မာတိကာသို့ ခုန်သွားရန်

စန်းစန်း၊ ဒေါ်

ဝီကီပီးဒီးယား မှ

ဒေါ်စန်းစန်း
San San
၁ဝ ဇန်နဝါရီလ ၁၉၃၂ -
စန်းစန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုလုပ်ငန်း အဖွဲ့ (အလုပ်သမား) အတွင်းရေးမှူး
ဆိပ်ကမ်းမြို့နယ် ရွေးကောက်နယ်မြေ
ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
၁၉၉၀ ရွေးကောက်ပွဲ (အသိအမှတ်မပြု) -
ကိုယ်ရေး အချက်အလက်
အမည်ရင်း ဒေါ်စန်းစန်း
မွေးရက် ၁ဝ ဇန်နဝါရီလ ၁၉၃၂
မွေးရပ်ဇာတိ အလုံမြို့
လူမျိုး ဗမာလူမျိုး
နိုင်ငံသား မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် ညွှန်ကြားရေးမှူး

အဖ ကွယ်လွန်သူ ခရိုင်ရဲဝန် ဦးဘသော် (ပြစ်မှု မဂ္ဂဇင်း တည်ထောင်သူနှင့် စာရေး ဆရာ ‘ပုလိပ် အရာရှိတဦး’)၊ အမိ ဒေါ်မမလေး (ပြစ်မှု မဂ္ဂဇင်း တာဝန်ခံ ထုတ်ဝေသူ) တို့က ၁၉၃၂ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် အလုံမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် တတိယမြောက် ဖြစ်သည်။ အစ်ကို ၂ ဦးမှာ ကွယ်လွန်သူ အမျိုးသား စာပေဆုရ စာရေးဆရာနှင့် သတင်းစာဆရာ စိန်ခင်မောင်ရီ နှင့် ဂါးဒီးယန်း သတင်းထောက်ချုပ် ဦးခင်မောင်ကြည်တို့ ဖြစ်သည်။

ငယ်စဉ်က မုံရွာမြို့၊ အမျိုးသား အလယ်တန်းကျောင်း၊ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပညာသင် ကြားခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်မှ ၁၉၅၄ ခုနှစ်တွင် ဘီအက်စ်စီဘွဲ့ ရသည်။ ရန်ကုန် တက္ကသိုလ် ဘင်တန်ဆောင်၌ သဟာယနှင့် စာဖတ် အသင်း၊ ဗဟို ကျောင်းဆောင် သဟာယနှင့် စာဖတ် အသင်း၊ ရူပဗေဒ၊ ဇီဝဗေဒ အသင်း၊ ချင်းတွင်း အသင်း စသော အသင်း အဖွဲ့များတွင် အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ် အထိ ဗဟို အစိုးရ အထက်တန်းကျောင်း (ရန်ကုန်) အထက်တန်းပြ၊ ရန်ကင်းကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် သတ္တဗေဒ ဌာန သရုပ်ပြ ဆရာမ၊ ယူဂိုဆလားဗီးယား နိုင်ငံ၊ အစ္စရေး နိုင်ငံများသို့ ပညာတော်သင် သွားရောက် ခဲ့သည်။ ၁၉၅၈ - ၅၉ ခုနှစ်တွင် သတင်းစာ ဒီပလိုမာ (ဒီဂျေ) ရသည်။

၁၉၆ဝ ပြည့်နှစ်မှ စ၍ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတွင် ဝါဏိဇ္ဇ ပဋိပက္ခ ဖြန်ဖြေရေး အရာရှိ၊ မြို့နယ် ဦးစီးမှူး တာဝန်ဖြင့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ဘောက်ထော်၊ သင်္ကန်းကျွန်း၊ ရန်ကင်း၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဆိပ်ကမ်း၊ ဆိပ်ကြီး ခနောင်တိုနှင့် ဒလ မြို့နယ်များတွင် အမှုထမ်းခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဦးစီး ဌာနမှူး၊ ထို့နောက် ရန်ကုန်မြို့ သုတေသနနှင့် စီမံကိန်းဌာနခွဲ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် အလုပ်သမားများ ဝန်ထမ်း သမဂ္ဂ၌ ဥက္ကဋ္ဌ အဖြစ် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်၊ ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ၁၉၈၈ ခု၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် တပါတီ အာဏာရှင် ဦးနေဝင်း ထံမှ လက်ဝါးရိုက် အာဏာလွှဲယူကာ တိုင်းပြည် အာဏာ အရပ်ရပ်ကို လက်နက် အားကိုးဖြင့် သိမ်းယူခဲ့သော နဝတ (ယခု နအဖ) စစ်အစိုးရ တက်လာရာ၊ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါ်စန်းစန်းအား တာဝန်မှ အငြိမ်းစား ပေးခဲ့သည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းရာတွင် ပူးပေါင်း ပါဝင်ခဲ့ပြီး၊ အဖွဲ့ချုပ်တွင် ဗဟိုလုပ်ငန်း အဖွဲ့ (အလုပ်သမား) အတွင်းရေးမှူး၊ ဗဟို စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး၊ ဗဟို စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်မှု

