စစ်တုရင်ကစားခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
(ဝဲမှယာ) ဘုရင်၊ ရထား၊ဘုရင်မ၊နယ်၊မြင်း၊ဘစ်ရှော့

ခုံငယ်ပေါ်တွင် စစ်ပြိုင်ယှဉ်[ပြင်​ဆင်​ရန်​]

ထိုးထွင်းဉာဏ်ချင်း ယှဉ်ပြိုင်ကစားရာ၌ ရှေးအကျဆုံးဖြစ် ၍၊ ကမ္ဘာအနှံ့အပြားတွင် ကစားလျက်ရှိသော ကစားနည်းမှာ စစ်တုရင်ထိုးခြင်းဖြစ်သည်။ မြန်မာစစ်တုရင်တွင် တပ်ဆင်ပုံက အစ အရေးကြီး၍၊ တပ်ဆင်နည်းလွဲလျှင် ရှုံးရန်သေချာပေ သည်။ သိုးဆောင်းတို့၏ စစ်ဘုရင်ကစားနည်းကိုလည်း ဤ ဆောင်ပါး၌ ဖော်ပြထားသည်။

စစ်ဘုရင်ကစားခြင်း[ပြင်​ဆင်​ရန်​]

ယခုအခါ စစ်ဘုရင်ဟုခေါ်ဝေါ်နေကြသော ကစားနည်းမှာ ပင်းယခေတ်တွင် ထွန်းကားနေပြီဟု ခိုင်လုံသော အထောက် အထားများရှိသည်။ ထို့ပြင် ပုဂံခေတ်၌လည်းရှိနေပြီဟု ယူဆ နိုင်ဖွယ်အကြောင်းလည်းရှိ၏။ သို့သော် ထိုအချိန်အခါများက စစ်ဘုရင်ဟု ခေါ် မခေါ်ကို တိကျသေချာ စွာမသိရချေ။ စစ် ဘုရင်ဟူသော အရေးအသားကိုမူ ပင်းယစတုရင်္ဂဗလအမတ်ကြီး ပြုစုသော အဘိဓာန်ဋီကာပါဌ်တွင် 'ဒေသန္တရရေဟိ စတုရင်္ဂ ဝေဿဝပဌိကာယံ ပါသက ဇူတမပိဝတ္တတေ'ဟူ၍ တွေ့ရသည်။ ယင်းသို့ စတုရင်ဟူသောရေးထုံးများကိုမူ မောင်းထောင်ဆရာ တော်၏ ဋီကာနိဿယတွင် 'စတုရင်္ဂဿ၊ စတုရင်၏'ဟု၄င်း၊ မန်လည်ဆရာတော်၏ မဃဒေဝလင်္ရာသစ်တွင် 'လေးပါးသေ နင်၊ စတုရင်ဖြင့်'ဟူ၍၄င်း၊ မုံရွေး ဆရာတော်၏ ကုသပျို့တွင် 'ခြောက်ဆဲ့လေးအင်၊ စတုရင်၌'ဟု၄င်း၊ အသီးအသီးတွေ့ရှိရ၏။ ဟင်ဒီ စကားတွင် 'စတုရံဂ'၊ ပသျှူးစကားတွင် 'စတုရ်'ဟူ သော ရေးပုံတို့သည် စတုရင်ဟူသော အရေးအသားနှင့် နီးစပ် သော အရေးအသားများဖြစ်၏။

