ငွေကိုင်၊ ဦး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးငွေကိုင်

ဦးငွေကိုင်(၁၉၁၀-၁၉၆၇)[ပြင်​ဆင်​ရန်​]

ဦးငွေကိုင်သည် မြန်မာနိုင်ငံရှိ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီပညာကျော် ဖြစ်ပေသည်။

ဆရာကြီး ဦးငွေကိုင်ကို ၁၉၀၁ ခုနှစ်တွင် မြိတ်မြို့နယ် စန္ဒဝတ်ရွာ၌ ဦးအိုင်ဂုဏ်၊ ဒေါ်စုမတို့က ဖွားမြင်ခဲ့သည်။ ဖခင်က မြိတ်မြို့ စန္ဒဝတ်ရွာ ဇာတိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး မိခင်မှာ ထားဝယ်မြို့ ဒေါင်းငူရပ် ဇာတိ ဖြစ်သည်။ မွေးချင်း လေးဦးရှိရာ မောင်ငွေကိုင်၊ မထွန်းအေး၊ မောင့်ကယ်နှင့် မကြီးတို့ ဖြစ်ကြ၏။ မောင်ငွေကိုင်သည် ငယ်စဉ်ကပင် ပန်းချီ ဝါသနာပါသူ ဖြစ်ရာ အင်္ဂလိပ် သတင်းစာများထဲမှ ရုပ်ပုံများကို ကူးယူ ရေးဆွဲလေ့ ရှိသည် ဆို၏။ ငယ်ရွယ်စဉ်တွင် ဖခင် ကွယ်လွန်သွား သဖြင့် မိခင်နှင့် အတူ ထားဝယ်သို့ ပြောင်းရွှေ့ နေထိုင်ရင်း မိခင်၏ အစ်ကိုဖြစ်သူ တောင်ငူ ကျောင်းဆရာတော် ထံ၌ ပညာ ဆည်းပူး လေ့လာခဲ့သည်။ တဖက်မှလည်း အရွယ်နှင့် မလိုက်အောင် ဘဝကို ရုန်းကန် ခဲ့ရသည်။

ဘုန်းကြီးပျံပွဲ[ပြင်​ဆင်​ရန်​]

ထားဝယ်မြို့ မြောင်းပုလဲရပ် ရွှေဂူကျောင်း ဆရာတော် ဦးဝိစိတ္တ ပျံလွန်တော်မူသော အခါ မဏ္ဍာပ်၊ လောင်တိုက်နှင့် နတ်လမ်း စသည်တို့ကို ရေးဆွဲ လုပ်ဆောင်ရန် ရန်ကုန်မြို့မှ ပန်းချီ ဆရာကြီး ဦးဘိုးအောင် ရောက်ရှိ လာပါသည်။ ထိုအခါ ကိုငွေကိုင်က ဆရာကြီး ဦးဘိုးအောင်ထံ သွားရောက် တပည့်ခံသည်။ ဦးဘိုးအောင်သည် ရန်ကုန်မြို့မှ နာမည်ကျော် ပန်းချီဆရာ ဦးဘအုန်း ရေးဆွဲသော ရေးဆေး ပန်းချီကား လေးချပ်ကို ကိုငွေကိုင် အားထုတ်ပြသည်။ ကိုငွေကိုင်သည် ယင်းပန်းချီကားများကို ကြည့်ရင်း ပန်းချီပညာ ကောင်းစွာ သင်ယူလိုစိတ် ပေါ်ပေါက် လာခဲ့သည်။


ဘုန်းကြီးပျံတွင် ဆရာကြီး ဦးဘိုးအောင် ရေးဆွဲသော ပန်းချီကားများကို အနီးကပ် လေ့လာခွင့် ရရှိသည်။ သို့သော် ပန်းချီဆေးများမှာ အလွန် ရှားပါးလှသဖြင့် ဆရာကြီးက ကိုငွေကိုင်အား ကူညီ ရေးဆွဲခွင့် မပြုခဲ့ပေ။ ပန်းချီ ရေးဆွဲပြီး ဆေးကျန်များကိုမူ ကိုငွေကိုင်ကို ပေးအပ်ခဲ့၏။ ဆရာကြီး ဦးဘိုးအောင် ပြန်သွားသော အခါ ကိုငွေကိုင် ပန်းချီဆေးများ မကုန်မချင်း နေ့ညမရှောင် ပန်းချီ ရေးဆွဲ နေလေတော့သည်။


စာပေးစာယူ သင်တန်း[ပြင်​ဆင်​ရန်​]