[ပြင်ဆင်ရန်]

၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်စန်းစန်းသည် ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ ၆၁၅ မဲ၊ စုစုပေါင်း မဲရာနှုန်း ၅၉.၂၅ % ဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့သော်လည်း၊ ပြည်သူ့ လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရန် နဝတ (ယခု နအဖ) စစ်အစိုးရက ပျက်ကွက် ခဲ့သောကြောင့် ပြည်သူ့ လူထု၏ ကိုယ်စား လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားခြင်း ခံခဲ့ရသည့် အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ယာယီ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းရာမှာ ပါဝင်ခဲ့သဖြင့် ၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်းမှာ နဝတ (ယခု နအဖ) စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရပြီး၊ ၁၉၉၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ နဝတ ကြေညာချက် အမှတ် - ၁၁/၉၂ နဲ့ အင်းစိန်ထောင်မှ ပြန်လွတ်သည်။

၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နိုင်ငံခြား သတင်း ဌာနများနှင့် ဆက်သွယ် သတင်းပေးသည်ဟု နအဖ စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီး ထောင်ချခဲ့သည်။ ထို့နောက် ၂ဝဝ၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်း - မြန်မာ နယ်စပ် လွတ်မြောက် နယ်မြေသို့ ရောက်ရှိ လာခဲ့သည်။

ယခုအခါ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ ဒေါ်စန်းစန်းက သူတို့ ဌာနရဲ့ အလုပ်သမား သမဂ္ဂမှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လို့ အငြိမ်းစား ပေးတာ ခံခဲ့ရပါတယ်။ နောက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ပြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်က အရွေးခံရလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ‘အမတ်မင်း’ ဖြစ်လာ ခဲ့ပါတယ်။ မကြာခင် အဖမ်းခံ ရပါတယ်။ ကိုကြီးကောင်း ကတော့ မောင်အောင်ထွန်း တကသ သမိုင်း ပြုစုရာမှာ ကူညီလို့တဲ့ အဖမ်း ခံလိုက်ရ ပါသေးတယ်။ နှစ်ယောက်လုံး ထောင်ထဲ ရောက်သွားချိန်မှာပဲ ကျွန်တော်နဲ့ ခေတ္တခဏ အဆက်ပြတ် သွားခဲ့ရပါတယ်။

ဒေါ်စန်းစန်းက အလုပ်သမား သမဂ္ဂ နောက်ခံနဲ့ အလုပ်သမားရေးရာမှာ အထူး အားထားရသူ တဦး ဖြစ်ပါတယ်။ တကယ်တော့ ပညာရေး လောက အကြောင်းကို ပိုလို့တောင် သိမယ် ထင်ပါတယ်။ မုံရွာက ၁ဝ တန်း အောင်လာပြီး၊ ၁၉၄၈ ကနေ၊ ၁၉၅၄ ထိ ရန်ကုန် တက္ကသိုလ်မှာ တက်ရောက်ခဲ့လို့ ဇီဝဗေဒနဲ့ သိပ္ပံဘွဲ့ ရပြီးနောက် ဗဟိုစံပြ အစိုးရကျောင်းမှာ အထက်တန်းပြ ဆရာမ အဖြစ် ဒေါ်စန်းစန်း လုပ်ဖူးပါတယ်။ ၁၉၅၅ ခုနှစ်မှာ ပညာသင် လဲလှယ်ရေး အစီအစဉ် အရ ယူဂိုဆလားဗီးယား နိုင်ငံကို အဏ္ဏဝါဗေဒ ပညာသင် သွားခဲ့ရပါတယ်။ တနှစ်တာ ပညာ သင်ယူခဲ့ပြီး ပြန်လာတော့ ၁၉၅၇ - ၅၈ မှာ မော်လမြိုင် ကောလိပ်မှာ နည်းပြ ဆရာမ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပါတယ်။ ဒါ့ကြောင့် ပညာရေး လောက အကြောင်းကိုလဲ အခြေခံ ပညာရေးရော၊ အဆင့်မြင့် ပညာရေး အကြောင်းကိုပါ အတော်အတန် သိရှိသူ ဖြစ်ပါတယ်။ သည့်နောက်မှ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနကို ဝင်လုပ်တာပါ။ နိုင်ငံရေး လှုပ်ရှားမှုမှာ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားရေးရာ ပညာရေး ကိစ္စတွေဟာ အထူး အရေးကြီး ပါတယ်။ ဒီလို ကိစ္စတွေမှာ တီးမိ ခေါက်မိ ရှိတဲ့အတွက် ဒေါ်စန်းစန်းဟာ အဖွဲ့ချုပ်မှာ အားထားစရာ အမျိုးသမီး ခေါင်းဆောင် တဦး အဖြစ် ရပ်တည် ခဲ့ရပါတယ်။