ထိုကစားနည်းကို 'စစ်တုရင်'ဟူ၍ ရေးသားကြသည်ကို လည်း အများအပြားတွေ့ရ၏။ ရှင်ထွေးညို၏ ပြည်စုန်မော် ကွန်းတွင် 'လေးပါးစစ်အင်၊ စစ်တုရင်၌'ဟု၄င်း၊ ရှင်မဟာရဋ္ဌ သာရ၏ ဘူရိဒတ်လင်္ကာကြီးတွင် 'လေးပါးစုံအင်၊ စစ်တုရင် ဖြင့်' ဟု›င်း၊ ရှင်မဟာရဋ္ဌသာရ၏ ပုံတောင်နိုင်မော်ကွန်းတွင် 'ခြောက်ဆဲ့လေးခွင်၊ စစ်တုရင်၌၊ မြင်းဆင်နယ်ကပ်၊ စစ်ချက် ထပ်သို့'ဟု၄င်း၊ ရှင်အဂ္ဂသမာဓိ၏ နေမိမဂ္ဃစိုးခဏ်းပျို့တွင် 'တစ်ယောက်တစ်ပြန်၊ ကြွေအန်လက်ပစ်၊ တကျစ်လည်းဆင်၊ စစ်တုရင်နှင့်'ဟူ၍၄င်း၊ နဝဒေကြီးဆို မနောဟရီပျို့တွင် 'လေး ပါးစုံအင်၊ စစ်တုရင်နှင့်၊ မြင်းဆင်ခြေသည်၊ ရံစည်မကွေ၊ ချီတုံ လေသော်'ဟူ၍၄င်း၊ တရုတ်မြို့စား သင်္ခယာရေး မဟာဥပရာဇာ ဧချင်းတွင် 'မင်းတို့ထားရိုး၊ အဘိုးခဲညို၊ ရှည်တိုစုံစေ့၊ ကြွေ့ ကြွေ့တစ်သွန်၊ ကြွေအန်စစ်တုရင်၊ စကြာပြင်နှင့် ပျော်ရွှင်စေ ကြောင်း' ဟူ၍၄င်း၊ 'စစ်တုရင်'ဟူသော အရေးအသားများ ကိုတွေ့ရလေသည်။

ယင်းသို့ စတုရင်၊ စစ်တုရင်ဟု အရေးအသားရှိသော ထိုကစားနည်းကို အရပ်ခေါ်အားဖြင့် 'စစ်ဘုရင်'ဟူ၍ ယခုအခါ ခေါ်ဝေါ်လျက်ရှိကြသည်။ အလောင်ဘုရား လက်ထက်တွင် ရေး သားထားသည်ဟု ထင်မှတ်ရသော မနုကျယ်ဓမ္မသတ်တွင်၄င်း၊ လှိုင်ထိပ်ခေါင်တင်၏ ဣန္ဒာဝံသနန်းတွင်းဇာတ်တော်ကြီးတွင် ၄င်း၊ ၁၂၆၆ ခုနှစ်လောက်တွင် ထုတ်ပြန်သော ဓမ္မဝိနယအမိန့် တော်ပြန်တမ်းတွင်၄င်း၊ 'စစ်တုရင်'ဟူသော အသုံးကိုတွေ့ရ သည်။

ယင်းသို့ စတုရင်၊ စစ်တုရင်၊ စစ်ဘုရင်ဟူ၍ အခေါ် အမျိုးမျိုးကွဲပြားနေသည့် ကစားနည်းသည် ထိုးထွင်းဉာဏ် သုံးရသော ကစားနည်းတို့တွင် ရှေးအကျဆုံးကစားနည်းဟု ယူဆရလေသည်။ စစ်ဘုရင်ကစားခြင်းသည် ဉာဏ်ပညာ စိတ် ကူးကို ထက်မြက်စေပြီးလျှင် စိတ်ကိုတည်ငြိမ်စေသော ကစား နည်းဖြစ်သည်။ စိတ်တူ၊ ဉာဏ်တူ၊ အကွက်တူ၊ ကစားရပါ လျှင်၊ အလွန်စိတ်ဝင်စားဖွယ်ကောင်း၍ အကွက်ရွှေ့ရန်သာ အာရုံစောနေကြသဖြင့် စိတ်တည်ငြိမ်မှုကို အထူးရစေပေသည်။ စစ်ဘုရင်ကစားခြင်းကို ကမ္ဘာအနှံ့အပြားတွင် ကစားကြသည်။ သို့သော် စစ်ဘုရင်ကစားနည်းမှာမူ သူ့လူမျိုးနှင့် သူ့နည်းဟူ၍ အမျိုးမျိုးရှိ၏။ စစ်ဘုရင်ကစားခြင်း၏ မူလစတင်ရာဒေသနှင့် အချိန်ကာလကိုမူ သေချာစွာမသိကြရ၍ အယူအဆမျိုးမျိုး ကွဲပြားလျက်ရှိသည်။ သို့သော် သုတေသီအများက ယင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံတွင် စတင် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုကြ၏။ စစ်ဘုရင်ကစားနည်းကို အိန္ဒိယနိုင်ငံရှိ ဟိန္ဒူလူမျိုးများမှပါရှင်းလူမျိုး အာရပ်လူမျိုး များသို့ အဆင့်ဆင့်ရောက်ရှိခဲ့၍ ထိုမှတစ်ဆင့် ၁ဝ ရာစုနှစ် မတိုင်မီတွင် ဥရောပတိုက်၌ ပြန့်ပွား ခဲ့သည်ဟုဆိုကြသည်။

