအောင် စူးစမ်း လေ့လာနိုင် ကြပြီ။ စိတ်ညှို့ပညာအကြောင်းကို နားလည်နိုင်ရန်အလို့ငှာ၊စိတ်နှင့်ကိုယ် ဆက်စပ်နေသည်ကို သိထားနှင့်ရန် လိုပေသည်။ ( စိတ်ပညာစိတ်လှုပ်ရှားမှု။)

ဦးနှောက်သည် နဗ်ကြောများ အဆုံးရာ ဗဟိုဌာနကြီးဖြစ်၍ ကိုယ်နှင့်စိတ်သည် နဗ်ကြောခေါ် အာရုံကြောများဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိ၏။ အိပ်ပျော်နေစဉ် ဦးနှောက်၏ အာရုံအစွမ်းတို့သည် လေးလံထိုင်း မှိုင်းလျက်ရှိပြီးလျှင် နဗ်ကြောနှင့် ကိုယ်သည်၎င်း၊ နဗ်ကြော အချင်းချင်းသည်၎င်း ယာယီအားဖြင့် အဆက်ပြတ်၍ နေတတ် ၏။ သို့သော် ထိုနဗ်ကြောဖြင့် ခံစား၍ရသော အာရုံတို့ကို မနိုးတနိုးထား၍ ရနိုင်သည်ဟု စိတ်ပညာဆရာတို့က ယူဆကြသည်။ ( နဗ်ကြောများ။)

ပမာဆိုသော် နံနက်အရုဏ်တက်အချိန်တွင် နိုးအောင်သတိထားပြီး အိပ်လေ့ရှိသူတို့သည် အခြား အသံများကြောင့် အိပ်ရာမှ မနိုးသော်လည်း အရုဏ်ကြက်တွန်သံ သို့မဟုတ် ဘုန်းကြီးကျောင်းမှ တုံးခေါက်သံကြားသည်နှင့် တစ်ပြိုင်နက် အလိုအလျောက် နိုးတတ်ပုံကိုထောက်လျှင်၊ ဦးနှောက်ကခံယူသော အာရုံအချို့ကိုတစ်ဝက်တစ်ပျက်နှိုးထားနိုင်ကြောင်း ထင်ရှားလေသည်။ ထိုအတိုင်းပင် အိပ်မွေ့ချ၍ အိပ်ပျော်နေသူတစ်ဦးတွင်လည်း သာမန်အိပ်ပျော်နေသူကဲ့သို့ လုံးလုံးလျားလျား အိပ်ပျော် နေခြင်းမရှိဘဲ၊ စိတ်ညှို့ဆရာခိုင်းစေသည့်အတိုင်း၊ သွားလာပြောဆို လှုပ်ရှားနိုင်သော အာရုံအစွမ်း သတ္တိများသည် နိုးလျက်ရှိပေသည်။ အိပ်မွေ့ ချထားသည့်အခါ အိပ်မွေ့ချခံရသူ၏ စိတ်ဆန္ဒသည် အမိန့်ပေး သူ၏ စိတ်ဆန္ဒအတိုင်းသာလျှင် လိုက်၍ တည်နေရသည်။ အိပ်မွေ့ချခံရသူက အမိန့်ပေးသည့်အတိုင်း မလိုက်နာဘဲ ငြင်းဆန်လိုသည့်စိတ်တို့သည် 'အိပ်ပျော်'လျက်ရှိသောကြောင့် 'နိုးကြား'လျက်ရှိသော ခန္ဓာကိုယ် သည် စိတ်ညှို့ဆရာ၏ အမိန့်ပေးရာကို နာယူလေသည်။

စိတ်ညှို့ဆရာသည် လူတစ်ယောက်ကို အိပ်မွေ့ချမည်ဟု ဆိုလျှင်၊ ထိုသူအား အရာဝတ္ထုတစ်ခုခုကို စိုက်၍ကြည့်ခိုင်း သည်။ အညှို့ခံရသူသည် မိမိ၏စိတ်တွင် မည်သည့်အာရုံကိုမျှ မစွဲရဘဲ၊ စိတ်အားကို လျော့၍ထားရသည်။ ထို့နောက် စိတ်ညှို့ ဆရာသည် စကားကို သာယာညှင်းပျောင်းပြော၍၊ အိပ်အောင် 'သိပ်' ပေးသည်။ တစ်ခါတစ်ရံ ဦးခေါင်းကို လက်ဖြင့်ညင်သာ စွာ သပ်ပေးသည်။ တစ်ခါတစ်ရံ မျက်နှာကို သပ်ပေးရသည်။ ထိုအခါ စိတ်ညှို့ခံရသူ၌ အိပ်ပျော်နေသူ၏ လက္ခဏာများ ပေါ် ပေါက်လာလေသည်။ လူအများက ယုံကြည်ကြသည်မှာ စိတ်ညှို့ဆရာသည် မည်သူကိုမဆို အိပ်မွေ့ချ၍စေခိုင်းနိုင်သည် ဟူ၏။ သို့ရာတွင် အကယ်စင်စစ် စိတ်ခိုင်သူများကို အိပ်မွေ့ ချ၍ ယင်းတို့မလုပ်ချင်သောအရာကို လုပ်အောင်စေ ခိုင်း၍ မရနိုင်ချေ။

စိတ်ညှို့ပညာကို အာရှနှင့် အာဖရိကတိုက်များတွင် နှစ် ပေါင်းများစွာကပင်လျှင် လေ့ကျင့်ခဲ့ကြသည်။ ဟိန္ဒူယောဂီများ နှင့် ဒါးဗစ်ရသေ့တို့သည် သံဆူးများပေါ်တွင် အိပ်ခြင်းစသော သာမန်လူတို့ မပြုဝံ့သည့် အမှုတို့ကိုပြုကြသည်။ ဤသို့ အံ့ဖွယ်သရဲပြုမူကြသည်တို့ကို ကြားဘူးကောင်းကြားဘူးကြ ပေလိမ့်မည်။ ဤ အချက်ကို အနောက်တိုင်းစိတ်ပညာရှင်တို့က မိမိကိုယ်ကို မိမိစိတ်ညှို့ထားခြင်းကြောင့် အံ့ဖွယ်သရဲပြုမူနိုင် သည်ဟု ပြောဆိုလေ့ရှိကြသည်။ စိတ်ညှို့ပညာကို ပထမဦးစွာ စူးစမ်းလေ့လာခဲ့သူမှာ ၁၈ ရာစုနှစ်များတွင် စိတ်ရောဂါကုသ ခြင်း၌ ထင်ရှားခဲ့သောဗီယင်းနားမြို့သား ဒေါက်တာမက်ဇမား (၁၇၃၄-၁၈၁၅) ဖြစ်သည်။ သို့ရာတွင် သူ၏အယူအဆတို့ကို ပြင်သစ်နိုင်ငံအစိုးရက ဖွဲ့စည်းသည့် သိပ္ပံပညာရှင်နှင့် သမား တော်များ၏ ကော်မရှင်အဖွဲ့က လက်မခံခဲ့ချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)