ကြက်ငှက်တုပ်ကွေးရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကြက်ငှက်တုပ်ကွေးရောဂါ[ပြင်​ဆင်​ရန်​]

ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော H5N1 ရောဂါပိုးကြောင့် ပင်ဖြစ်သည်။ ထိုရောဂါပိုးသည် အာရှတစ်ခွင်၌ ပေါ်ပေါက်နေခဲ့သည်မှာ ရှစ်နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ ထိုရောဂါပိုးနှင့် ထိတွေ့မိသော လူသားများအဖို့ အသက် ဆုံးရှုံးသည်အထိ အန္တရာယ်ကြီးမားလှသည်။

တုပ်ကွေးရောဂါ[ပြင်​ဆင်​ရန်​]

တုပ်ကွေးရောဂါဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။ တုပ်ကွေးရောဂါပိုးများကို အေ၊ ဘီ (သို့မဟုတ်) စီ ဟု အမျိုးအစားခွဲခြားသတ်မှတ်လေ့ ရှိသည်။ အေ ဗိုင်းရပ်စ်ပိုးသည် ဘဲများ၊ ကြက်များ၊ ဝက်များ၊ ဝေလငါးများနှင့် လူသားများကို ကူးစက်နိုင်ပြီး အန္တရာယ်အရှိဆုံး ဗိုင်းရပ်စ်ပိုးဖြစ်သည်။ ၄င်းတို့ကို မျက်နှာပြင်ပေါ်၌ ပေါ်ထွက်နေသော ပရိုတင်းအမျိုးအစားများအရ ခွဲခြားသတ်မှတ် ထားသည်။

ပရိုတင်း haemagglutinin ပါသော ဗိုင်းရပ်စ်ကို HA ဟူ၍၎င်း၊ ပရိုတင်း neura-minidase ပါသော ဗိုင်းရပ်စ်ကို NA ဟူ၍ ၎င်း အတိုကောက် သင်္ကေတများနှင့် သတ်မှတ်ခွဲခြားလိုက်သည်။ သိပ္ပံပညာရှင်များက HAA အမျိုးအစားမှ အမျိုးအစားခွဲပေါင်း (၁၆)မျိုးနှင့် NA မှ အမျိုးအစားခွဲပေါင်း (၉)မျိုး ဖော်ထုတ် တွေ့ရှိရသည်။ ထို့ကြောင့် အေ ဗိုင်းရပ်စ်ပိုးမှ တွဲစပ်၍ရသော အမျိုးအစားပေါင်းမှာ ၁၆ x ၉ = (၁၄၄)မျိုး ဖြစ်နိုင်ပေသည်။ တုပ်ကွေး ရောဂါသည် ကမ္ဘာပေါ်၌ ဆောင်းရာသီသို့ ရောက်ရှိသည့်အခါတိုင်း ပေါ်ပေါက်လာလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း တုပ်ကွေးရောဂါပိုးသည် တဖြည်းဖြည်းနှင့် သန္ဓေပြောင်းလဲသွားလေ့ရှိသည်။

အချို့သောနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများသည် အခြားနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများထက် ပို၍ ဒုက္ခပေးလေ့ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါပိုး ကူးစက်ခံရသည့် အရေအတွက်မှာလည်း လူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကွဲပြားလေ့ရှိသည်။ တုပ်ကွေးရောဂါကြောင့် အသက်အရွယ်ကြီးရင့်သူများနှင့်နာတာရှည်ရောဂါသည်များ သေဆုံးကြရသည်။ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး၌ တုပ်ကွေးရောဂါကြောင့် လူဦးရေ တစ်သန်းခန့် သေဆုံးနေကြရသည်။ ကျန်းမာရေးနှင့် ပြည့်စုံသူများအဖို့မူ ရာသီအလိုက် ဖြစ်ပေါ်လာသော တုပ်ကွေး ရောဂါကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ဖွယ်မရှိချေ။ ထိုတုပ်ကွေးသည် ယခင် တွေ့ကြုံဖူးခဲ့သော တုပ်ကွေးများနှင့် အနည်းငယ်မျှသာ ကွဲပြားခြားနားသည်ဖြစ်၍ ကျွန်ုပ်တို့က ရောဂါကို အတန်ငယ်ခံနိုင်ရည် ရှိနေပြီဖြစ်သည်။