စစ်ဘုရင်စကားနည်းတွင် အနောက်နိုင်ငံ ကစားနည်းနှင့် မြန်မာစစ်ဘုရင်စကားနည်းတို့မှာ လူမျိုးဓလေ့ ထုံးတမ်းအရ မတူညီကြချေ။ အနောက်နိုင်ငံကစားနည်းမှာ စစ်ဘုရင်ခုံ သို့မ ဟုတ် စက္ကူချပ်ထူရှိ အကွက် ၆၄ ကွက်ကို အဖြူ အနက်ဖြင့် အကွက်ဖော်ထားသည်။ အရုပ်များကိုလည်း အဖြူ အနက် ခွဲခြားထား၏။ ကစားရာတွင် ကစားသူ၏ လကျ်ာဖက်၌ အဖြူ ကွက်ရှိသော ထောင့်ရှိနေအောင် ခုံကိုထားရသည်။ အရုပ်များ ကို စီရာ၌လည်း၊ နောက်ဆုံးတန်း၌ ကစားသူ၏ လက်ဝဲမှစ၍ လကျ်ာဖက်သို့၊ ရဲတိုက်၊ မြင်းစီး သူရဲကောင်းနှင့် ရဲတိုက်တို့ကို အကွက် ၈ ကွက်တွင် အစဉ်အတိုင်း စီသွားရသည်။ ရှေ့တန်း တွင်မူနယ် ၈ ရုပ်ကို စီရ၏။ ယင်းသို့စီရာတွင် မိဘုရားရုပ် သည် အရောင်တူကွက်တွင် ရှိရမည်။ ပုံစံအားဖြင့် မိဘုရား အဖြူသည် အဖြူကွက်ပေါ်တွင်၄င်း၊ မိဘုရားအနက်သည် အနက်ကွက်ပေါ်တွင်၄င်း ရှိရမည်ဖြစ်၏။