ထိုအတောအတွင်း ကိုငွေကိုင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ပန်းချီ သင်တန်းကျောင်းနှင့် ဆက်မိသည်။ မိတ်ဆွေဖြစ်သူ ထားဝယ်မြို့ အေဘီအမ် ကျောင်းအုပ် ဦးမောင်သင်က အစစ အရာရာ ကူညီ ပေးသဖြင့် စာပေး စာယူ ပန်းချီသင်တန်း တက်ဖြစ်သွားခြင်း ဖြစ်သည်။ သုံးနှစ်ကြာ သင်တန်း တက်ပြီးသော အခါ ကိုငွေကိုင် မိမိ အရည်အချင်းကို စမ်းသပ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။


ရန်ကုန်မြို့သို့[ပြင်​ဆင်​ရန်​]

၁၉၂၈ ခုနှစ်တွင် ဦးငွေကိုင် ရန်ကုန်သို့ ရောက်လာသည်။ ရန်ကုန် ရောက်စက ထားဝယ် သမဂ္ဂ အဆောက်အအုံ၌ ခေတ္တ တည်းခို နေထိုင်သည်။ ဦးငွေကိုင်သည် မဂ္ဂဇင်း သရုပ်ဖော် ပန်းချီ လောကသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း နာမည်ရ ပန်းချီ ဆရာများ ရှိနေပြီမို့ မအောင်မြင်ခဲ့ပေ။ သို့ဖြင့် ဆရာရင်း ဦးဘိုးအောင်ထံ သွားကြည့်သည်။ ဦးဘိုးအောင်က ဆရာ ဘဉာဏ်ထံ လမ်းညွှန် လိုက်သဖြင့် ဆရာ ဦးဘဉာဏ်ဆီသို့ သွားရောက်ကာ ပန်းချီ ရေးဆွဲနည်းကို လေ့လာခဲ့သည်။


ဆရာကြီး ဦးဘဉာဏ်[ပြင်​ဆင်​ရန်​]

ဦးငွေကိုင်သည် ရန်ကုန်ရှိ ထားဝယ် သမဂ္ဂ၌ တည်းခို နေထိုင်စဉ်ကပင် ပန်းချီဆရာကြီး ဦးဘဉာဏ်ထံ ပညာ ဆည်းပူးခဲ့ခြင်း ဖြစ်၏။ ဆရာကြီး ဦးဘဉာဏ်ကလည်း တပည့်ရင်း အဖြစ် မှတ်ယူကာ ပိုစတာ ရေးဆွဲနည်း ပညာကို စနစ်တကျ သင်ကြားပေး၏။ လက်ရာ သေသပ် စိတ်ချရပြီ ဆိုမှ အေဝမ်း ဦးတင်နွယ်နှင့် ဆက်သွယ် ပေးခဲ့သည်။ ဆရာကြီး ဦးဘဉာဏ်၏ ကြည့်ရှု စောင်မမှုကြောင့် ဦးငွေကိုင် ရုပ်ရှင် ဆက်တင်ကားများ ရေးဆွဲခွင့် ရရှိခဲ့သည်။


အိမ်ထောင်သည် ဘဝ[ပြင်​ဆင်​ရန်​]

ဦးငွေကိုင် ပန်းချီလောကတွင် တစတစ နာမည် ရလာသော အခါ ရန်ကုန်မြို့ ၁ဝ လမ်း၌ အိမ်ငှား၍ အတည်တကျ နေထိုင်ရင်း ပန်းချီ ပညာဖြင့် အသက်မွေး၏။ ထို့နောက် ထားဝယ်သို့ ခေတ္တ ပြန်လာစဉ် ဦးဘကောင်း၊ ဒေါ်ခြူးမယ်တို့ သမီး မငြိမ်းခင်နှင့် အိမ်ထောင် ကျခဲ့သည်။သမီး မစိန်တင်၊ မစိန်ရှင်၊ သား မောင်အုန်း တို့ကို ဖွားမြင်ခဲ့သည်။ ဦးငွေကိုင် အဖို့ ထားဝယ်မြို့တွင် ပန်းချီ ပညာဖြင့် အသက်မွေးရန် အဆင်မပြေ သဖြင့် မိသားစုကို ထားရစ်ခါ ရန်ကုန်သို့ ပြန်ရောက် လာပြန်ပါသည်။


ဂျပန်ခေတ် စစ်မှုထမ်း ဘဝ[ပြင်​ဆင်​ရန်​]

ဂျပန်ခေတ်တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဦးငွေကိုင်အား အရပ်သား ဗိုလ်မှူး အဖြစ် စစ်ပန်းချီ ဌာနတွင် ဌာနမှူး ရာထူး ခန့်အပ်ခဲ့ပါသည်။ သူနှင့်အတူ ဦးအမ်တင်အေး၊ ဦးခင်မောင်၊ ဦးကျော်စိုးတို့လည်း ပါဝင်ကြရာ အခြားသူများက စစ်ယူနီဖောင်း ဝတ်ဆင်ကြသော်လည်း ဆရာကြီး ဦးငွေကိုင်ကမူ အရပ်ဝတ်ဖြင့်သာ နေထိုင်ခဲ့သည်။ စစ်ပန်းချီ ဌာနမှူး ဖြစ်စဉ် ရွှေတောင်တိုက်ပွဲ ပန်းချီကားကြီး ရေးဆွဲရန် ရွှေတောင်သို့ ကွင်းဆင်း ခဲ့ရသေး၏။

