ကွမ်ကျိုးမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကွမ်ကျိုးမြို့၏ ရှုခင်းအချို့

ကွမ်ကျိုးမြို့ (廣州市; Guangzhou) သည် တရုတ်ပြည် အရှေ့တောင်ပိုင်းဒေသရှိ ကွမ်တုန်းပြည်နယ် ရုံးစိုက်ရာမြို့ဖြစ်၍ တတိယ အကြီးဆုံးသော မြို့ဖြစ်သည်။ ကျူးကျန်းမြစ်ခေါ် ပုလဲမြစ်၏ အရှေ့ဘက်ကမ်းပေါ်တါင် တည်ရှိ၍ ပင်လယ်မှ မိုင် ၈၀ ခန့်ကွာဝေးသည်။ အင်္ဂလိပ်ဘာသာဖြင့် ယခင်က ကန်တုန်မြို့ (Canton) ဟု ခေါ်ကြသည်။

ရှေးအခါက တရုတ်နိုင်ငံ၏ အချက်အခြာ ဆိပ်ကမ်းမြို့ကြီး ဖြစ်ခဲ့ပြီးလျှင် ယခုခေတ်တွင်လည်း တရုတ်နိုင်ငံ တောင်ပိုင်း၏ ကုန်သွယ်မှု ဗဟိုဌာနကြီး ဖြစ်သဖြင့် အထူးပင်စည်ကားလှသည်။ အနောက်တိုင်းကုန်သည်များနှင့် ပထမဆုံး ဆက်သွယ်ခဲ့ရသော တရုတ်မြို့ကြီး ဖြစ်သည်နှင့်အညီ ပေါ်တူဂီ၊ ဒပ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ် လူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုများသည် ထိုမြို့မှတဆင့် တရုတ်နိုင်ငံ တဝန်းသို့ ပျံ့နှံ့ခဲ့သည်ဖြစ်ရာ တရုတ်နိုင်ငံတွင် ‘အသစ်အဆန်း ဟူသမျှ ကွမ်ကျိုးက’ ဟူ၍ပင် ပြောစမှတ်ရှိသည်။ နိုင်ငံခြားသို့ သွားရောက် နေထိုင်ကြသော တရုတ်များစွာတို့မှာလည်း ကွမ်ကျိုးမြို့သူမြို့သားများ ဖြစ်ရကား နိုင်ငံခြားသားတို့သည် ယင်းတို့နှင့် အဆက်အဆံများသော ကွမ်ကျိုးတရုတ်တို့၏ ဓလေ့ဝါဒနှင့် ဘာသာစကားကိုပင် တရုတ်တို့၏ ယဉ်ကျေးမှု တရုတ်စကားဟု မှတ်ယူကြသည်လည်း ရှိသည်။

ပင်လယ်ရပ်ခြား တိုင်းတပါးတို့၌ စီးပွားစုမိ၍ ပြန်လာသော ကွမ်ကျိုးမြို့သား ဇာတိများနှင့် နိုင်ငံခြား တက္ကသိုလ် ပညာတတ်များသည် ကွမ်ကျိုးမြို့ကြီးအား ခေတ်မှီလာအောင် အထူးစွမ်းဆောင်ခဲ့ကြသည်။

ပင်လယ်မှ ပုလဲမြစ်ကြောင်းအတိုင်း ကွမ်ကျိုးမြို့အရောက် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာ နိုင်စေရန် မြစ်ကြောင်းနက်အောင် ပြုပြင်ထားသဖြင့် ကွမ်ကျိုးမြို့သည် ယခင်ကထက် ပိုမိုကောင်းမွန်သော သင်္ဘောဆိပ်မြို့ကြီး ဖြစ်လာတော့သည်။ ထို့အပြင် မြူနီစပယ် အုပ်ချုပ်ရေး ဖွဲ့စည်းလျက် ရေမြောင်းများ ဖောက်လုပ်ခြင်း၊ ရဲအဖွဲ့ကြီးများကို တိုးတက်အောင် ပြုပြင်ခြင်း၊ ရိပ်သာလမ်းမကျယ်ကြီးများ ဖောက်လုပ်ခြင်း၊ မြို့ခံများ လေညှင်းခံရန် ဥယျာဉ်ကြီးများ ပြုလုပ်ခြင်း စသည့် ခေတ်မှီသော မြို့ပြအစီအမံများကြောင့် ကွမ်ကျိုးမြို့သည် ယခုအခါ သာယာ တိုးတက်နေပြီဖြစ်သည်။

ကွမ်ကျိုးဒေသခံများသည် အခြားဒေသရှိ တရုတ်များထက် ထကြွလုံ့လဝိရိယ ရှိသူများ ဖြစ်သည့်အပြင် လက်မှုပညာတွင်လည်း အထူးသေသပ် ကောင်းမွန်ကြသည်။ ဆင်စွယ်ပန်းပု၊ ကျောက်စိမ်းပန်းပု၊ ကနုကမာထည်၊ ကြေးဝါထည်၊ ငွေထည်၊ ယပ်တောင်၊ ဇာထည်၊ ပန်းထိုးပန်းချုပ်၊ လက်ရေးကြွေထည် စသောလုပ်ငန်းများမှာ ရှေးကတည်းကပင် နာမည်ရခဲ့သော လုပ်ငန်းများ ဖြစ်သည်။ အခြားထွက်ကုန်များမှာ ဆန်စပါး၊ လက်ဖက်ခြောက်၊ ပိုးနှင့် ဖျာများ ဖြစ်သည်။