ထိုစစ်ဘုရင်ရုပ် အသီးသီးကို ရွှေ့ပြောင်းသွားလာနိုင်သည့် အကွက်တို့မှာ ရှင်ဘုရင်သည် ဘေးပတ်လည်မည်သည့်ဘက်သို့ မဆို တစ်ကွက်သာသွားနိုင်၏။ ပတ်လည်ရှိ မည်သည့်ဘက် သို့မဆို ရွှေ့နိုင်သည်။ လမ်းရှင်းနေလျှင် သွားလိုသည့်ဘက်၌ ရှိသည့် အကွက်ကုန်သွားနိုင်၏။ သွားလိုရာလမ်းတွင် ရန်သူရှိ လှျင် စား၍ ထိုနေရာကိုယူရသည်။ သို့သော် သွားလိုသည့်လမ်း ၌ မိမိဘက်သားအရုပ်ရှိနေပါမူ ကျော်လွန်မသွားရချေ။ ရဲတိုက် ကမူ ရှေ့နောက်ဝဲယာအကွက်တို့သို့သာ သွားနိုင်၏ အတား အဆီးမရှိလျှင် ထိုလမ်းရှိ အကွက်ကုန်သွားနိုင်သည်။ ဂိုဏ်းချုပ် ကမူ ထောင့်ဖြတ်ရွှေ့၍ ထိုလမ်းရှင်းလျှင် အကွက်ကုန်သွားနိုင် သည်။ မြင်းစီးသူရဲကောင်းမှာမူ၊ ရှေ့နောက်ဝဲယာကြိုက်ရာသို့ တစ်ကွက်သွားပြီးနောက် မည်သည့်ဘက်သို့ဖြစ်စေ ထောင့်ဖြတ် တစ်ကွက်ထပ်၍ သွားနိုင်သည်။ မြန်မာမြင်းသွားအတိုင်းဖြစ် သည်။ မြင်းစီးသူရဲကောင်းသွားရာတွင် သွားတိုင်း သွားတိုင်း၌ အရောင်မတူသော အကွက်ပေါ်သို့ကျရသည်ကို သတိပြုရ၏။ မြင်းစီးသူရဲကောင်း သည် လမ်းတွင်ရှိသော အဆီးအတားများ ကို ကျော်လွှားသွားနိုင်သည့် ထူးခြားသော အခွင့်အရေးရှိသည်။ နယ်သည် ဦးစွာသွားသည့်အကြိမ်တွင် ရှေ့သို့နှစ်ကွက်ထိ သွား နိုင်၏။ ထို့နောက် ရှေ့သို့ ရှေ့သို့တစ်ကွက်သာ သွားနိုင်သည်။ နောက်ပြန်မဆုန်ရချေ။ အကွက်သွား ရာတွင် ရှေ့တည့်တည့်သို့ သွားရသော်လည်း၊ ရန်သူကို စားရာတွင် ထောင့်ဖြတ်တက်၍ စားရသည်။

ဘုရင်၊ မိဘုရား၊ ဂိုဏ်းချုပ်နှင့် ရဲတိုက်တို့သည် မိမိတို့ သွားနိုင်ရာ အကွက်တွင် ကျရောက်နေသော ရန်သူဟူသမျှကို စားနိုင်ကြ၏။ သို့သော် ဘုရင်သည် နောက်မှ အရံပြုကာ ထိန်းသိမ်းစောင့်ရှောက်ထားသော ရန်သူကိုမူမစားနိုင်ချေ။ မြင်း စီးသူရဲကောင်းသည် သူခုန်သွားနိုင်သော အကွက်တွင်ရှိနေသည့် ရန်သူကို စားနိုင်၏။ စစ်ဘုရင်ရုပ်တိုင်းသည် ရန်သူကို စားပြီး ခဲ့သော်၊ အစားခံရသော အရုပ်နေရာကို ယူရသည်။

နယ်သည် သူ့အကွက်အတိုင်း တက်သွားရာမှ တစ်ဖက် ရန်သူ၏ နောက်ဆုံးတန်းသို့ရောက်သွားခဲ့လှျင်၊ ကစားသူက မိမိကြိုက်ရာ အရုပ်တစ်ခုနှင့် နယ်ကိုလဲပေးရန် တောင်းပိုင်ခွင့် ရှိ၏။ ဤသို့ဖြင့် တစ်ချိန်တည်းတွင် မိဘုရားစသည့် အခြား အရုပ်များကို ၂ ရုပ်၊ ၃ ရုပ်ထား၍ ကစားသွားနိုင်လေသည်။ နောက်ဆုံးတန်းတွင် ရှိနေသော ဘုရင်နှင့် ရဲတိုက်အကြား အကွက်များလစ်လပ်နေခဲ့လျှင်၊ ဘုရင်နှင့်ရဲတိုက်သည် ဗယ်ညာ ပြောင်း ရွေ့စားနိုင်ကြ၏။ ထိုသို့နေရာပြောင်းပုံမှာ ဘုရင်သည် ရဲတိုက်ရှိရာဖက်သို့ နှစ်ကွက်ရွှေ့လိုက်၍၊ ထိုရဲတိုက်က ဘုရင် ကိုကျော်ကာ ကပ်နေသည့်အကွက်တွင် နေရာယူရသည်။ ယင်း သို့ ဗယ်ညာပြောင်းရွှေ့ရာတွင် ထိုအရုပ် ၂ ခုသည် မိမိတို့မူလ နေရာမပြောင်းမရွှေ့သေးဘဲ ရှိနေမှသာလျှင် ဖြစ်နိုင်သည်။

