ချူးအင်းဂမ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချူးအင်းဂမ်းကို မြန်ာနိုင်ငံ၌ ပီကေ ဟု ခေါ်ကြသည်။

ချူအင်းဂမ်း[ပြင်​ဆင်​ရန်​]

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု တွင် ချော့ကလက်၊ သကြားလုံး တို့ကဲ့သို့ လူသုံးများသော စားစရာတစ်မျိုးမှာ 'ချူးအမ်းဂမ်း'ဟုခေါ်သော ကပ်စေးနဲ သကြားခဲ ဖြစ်သည်။ ကပ်စေးနဲသကြားခဲဟု ဆိုသည့်အတိုင်း ယင်းကို ပါးစပ်အတွင်း၌ ဝါးစားကြည့်လျှင် ချိုရဲရဲနှင့် စေးကပ် နေသည်။ ထိုစားစရာမျိုးကို မြန်မာလူမျိုးတို့ ဝယ်ယူစားသုံးလေ့ ရှိကြသည်မှာ မကြာလှသေးချေ။ ကပ်စေးနဲ သကြားခဲမှာ အမေရိကန်လူမျိုးတို့က ပထမဆုံး စတင်တီထွင်လိုက်သော စားစရာဖြစ်၍၊ အမေရိကန်ပြည် ထောင်စုတွင်မူ တစ်နှစ်အတွင်း ကျောင်းသုံးစာအုပ်များပေါ်၌ ကုန်ကျသောငွေထက် ကပ်စေးနဲ သကြားခဲဖိုးပေါ်၌ ကုန်ကျသောငွေက ပိုမို များပြားသည်ဟု သိရသည်။ ယခုအခါ အခြားနိုင်ငံများတွင်လည်း တစ်နေ့ တစ်ခြား ကပ်စေးနဲသကြားခဲကို အသုံးများလာကြလေပြီ။

ကပ်စေးနဲသကြားခဲကို ဝါးပေးနေခြင်းဖြင့် ပါးစပ်မှာ အမြဲ တမ်း လှုပ်ရှားနေရကား ကြံ့ခိုင်၍ သန်မာသော မေးရိုးများ ရရှိ စေနိုင်သည်ဟု ယူဆကြသည်။ ကပ်စေးနဲသကြားခဲကို သကြား လုံးများ လုပ်သကဲ့သို့ သကြားဖြင့် မွမ်းမံ၍ အနံ့အရသာနှင့် ပြည့်စုံအောင် လုပ်ထားသည်။ သကြားခဲအတွင်း၌ ဝါး၍ မကုန် သော ပျော့ဖတ်ဖတ် အစေးခဲကလေးရှိသည်။ ထိုအစေးခဲ ကလေးမှာ 'ချီကလာ'သို့မဟုတ် 'ချစ်ကယ်'ခေါ် အစေး တစ်မျိုးဖြစ်၍ မက္ကဆီကို၊ ဂွာတီမားလားနှင့် ဗြိတိသျှဟွန်ဒူးရပ် နိုင်ငံများ၌ ပေါက်သော ဆပိုဒီးလခေါ် အပင်များမှ ထုတ်ယူရ ရှိသည်။ ကော်ဖတ်စေးနှင့် ခပ်ဆင်ဆင်တူသည်။ ၁ဝ နှစ်သား ကျော်သော အပင်များ၏ပင်စည်တွင် ဓားနှင့် ထစ်၍ ပေးလိုက် လျှင် ချစ်ကယ်အစေးများ စီးထွက်လာသည်။

ဆပိုဒီးလအပင်များမှာ အတော်မြင့်မားလေရာ အစေး အကွက် အထစ်ထစ်ပေးရာ၌ ပင်ရင်းမှ အထက်ပေ ၃ဝ ခန့် အမြင့်နေရာတွင် ငါးဆူးတောင်သဖွယ် ဉ္စ သဏ္ဌာန်ထစ်ပေး ရ၍ အစေးများကို စက္ကူခွက်များဖြင့် ခံယူရသည်။ တဖြည်း ဖြည်း စီးထွက်သော အစေးများမှာ ၂ နာရီခန့်အတွင်း၌ ၂ ပိဿာခန့် ဖြစ်လာသည်။ အစေးထုတ်ဖန်များလျှင် အပင်သေ တတ်သောကြောင့် တစ်ခါ အစေးထုတ်ပြီးသော အပင်ကို နောက်ထပ်နှစ် အနည်းငယ်အတွင်း အစေးထုတ်မယူရချေ။ အစေးတစ်ခါထုတ်လျှင် အပင် ၂ဝဝ၊ ၃ဝဝ ခန့်က ထုတ်ယူ သည်။

ချစ်ကယ်အစေးများကို ကပ်စေးနဲသကြားခဲ ပြုလုပ်သော စက်ရုံကြီးများသို့ မပို့မီ ကြီးမားသော စည်ကြီးများထဲသို့ ထည့်၍ ပျစ်ခဲလာအောင် ကျိုရသည်။ ထို့နောက် အစေးများကို အအေးခံပြီး ၂၅ ပေါင်ခန့် အချိန်စီးသော အတုံးကြီးများ ပြုလုပ်၍ တင်ပို့သည်။

ကပ်စေးနဲသကြားခဲစက်ရုံတွင် ထိုအတုံးကြီးများ ညက် ညက်ကြေအောင် ကြိတ်လိုက်ပြီးလျှင် အရည်ပျော်အောင် ကျို၍ စစ်ယူသည်။ စစ်ပြီးသောအရည်များကို စည်ကြီးများထဲသို့ လောင်းချကာ သကြား၊ အဖျော်ရည်နှင့် အမွှေးဆီများကို ရော ထည့်၍ မွှေပေးသည်။ ထို့နောက် ခပ်ပျော့ပျော့ရှိနေခိုက်တွင် စက်ဖြင့် အချောင်းကလေးများ ဖြစ်အောင် လှိမ့်ပေးသည်။ ထိုအချောင်းများကို ဖြတ်တောက်ပြီးလျှင် သေသပ်လှပစွာ ထုပ်၍ ရောင်းချရန် တင်ပို့သည်။

ချစ်ကယ်အစေးမှာ အလွန်ဈေးကြီး ရှားပါးသဖြင့် ယင်း တစ်မျိုးတည်းနှင့်သာ ကပ်စေးနဲသကြားခဲ မလုပ်နိုင်တော့ဘဲ အခြားအစေးတစ်မျိုးကို ရှာဖွေကြသည်။ ယနေ့သော်ကား စင်္ကာပူမြို့မှထွက်သော ဂျီလူတန်ခေါ် အစေးနှင့် ချစ်ကယ်အစေး ၂ မျိုးကို ရောနှော၍ ကပ်စေးနဲသကြားခဲ လုပ်ကြ၏။ ယခုအခါ ကပ်စေးနဲသကြားခဲကို ကမ္ဘာတစ်ဝှန်း သုံးစွဲ လာကြသဖြင့်၊ ကြီးကျယ်သောလုပ်ငန်းတစ်ခု ဖြစ်လာလေပြီ။


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)