သူ့ဖခင်ဟာ အမျိုးသား စာပေဆုရ ‘ရဲအရာရှိတဦး’ ပါ။ ဦးဘသော်တဲ့။ ‘ပြစ်မှု’ မဂ္ဂဇင်းကို စတင် ထောင်သူ တဦး ဖြစ်ပါတယ်။ စိန်ခင်မောင်ရီ (ကြေးမုံ)၊ ခင်မောင်ကြည် (ဂါးဒီးယန်)၊ ခင်မောင်စီ (ပြစ်မှု) တို့ရဲ့ ဖခင်ကြီးပါ။ စိန်ခင်မောင်ရီလဲ အမျိုးသား စာပေဆုရ စာရေးဆရာ တဦးပါ။ ဂျပန် ဝတ္ထုတခုကို ဘာသာပြန်လို့ ဆုရခဲ့တာပါ။ သူတို့ မောင်နှမ တတွေဟာ အားလုံး စာပေသမားတွေချည်း ပါပဲ။ ကျွန်တော်နဲ့ ကမာရွတ်မှာ တရပ်ထဲ နေခဲ့ကြတာမို့ အားလုံးနဲ့ရင်းနှီးပါတယ်။

ထိုင်း - ဗမာ နယ်စပ်မှာ ဒေါ်စန်းစန်း နေတဲ့အိမ်ကို ခဲကျတယ် ဆိုတဲ့ သတင်းကို ကျော်မကောင်း ကြားမကောင်း ကြားရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်စန်းစန်း အတွက် ပူပန်မိပြီး နိုင်ငံရေးသမားတွေ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ငွေရေး၊ ကြေးရေးကြောင့် ဆိုတဲ့ နောက်ဆက်တွဲ သတင်းကိုလဲ မကြားချင်ဘဲ ကြားလိုက်ရတော့ ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ တခါထပ်ပြီး ဒေါ်စန်းစန်းက ဂျပန်မှာ စာစောင် အယ်ဒီတာ တဦးနဲ့ အင်တာဗျူး လုပ်ပြီး ရှင်းပြတဲ့ အခါ ပိုသည်ထက် ပိုမိုပြီး ထပ်မံ စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။ ငွေထုတ်ခွင့်ကို ဒေါ်စန်းစန်းက လက်မှတ် ထိုးပေးရမှာကို မထိုးလိုက်ဘူးတဲ့။ အကြောင်းက တချို့ လက်မှတ်လိမ်၊ တချို့က စာရင်း လိမ်လို့တဲ့။ ‘အသက်စွန့်’ ပြီး စစ်တပ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ဂုဏ်သိက္ခာကို တန်ဖိုး ထားကြတဲ့ ပုဂ္ဂိုလ်တွေက ငွေကြေး အတွက် ‘အရှက်စွန့်’ ကြတယ် ဆိုတာ၊ ဘာပဲဖြစ်ဖြစ် အရပ်ရပ် နေပြည်တော် ကြားလို့ မတော်ပါဘူး။ အချင်းချင်း နိုင်ငံရေးသိက္ခာ၊ လူမှုရေး ဂုဏ်သိက္ခာနဲ့ကြိတ်ပြီး ဖြေရှင်းနိုင်လျက်နဲ့ ခုလို ဖြစ်ရတာ ဒီမိုကရေစီရေး အတွက် အသည်း နာစရာ သတင်းပါ။

အမကြီးစန်းတို့ဟာ အမှန်တရားကို မြတ်နိုးပြီး၊ ယုံကြည်ချက်ကို အသက်နဲ့ လဲမယ် ဆိုတဲ့သတ္တိမျိုးနဲ့ ဆွေဂုဏ်၊ မျိုးဂုဏ်၊ အိမ်ဂုဏ်ကို ထိန်းသိမ်းတဲ့ လူမျိုးပါလို့ ကျွန်တော် သိသထက် သိလာ ခဲ့ပါတယ်။ ဒါကြောင့် ဒေါ်စန်းစန်း နိုင်ငံရေးသမား ဖြစ်လာတာကို ကျွန်တော်တို့ အထူးလေးစား အားထားပါတယ်။

ကိုးကားချက်

[ပြင်ဆင်ရန်]
  • မောင်စွမ်းရည်၊ ဇူလိုင် ၂၈၊ ၂ဝဝ၅။ မကြိုက်တာရှိရင် ဖုန်းဆက်ပါ။
  • မောင်စွမ်းရည်၊ အညာသူ ဒေါ်စန်းစန်း။
  • ဦးခင်ကျော်ဟန်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေး ကော်မတီ။