ကွမ်ကျိုးမြို့သည် ဘုရားကျောင်းကန် အဆောက်အအုံ ပေါများသဖြင့် ကျော်ကြားသည်။ ဘုရားကျောင်း အဆောက်အအုံပေါင်း ၅၀၀ ထက်မနည်း ရှိသည်။ ထင်ရှားသော ကျောင်းတန်ဆောင်းများမှာ ဟိုနန်ကျွန်းပေါ်ရှိ ဗုဒ္ဓဘုရားကျောင်း၊ ဆင်းတုငါးရာ ဘုရားကျောင်းနှင့် သက်ရှည်ဘုရားကျောင်းတို့ ဖြစ်သည်။ အခြား အဓိကရ အဆောက်အအုံတို့မှာ ကွမ်ယင်တောင်ကုန်း၏ တောင်ဘက်စောင်းတွင် စိုက်ထူထားသော ဆွန်ယက်ဆင် အထိမ်းအမှတ်ကျောက်တိုင်၊ ဆွန်ယက်ဆင် တက္ကသိုလ်၊ ပြင်သစ် ကသီဒရယ် ဘုရားရှိခိုးကျောင်းနှင့် ဒင်္ဂါးစက်ရုံကြီးတို့ဖြစ်သည်။

ကွမ်ကျိုးမြို့၏ သမိုင်းမှာ အတန်ပင် ရှေးကျလေသည်။ ဘီစီ ၂ ရာစုမတိုင်မီက ကွမ်ကျိုးမြို့သည် တားတားဘုရင်တို့၏ မြို့တော်ဖြစ်ခဲ့သည်။ ထိုနောက် တရုတ်တို့၏ လက်သို့ ပြန်လည်ရောက်ရှိလာပြီးလျှင် နိုင်ငံခြားနှင့် ကုန်သွယ်ရာဌာန ဖြစ်လာလေသည်။ ၇၀၀ ပြည့်နှစ်ခန့်တွင် အာရပ်လူမျိုးတို့သည် ရောင်းဝယ်ဖောက်ကားရေးအတွက် ကွမ်ကျိုးမြို့သို့ လာရောက် နေထိုင်ခဲ့ဖူးသည်။ ထိုနောက် ၁၅၁၆ ခုနှစ်တွင် ပေါ်တူဂီလူမျိုးများ ရောက်လာ၍ နိုင်ငံခြားကုန်သွယ်မှုကို တစ်ဦးတည်း လုပ်ကိုင်ခဲ့ကြသည်။ ၁၇၀၀ ပြည့်နှစ်လောက်တွင် ဒပ်ချ်၊ ပြင်သစ်နှင့် အင်္ဂလိပ်ကုန်သည်များ စုရုံးရောက်ရှိလာကြပြီး လက်ဖက်ခြောက်၊ ပိုးထည် စသော ကုန်စည်များကို ဝယ်ယူဖောက်ကား ကြသည်။

ထိုသို့ နိုင်ငံခြားသားများနှင့် အဆက်အသွယ် ရှိခဲ့သဖြင့် ကွမ်ကျိုးမြို့ခံများသည် ထိုစဉ်ကပင် တိုးတက်သော အသိဉာဏ်များနှင့် ပြည့်စုံကာ လွတ်လပ်သော တွေးတောမြှော်ခေါ်မှုများတွင် စိတ်ဝင်စားခဲ့ကြသည်။ ထို့အပြင် မိုင် ၄၀၀ ခန့် ရှည်လျားသော တောင်တန်း၊ တောင်ကုန်းများက ကွမ်ကျိုးမြို့ကို ဝန်းရံကာ တရုတ်ပြည်မကြီးနှင့် အဆက်ဖြတ်ထားဘိသကဲ့သို့ ရှိသဖြင့်လည်း ကွမ်ကျိုးယဉ်ကျေးမှု အရပ်ရပ်မှာ သီးခြားကွဲပြားလျက် ရှိသည်။ ဤသို့ဖြင့် ကွမ်ကျိုးစကားမှာ အခြား တရုတ်စကားတို့နှင့် မတူပဲ တစ်မျိုးတစ်ဘာသာ ဖြစ်ကာ လူပေါင်း ၂၅ သန်းခန့်တို့၏ နေ့စဉ်ပြောဆို သုံးစွဲသော ဘာသာတူ အသံကွဲစကား ဖြစ်နေလေသည်။ လွတ်လပ်သော တွေးခေါ်မှုများ ထွန်းကားရာ မြို့ဖြစ်ခဲ့သည်နှင့်အညီ ကွမ်ကျိုးမြို့သည် တရုတ်နိုင်ငံအား အမျိုးသာ သမ္မတနိုင်ငံအဖြစ်သို့ ဖန်တီးပေးသည့် တော်လှန်ရေးကြီး ပေါ်ထွန်းရာ ဘူမိနက်သန် ဖြစ်ခဲ့သည်။ အမျိုးသားရေးကို လှုံ့ဆော်စည်းရုံးပေးသည့် ကွန်မင်တန်အဖွဲ့သည် ကွမ်ကျိုးမြို့တွင် စတင်အမြစ်တွယ်ခဲ့သည်။ လွတ်လပ်သော တရုတ်နိုင်ငံသစ်ကို ဖန်တီးထူထောင်ခဲ့သော ဆွန်ယက်ဆင်သည် ကွမ်ကျိုးမြို့၌ပင် အခြေစိုက်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ဂျပန်တို့သည် ကွမ်ကျိုးမြို့ကို သိမ်းယူလိုက်ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ လေကြောင်းမှ ဗုံးများ ဒလကြမ်း အကြဲခံရသဖြင့် အထူးပျက်စီး နစ်နာခဲ့လေသည်။