အကယ်၍ အရုပ်တစ်ခုခုသည် ရွှေ့ပြီးဖြစ်ခဲ့သော်›င်း၊ ဘုရင် သည် အခွေခံရသည့်အခါတွင်၄င်း၊ ရန်သူအရုပ်တစ်ခုခုကို တစ်လှည့် ရွှေ့ရုံဖြင့် ဘုရင်နှင့်ရဲတိုက်အကြားသို့ရောက်လာနိုင်ခဲ့ သော်၄င်း၊ ယင်းအခါမျိုးများတွင် နေရာပြောင်းလဲ၍ မဖြစ်နိုင် တော့ချေ။

ဤသို့ အခွင့်အရေးအသီးသီးရှိသော အနောက်နိုင်ငံ စစ် ဘုရင်ကစားနည်းနှင့် မြန်မာစစ်ဘုရင် ကစားနည်းမှာ မတူချေ။ မြန်မာစစ်ဘုရင်ကစားနည်းသည် တစ်ဘာသာသက်သက်ဖြစ်၏။ မြန်မာစစ်ဘုရင်ခုံမှာ အင်္ဂလိပ်စစ်ဘုရင်ခုံကဲ့သို့ပင် အကွက် ၆၄ ကွက်ရှိသော်လည်း၊ အဖြူအမည်းကွက်များ ဖေါ်ရန်မလိုပေ။ ပိုမို ထူးခြားချက်မှာ စစ်ဘုရင်ခုံ၏ ထောင့်များမှ အလယ်အူ ကြောင်းမျဉ်းတွင် ဖြတ်သွားသော ထောင့်ဖြတ်မျဉ်းနှစ်ကြောင်း ပါခြင်းပင်ဖြစ်သည်။ စစ်ဘုရင်ရုပ်များမှာ တစ်ဖက်တွင်မင်းကြီး ၁၊ ရထား ၂၊ မြင်း ၂၊ ဆင် ၂၊ စစ်ကဲ ၁ နှင့် နယ် ၈၊ အစုစုအရုပ်ပေါင်း ၁၆ ရုပ်စီ ရှိသည်။ ထိုအရုပ်များကို တစ်ဖက်နှင့်တစ်ဖက် ကွဲပြား စေရန် အရောင်ခွဲခြားထားရ၏။ ယင်းသို့ အရောင်ခွဲရာတွင် အနောက်နိုင်ငံ စစ်ဘုရင်ကဲ့သို့ အဖြူနှင့် အနက်ကို အသုံးမပြုဘဲ၊ မြန်မာစစ်ဘုရင်သည် အများအားဖြင့် အနက်နှင့် အနီရောင်ကို အသုံးပြုလေ့ရှိသည်။