သို့ရာတွင် မကြာခဏဆိုသလို အလွန်ဆန်းသစ်သော အေ အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုး ပေါ်ထွက်လာတတ်၏။ ဤကဲ့သို့ ဖြစ်ပေါ်မှုကို ပဋိပစ္စည်းပြောင်းလဲသွားမှု (antigenic shift) ဟု ခေါ်ဝေါ်သတ်မှတ်၏။ ထိုကဲ့သို့ ဖြစ်လာပါက အဆိုပါ ဗိုင်းရပ်စ်ပိုး၏ ဒဏ်ကို မည်သူမျှ ခံနိုင်ရည် မရှိကြတော့ချေ။ ထိုကိစ္စကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရတော့မည် ဖြစ်ပါ၏။ ကူးစက်ရောဂါ ဖြစ်ပွားခြင်း (epidemic) ဆိုသည်မှာ လူအများအပြားအား ကူးစက်နိုင်သည့်ရောဂါ ရုတ်တရက် ဖြစ်ပွားလာခြင်းဖြစ်၏။ ကပ်ဆိုက်သည် (pandemic) ဆိုသည်မှာ အဆိုပါ ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းပင်ဖြစ်တော့၏။ ၂ဝ ရာစုနှစ်အတွင်းက တုပ်ကွေးရောဂါ ကပ်ဆိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့၏။ ၁၉၁၈-ခုနှစ်၊ ၁၉၅၇-ခုနှစ်နှင့် ၁၉၆၈- ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ၁၉၁၈-ခုနှစ်က ဖြစ်ပွားသော တုပ်ကွေးသည်အဆိုးရွားဆုံးဖြစ်၏။ တစ်ကမ္ဘာလုံးတွင် လူပေါင်း သန်း ၅ဝကျော် အသက် ဆုံးရှုံးခဲ့ရ၏။ စာရေးဆရာ ဂျွန်ဘာရီ (John Barry) က ထိုရောဂန္တရကပ်အကြောင်း စာအုပ်တစ်အုပ်ပင် ရေးသားပြုစုခဲ့၏။

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု[ပြင်​ဆင်​ရန်​]

ကျန်းမာရေးပညာရှင်များ စိတ်ပူနေကြသော ကြက်ငှက်တုပ်ကွေးရောဂါပိုးကြောင့် ၁၉၉၇-ခုနှစ်က ဟောင်ကောင်တွင် ကြက်အကောင်ပေါင်း ထောင်ပေါင်းများစွာနှင့် လူခြောက်ယောက်သေဆုံးခဲ့ရ၏။ ဤတွင် ဟောင်ကောင် အာဏာပိုင်များက ကျန်ရှိနေသော ကြက်အားလုံးကို သုတ်သင်ပစ်လိုက်၏။ ကြက်အကောင် ရေပေါင်း ၁.၅ သန်းရှိ၏။ ထိုကဲ့သို့ သုတ်သင်လိုက်မှုကြောင့် ရောဂါဖြစ်ပွားမှု ရပ်တန့်သွားတော့၏။ သို့ရာတွင် H5N1ဆိုသည့် ရောဂါပိုးသည် ရှိမြဲပင် ရှိနေသေး၏။ ၂ဝဝ၃-ခုနှစ် ဖေဖော်ဝါရီလတွင် ဟောင်ကောင်၌ အမျိုးသားတစ်ယောက်သည် ကြက်ငှက်တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့ပြန်၏။ ထို့နောက် တစ်နှစ်ခန့်အကြာ ၂ဝဝ၄-ခုနှစ်၊ ဇန်နဝါရီလတွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် ယိုးဒယားနိုင်ငံတို့က ကြက်အကောင်ရေ များပြားစွာ သေဆုံးကုန်ကြကြောင်းသတင်းပို့ခဲ့ကြ၏။ ထိုလ ကုန်ဆုံးသောအခါ လူ ၂၈ ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ စွဲကပ်လာကြပြီး ဖေဖော်ဝါရီလ စောစောပိုင်းတွင် ၎င်းလူနာများထဲမှ လူ ၂၁ ဦး သေဆုံးခဲ့ကြ၏။ ထို့နောက် အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားသွားပြန်၏။ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့ဖြစ်ကြ၏။ မတ်လသို့ ရောက်သောအခါ ကြက်အကောင်ရေပေါင်း သန်း ၁၂ဝ သည် ရောဂါကြောင့်သေဆုံးခြင်း သို့မဟုတ် သုတ်သင် ရှင်းလင်းပစ်ခြင်းတို့ကို ခံခဲ့ကြရ၏။