နိုင်ငံရပ်ခြားသို့[ပြင်​ဆင်​ရန်​]

လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၁ ခုနှစ်တွင် ပန်းချီ ဆရာကြီး ဦးငွေကိုင်အား နိုင်ငံတော် အစိုးရက ပန်းချီပညာ လေ့လာဆည်းပူးရန် နိုင်ငံခြား တိုင်းပြည်များသို့ ရှစ်လကြာ စေလွှတ်ခဲ့ပါသည်။ ဆရာကြီး ဦးငွေကိုင်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက်သို့ ရောက်ရှိစဉ် ရှေးမြန်မာ ပုရပိုက် ပန်းချီများ၊ အသုံးအဆောင်များ ပုံတို့ကို ကူးယူ ရေးဆွဲခဲ့သည်။

သမိုင်းဝင် ပန်းချီကားများ[ပြင်​ဆင်​ရန်​]

ဆရာကြီး ဦးငွေကိုင်သည် သမိုင်းဝင် ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ရာ နု-အက်တလီ စာချုပ် လက်မှတ် ရေးထိုးပုံ ပန်းချီကားကြီးမှာ ထင်ရှားသော လက်ရာ တခု ဖြစ်၏။ နိုင်ငံတော် အစိုးရက ယင်းသို့ သမိုင်းဝင် ပန်းချီကားကြီးများ ရေးဆွဲရန် ဆရာကြီး ဦးငွေကိုင်ကို ပန်းချီဝန်ရာထူး ခန့်အပ်ခဲ့ပြီး တလ ကျပ် ၁,၀၀ဝ ချီးမြှင့် ပေးခဲ့သည်။ သို့သော် ဆရာကြီးက နေ့စဉ်ပုံမှန် ရုံးတက် ရုံးဆင်း အလုပ်မျိုးကို မလုပ်လို သဖြင့် မကြာမီ နုတ်ထွက်ခဲ့သည်။ ဆရာကြီး ဦးငွေကိုင်သည် နိုင်ငံတော် အကျိုးပြု ပန်းချီကားပေါင်း များစွာကို ရေးဆွဲခဲ့ရာ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက အလင်္ကာကျော်စွာဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။


ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဆရာကြီး ဦးငွေကိုင်သည် တပည့်များနှင့်အတူ အောက်ဒိုး ထွက်၍ ပန်းချီ ရေးဆွဲလေ့ ရှိသူ ဖြစ်ပါသည်။ ဆရာကြီးသည် နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိသော်လည်းအသက် ၆၆ နှစ် အရွယ်တွင် မိတ်ဆွေဖြစ်သူ ဦးဗဆွေ၏ တိုက်တွန်းမှုကြောင့် ဖဆပလ အတွက် စည်းရုံးရေးမှူး အလုပ်လုပ် ဆောင်ခဲ့ရသည်။ ဤသို့ဖြင့် ဆရာကြီး ဦးငွေကိုင် ထားဝယ်သို့ မကြာခဏ ပြန်လည် ရောက်ရှိခဲ့သည်။ ထားဝယ်မြို့သို့ ရောက်ရှိစဉ် အတွင်း စပါးတောင်ဘက်သို့ အောက်ဒိုး ထွက်ကာ ပန်းချီကားများ ရေးဆွဲခဲ့သေး၏။ ယင်းသို့ ရေးဆွဲပြီး ပြန်အလာ နောက်တနေ့ ဖြစ်သော ၃ မတ် ၁၉၆၇ နံနက် ရ နာရီတွင် ဆရာကြီး ဦးငွေကိုင် ထားဝယ်မြို့၌ ကွယ်လွန် သွားပါသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (တင်နိုင်တိုး)Weekly Eleven News ဂျယ်နယ်၊ Vol 4, No 41,

၁။ ဦးငွေကိုင်၏ ဘဝနှင့် သူ့ပန်းချီ (မောင်သန်းဆွေ-ထားဝယ်)၊ မဟောသဓာ မဂ္ဂဇင်း အမှတ် (၂-၅)၊ ၂၀၀၆ ဇန်နဝါရီမှ ဧပြီထိ။

၂။ အလင်္ကာကျော်စွာ ဦးငွေကိုင်၊ ယဉ်ကျေးမှု စာစောင်၊ ၁၉၅၅ နိုဝင်ဘာ။

၃။ ပန်းချီ ဆရာကြီး ဦးငွေကိုင်၊ (ဆဋ္ဌမတန်း မြန်မာဖတ်စာသစ်)။