မြန်မာစစ်ဘုရင်တွင် စစ်ဘုရင်ရုပ်များစီ၍ ချခြင်းကို တပ်ဆင်သည်ဟုခေါ်သည်။ တပ်ဆင်ရာ၌ အင်္ဂလိပ်စစ်ဘုရင် ကဲ့သို့ စစ်ဘုရင်ရုပ်များ၏ နေရာအတိအကျ သတ်မှတ်ထား ခြင်းမရှိပေ။ ကစားသူ၏ဖက်မှ ရှေ့သို့အတန်း ၄ တန်းအတွင်း ရှိ အကွက်များသည် မိမိနယ်မြေဖြစ်၏။ ထိုနယ်မြေအတွင်း၌ မိမိတပ်ကို မိမိ ကြိုက်သလိုဆင်နိုင်သည်၊ ယင်းသို့တပ်ဆင်ရာ တွင် တပ်ဆင်နည်းလွဲလျှင် မကစားခင်ကပင် ရှုံးရန်သေချာနေ တတ်သည်။ ထိုအတွက် အရှေးအခါက တစ်ဘက်နှင်တစ်ဘက် စစ်ဆင်စကပင် စစ်ကွက်အသာမယူနိုင်ကြစေရန် နယ်မြေခြား မျဉ်းပေါ်မှ ကန့်လန့်ကာကို ကာလျက်တပ်ဆင်စေသည်။ တပ်ဆင်ပြီး၍၊ စတင်ကစားသည့်အချိန်မှာမှ ထိုကန့်လန့်ကာကို ဖွင့်ကစားစေသည်ဟု ဆိုကြ၏။ တပ်ဆင်ရာတွင် မိမိကြိုက်သ လို ဆင်နိုင်သည်ဆိုသော်လည်း နယ်ရုပ် ၈ ရုပ်ကိုမူ သူတို့၏ နေရာတွင် အမြဲစီရသည်။ နယ်ရုပ် ၈ ရုပ်၏ သတ်မှတ်ထား သောနေရာများမှာ ကစားသူဖက်မှစ၍ရေလျှင် စတုတ္တအတန်း တွင် လကျ်ာဖက်အစွန်ကွက်မှစ၍ နယ်ရုပ် ၄ ရုပ်ကိုစီရသည်။ ကျန်လေးရုပ်ကိုမူ တတိယအတန်းတွင် လက်ဝဲဘက်အစွန်ဆုံး ကွက်မှစလျက် စီရသည်။ ကျန်အရုပ်များကိုမူ ဖော်ပြခဲ့သည့် အတိုင်း မိမိကြိုက် နှစ်သက်သလို အကွက်ဆင်နိုင်၏။

ထိုသို့တပ်ဆင်ထားသော စစ်ဘုရင်ရုပ်များ၏ သွားလာနိုင် သော အကွက်များမှာ မင်းကြီးသည် မိမိ အနီးတစ်ဝိုက်ရှိ အကွက် ၈ ကွက်လုံးသို့ သွားနိုင်၏။ စစ်ကဲမှာမူ သွားရာ၌ ၄င်း၊ စားရာ၌၄င်း၊ ထောင့်ကွက် ၄ ကွက်ကို သွားရသည်။ ဆင်သည် စစ်ကဲရွှေ့နိုင်သည့် ထောင့်ကွက် ၄ ကွက်အပြင် ရှေ့တည့်တည့်မှ တစ်ကွက်ကိုပါသွားနိုင်၏။ သို့ဖြစ်၍ စစ်ကဲ သည် ဆင်ထက်တစ်ကွက်သာလျော့သဖြင့်၊ ဆင်နီးပါး အဖိုး တန်သည်ဟုပြောကြသည်။ ဆင်ဦးကို စစ်ချီရာဘက်သို့ အမြဲ လှည့်ထားရ၏။ ဆင်ဦး အလှည့်မှားပါက အကွက်ယောင်ကာ စစ်မရှုံးသင့်ဘဲ ရှုံးတတ်သည်။ ဆင်သည် နောက်၊ ဘေးသို့ မသွားနိုင်ချေ။ မြင်းသည် တည့်တည့်တစ်ကွက်ရွှေ့ပြီး၊ ဆက်၍ ထောင့်တစ်ကွက်စီသွားနိုင်သည်။ ထိုအတွက် မြင်းကွက်မှာ ၈ ကွက်ရှိသည်။ ရထားသည် အနောက်နိုင်ငံစစ်ဘုရင်ကစားနည်းမှ ရဲတိုက်ကဲ့သို့ပင် သွားရာလမ်းကြောင်း၌ အဆီးအတားမရှိ လျှင် ဘေးတိုက်သော်၄င်း၊ အထက်အောက်သော်၄င်း၊ တစ်ကွက် သို့မ ဟုတ် အဆုံးအထိသွားနိုင်၏။ လမ်းတွင်ရှိနေသော အရုပ်သည် မိမိဘက်သား အရုပ်မဟုတ်ပါက၊ စားလိုမှစားရသည်။ နယ်မှာ အနောက်နိုင်ငံ စစ်ဘုရင်နယ်ရုပ်၏ ရှေးဦးစွာ သွားနိုင်သော အကွက်မှတစ်ပါး ကျန်အကွက်များတွင် တူညီလေသည်။

