စတုန်းဟင်းချ်

From Wikipedia

စတုန်းဟင်းချ်၊ အေ့ဗ်ဘူရီနှင့် ဆက်စပ်သောနေရာများ*
UNESCO ကမ္ဘာ့အမွေခံနေရာများ

Stonehenge in 2004
State Party အင်္ဂလန်နိုင်ငံ၏ အလံတော် အင်္ဂလန်
အမျိုးအစား ယဥ်ကျေးမှု ဆိုင်ရာ
ရွေးချယ်သည့်စံနှုန်း i, ii, iii
ကိုးကား 373
ဒေသ** ဥရောပ
Inscription history
Inscription ၁၉၈၆  (ဒသမအကြိမ် Session)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ

စတုန်းဟင်းချ်(Stonehenge) ဆိုသည်မှာ သမိုင်းမတိုင်မီကာလကပင်တည်ရှိခဲ့သော အထိမ်းအမှတ်အဆောက်အဦးတစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား(Wiltshire)ကောင်တီ အမတ်စ်ဘူရီ(Amesbury) မြို့မြောက်ဖက် ၂မိုင်(၃.၂ကီလိုမီတာ)အကွာ စလစ်စ်ဘူရီ(Salisbury) မြို့၏ မြောက်ဖက် ၈.၁မိုင်(၁၃ ကီလိုမီတာ)အကွာတို့တွင် တည်ရှိသည်။ စတုန်းဟင်းချ်တွင် ပုံဖော်ထားသောမြေကြီး(earthworks) နှင့် ထိုအရာကို စက်ဝိုင်းပုံ​သဏ္ဌန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသော ကျောက်တုံးများပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရှင်များအနေနှင့် ဤကျောက်တုံးသဏ္ဌန်တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင်တည်ရှိခဲ့ပြီး ဘီစီ ၂၄၀၀ မှ ဘီစီ ၂၂၀၀ အထိ အချိန်ကာလအတွင်းတွင် တိုးတက်ပြောင်းလဲလာခဲ့သည် ဟုယူဆကြသည်။[၁] သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံးကျောက်တုံးတည်ဆောက်မှုများ မဟုတ်ပေ။ ပထမဦးဆုံးတည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော ပုံဖော်ထားသောမြေကြီးနှင့် တူးမြောင်းများကို ဘီစီ ၃၁၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာများကို ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများတွင် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီ ဟင်းချ်တည်ဆောက်မှုများ(Avebury henge monument) နှင့်အတူတွဲဖက်၍ စာရင်းသွင်းခဲ့သည်။ ထို့ပြင် အင်္ဂလန်နိုင်ငံ၏ အမျိုးသားရေးရာ အရေးကြီး ထိန်းသိမ်းရမည့်ရှေးဟောင်းတည်ဆောက်မှုများ (Scheduled Ancient Monument) တွင်လည်း တရားဝင်စာရင်း ဝင်သည်။ စတုန်းဟင်းချ်ကို အင်္ဂလန်နိုင်ငံတော်အစိုးရမှ ပိုင်ဆိုင်ပြီး အင်္ဂလိပ်သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးမှ ကြီးကြပ်သည်။ ပတ်ဝန်းကျင်မြေနေရာများကို မူ နေရှင်နယ် ထရပ်စ် မှ ပိုင်ဆိုင်သည်။[၂][၃]


စတုန်းဟင်းချ် ရေးဗားဆိုက် ပရိုဂျက်(Stonehenge Riverside Project) မှ အသစ်ထပ်မံတွေ့ရှိရသော ရှေးဟောင်းသုတေသနအထောက်အထားများအရ စတုန်းဟင်းချ်သည် အစောဆုံးစတင်တည်ရှိစဥ်အခါကပင် သင်္ချိုင်းမြေအဖြစ်တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ ကျန်ရှိနေသော အရိုးပြာများကို ကာဘွန်ဒိတ်တင်း နည်းဖြင့် ဆန်းစစ်ကြည့်ရာတွင် မြှုပ်နှံမှုများမှာ ပထမဆုံး တူးမြောင်းကို အဆောက်အဦး၏ ပတ်ပတ်လည်တွင် စတင်တူးဖော်ခဲ့သော အချိန်ဖြစ်သည့် ဘီစီ ၃၀၀၀ ခန့်ကပင် စတင်ခဲ့သည်ဟု ညွှန်ပြနေသည်။ စတုန်းဟင်းချ်တွင် နောက်ထပ် အနည်းဆုံး နှစ်ပေါင်း ၅၀၀ ကျော်ကြာသည်အထိ မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေခဲ့ကြပြီး ယခု အထိမ်းအမှတ်ဖြစ်နေသော ကျောက်တုံးကြီးများကို ထူထောင်ထားခဲ့ကြသည် ဟု စတုန်းဟင်းချ် ရေးဗားဆိုက် ပရိုဂျက်၏ ခေါင်းဆောင် ပရော်ဖက်ဆာ မိုက်ပတ်ကား ပီရာဆင်ကဆိုသည်။

[ပြင်​ဆင်​ရန်​] ရည်ညွှန်းချက်များ