ငဟစ်ငှက်
| ငဟစ် Purple Heron | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Ardea purpurea'' | ||||||||||||||
[ပြင်ဆင်ရန်] ငဟစ် Purple Heron
ပါဏဗေဒ အလိုအရ ငဟစ် သည် 'အာဒီဒေး' မျိုးရင်းတွင် ပါဝင်သောငှက်ဖြစ်သည်။ ငဟစ်အမျိုးမျိုးရှိသည့် အနက် ထင်ရှားသော ၂ မျိုးမှာ 'အာဒီဆီနာရီရက်တီရော့စထြစ်'နှင့် 'အာဒီပါပြူရီမယ်နီလန်ဆစ်'တို့ ဖြစ်ကြ၏။
ငဟစ် ၏ ကိုယ်ခန္ဓာသည် သေးသွယ်ရှည်လျားလေသည်။ ဖြောင့်စင်းသောနှုတ်သီးနှင့် ရှည်လျားသော ခြေတံရှိသောကြောင့် ဥဗျိုင်းနှင့်တူသည်။ အလျား ၃၈ လက်မခန့်ရှိသည်။ လည်တိုင် တွင် အမည်းပြောက်အစင်းကြောင်းများ ပါရှိသည်။ ဦးခေါင်း နှင့် လည်တိုင်မှာ သံချေးရောင်ကဲ့သို့ နီယောင်ယောင် ရှိသည်။ ကိုယ်အောက်ပိုင်းမှာ မည်းနက်၍ သစ်ကြားခွံရောင် ရှိသည်။ ငဟစ်အမနှင့် အထီးတို့၏ အရောင်အဆင်းမှာ အတူတူပင် ဖြစ်သည်။
ငဟစ်သည် ကျူတော၊ ကိုင်းတောများ ပေါက်ရောက်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကမ်းပါးများတွင် ကျက်စားလေ့ ရှိသည်။ ပျံကာစနှင့် ပျံသန်းနေစဉ်တွင် ကျယ်လောင်စူးရှစွာ အော်မြည်တတ်သည်။ ပျံမည်ပြုသောအခါ လည်တိုင်ကို ရှေ့သို့ ဆန့်၍ အတောင်ကို တစ်အားခတ်ကာ တွဲလွဲကျ နေသော ကြောင့် ခြေတံရှည်တို့ဖြင့် ကိုယ်ကိုထိန်း၍ ပျံတက် သွားတတ် သည်။ ထိုကြောင့် ပျံကာစတွင် ငဟစ်ကို တွေ့ရသည်မှာ ပြေပြစ်ခြင်း မရှိလှပေ။ အရှိန်ရသည်နှင့် တစ်ပြိုင်နက် ခြေတံများကို အမြီးအောက်သို့ ရုပ်သိမ်းလိုက်သည်။ ဦးခေါင်း ကိုလည်း ပခုံးနှစ်ဘက်ကြားသို့ ရောက်အောင်လည်တိုင်ကို ကွေးထားတတ်သည်။ ငါးများ၊ ဖားများကို အများအားဖြင့် စားသောက်လေ့ရှိသည်။ ထို့အပြင် ရေတွင်နေတတ်သော အင်းဆက်ပိုးကောင်များ၊ ခရုမျိုး၊ ဗုဇွန်ကနန်းမျိုးများကိုလည်း စားသောက်လေ့ရှိလေသည်။
မိုးရာသီတွင် ငဟစ်ငယ်များ ဥမှ ပေါက်ကြသည်။ သာမန် အားဖြင့် ငဟစ်တို့သည် တစ်ကောင်တည်း နေလေ့ရှိကြသော် လည်း ရွှေဘိုနယ်၌တွေ့ရသော ငဟစ်တို့မှာ အုပ်ဖွဲ့၍ နေတတ် ကြသည်။ အသိုက်ကို ကျူပင်များပေါ်၌၎င်း၊ သစ်ပင်များပေါ် ၌၎င်း၊ တုတ်ချောင်းများဖြင့် ပြုလုပ်သည်။ အသိုက်၏ အချင်း မှာ တစ်ပေခန့်ရှိ၍ စောက် ၈ လက်မခန့်ရှိသည်။ တစ်မြုံ လျှင် ဥ ၃ လုံးမှ ၅ လုံးအထိ ရှိ၏။ ဥအရောင်မှာ အစိမ်းနု ဖြစ်သည်။
ငဟစ်ကို အာဖရိကတိုက်၊ ဥရောပတိုက် တောင်ပိုင်းနှင့် အာရှတိုက်တောင်ပိုင်းတို့တွင် တွေ့ရသည်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့တွင် ငဟစ်ကို တွေ့ရသည်။[၁]
[ပြင်ဆင်ရန်] ပုံများ
-
A. p. manilensis, illustration by Keulemans, 1898
-
In habitat at Sultanpur National Park, District Gurgaon, Haryana, India
-
Fishing at Sulur lake Coimbatore, Tamil Nadu, India
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)