နယ်ရုပ်သည် သွားရာ၌ ရှေ့တည့်တည့်သို့သာ သွားရ၍ စားလို လျှင် ထောင့်လိုက်တက်၍စားရသည်။ စားကွက်တွင် ရှိနေသော မည်သည့်အရုပ်ကိုမဆို စားနိုင်၏။ သွားကွက်ရှိ အရုပ်များကိုမူ မစားနိုင်ချေ။

ယင်းကဲ့သို့ စစ်ဘုရင်ရုပ်အသီးသီး၏ ရွှေ့ပြောင်းသွားခြင်း တို့ကိုရည်လျက် 'မင်းရှစ်မျက်နှာ၊ ဧကာကွက်စီ၊ အညီမလွဲ၊ စစ်ကဲထောင့်လေး၊ ဆင်ရေး၄င်း၊ ရှေ့တစ်လျောင်းလျက်၊ မြင်း ကြောင်းရှစ်ကွက်၊ ထောင့်တက်မြင်းသွား၊ ရထားတူရူ၊ နယ်မူ ရှေ့တစ်၊ တစ်ဆစ်ထို့ပြင်၊ ဆင်မဏ္ဍရေး၊ လေးဆဲ့လေးက၊ ခေါ် ရှေးမယွင်း၊ မြင်းမဏ္ဍရေး၊ ခြောက်ဆဲ့လေးသာ၊ ရထားမှာမူ၊ ဆဲ့ခြောက်ဟူသား၊ မှတ်ယူအာဂုံ၊ လက်စွမ်းယုံတို့'ဟူ၍ မန် လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်အပိုဒ် ၁၃၄ တွင် ထည့်သွင်းစပ်ဆိုထားခဲ့လေသည်။

ယင်းသို့ ကစားနည်းအသီးသီးရှိကြသော အနောက်နိုင်ငံ စစ်ဘုရင်တွင်၄င်း၊ မြန်မာစစ်ဘုရင်တွင်၄င်း ကစားရာ၌ တစ်ဖက်သားကို အကျပ်ကိုင်ရန်မှာ ကစားပွဲ၏ ရည်ရွယ်ချက် ဖြစ်သည်။ အထူးသဖြင့် ဘုရင်ရုပ်ကို မရွှေ့နိုင်အောင်ချိန်လိုက် ခြင်းကို ခွေသည်ဟုခေါ်သည်။ ဘုရင်ရုပ်သည် အခွေခံရ၍ အကွက်မှ မလွတ်မြောက် ခဲ့သော် အရှုံးပေးရသည် ဘုရင်ရုပ် ကိုမူ စားနိုင်ခွင့်မရှိပေ။ ညပ်၍ ပိတ်မိနေလျက်၊ မရွှေ့နိုင်အောင် သာ ပြုလုပ်ရသည်။ ယင်းသို့ ပိတ်မိနေနိုင်အောင် အရုပ်များ မကျန် တော့သည့်အခါ၊ သရေပွဲဖြစ်သွားလေ၏။ စစ်ဘုရင်တွင် တစ်ဘက်ရန်သူရုပ်များသည် စားကွက်တွင် ရောက်ရှိနေစေကာမူ မစားလိုက နေနိုင်ခွင့်ရှိသည်။ မစားလျှင် ဒဏ်တပ်ရသည်ဟူ၍ မရှိချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)