သို့ရာတွင် ထိုကဲ့သို့ ကြီးမားစွာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါသော်လည်း အောင်မြင်မှု မရခဲ့ပါချေ။ ၂ဝဝ၄-ခုနှစ် ဇူလိုင်လတွင် H5N1 ရောဂါပိုးက နောက်တစ်ကြိမ် ထကြွသောင်းကျန်းလာပြန်၏။ ယခင်က ဖြစ်ပွားခဲ့သော နိုင်ငံများအပြင် မလေးရှားနိုင်ငံ၌ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ဤတစ်ကြိမ် ဖြစ်ပွားမှုသည် အန္တရာယ်လည်း အလွန် ကြီးမားလှ၏။ ယိုးဒယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျေးလက်တောရွာများ၌ လူကိုးဦး ရောဂါဖြစ်ပွားပြီး ထို လူနာများထဲမှ လူရှစ်ယောက် ကွယ်လွန်ခဲ့ရ၏။ အဆိုပါ နောက်ဆုံးသေဆုံးမှုအထိ ရောဂါကူးစက်မှုသည် ကြက်ငှက်မှ လူသို့ ကူးစက်ခြင်းဖြစ်၏။ မနီလာ အခြေစိုက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (W.H.O)၏ ပြောရေးဆိုခွင့်ရှိသူပီတာကိုဒင်လီ (Peter Cordingley) က 'အခုထိတော့ သူတို့ကူးစက်ခံရပုံဟာ ကြက်၊ ဒါမှမဟုတ် ဘဲတွေရဲ့မစင်တွေကတစ်ဆင့် ကူးစက်ခံရ တယ်ဆိုတာကလွဲရင် ဘာမျှ ပြည့်ပြည့်စုံစုံ သိပ်မသိရသေးပါဘူး။ သူတို့က ကြက်တွေ၊ ဘဲတွေရဲ့ မစင်ကို ထိမိ ကိုင်မိကြတယ်။ အဲဒီလက်နဲ့ ပါးစပ်၊ ဒါမှမဟုတ် နှာခေါင်းကို တို့ထိမိပြီး ရှူသွင်းမိကြလိမ့်မယ်လို့ ယူဆရတာပါပဲ' ဟု ဆိုလေသည်။

သို့တိုင်အောင် ၂ဝဝ၄-ခုနှစ် စက်တင်ဘာလသို့ ရောက်သောအခါ ယိုးဒယားနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသော အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ၏မိခင်သည် သမီးမှ တစ်ဆင့် ကူးစက်ပြီး သေဆုံးခဲ့ရပြန်၏။ ယိုးဒယားနိုင်ငံရှိ အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ ဒေါက်တာစကော့ဒိုဝဲလ် (Dr. Scott Dowell)က 'အဲဒီကိစ္စဟာ လူတစ်ယောက်ကတစ်ဆင့် နောက်တစ်ယောက်ဆီကို ကူးစက်တာမျိုး စတင်ဖြစ်ပွားနေပြီလို့ ထင်မြင်မိပြီး ကျုပ် အရမ်း စိတ်ပူသွားခဲ့တယ်'ဟု ဆိုလေသည်။ အကယ်၍ အဆိုပါ ဗိုင်းရပ်စ်ပိုးသည် သန္ဓေပြောင်းလဲသွားပြီး အခြားတုပ်ကွေးများကဲ့သို့ နှာချေရုံ၊ ချောင်းဆိုးရုံမျှနှင့် လွယ်ကူစွာ ကူးစက်နိုင်တော့ မည်ဆိုပါက အဆိုပါ တုပ်ကွေးရောဂါသည် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားတော့မည်သာ ဖြစ်ပါ၏။ သို့ရာတွင် အခြား မည်သူတစ်ဦးတစ်ယောက်မျှ ထပ်မံ၍ နေထိုင်မကောင်း ဖြစ်မလာခဲ့ကြပါ။ 'အဲဒီဗိုင်းရပ်စ်ပိုးမှာ ထိထိရောက်ရောက် ကူးစက်စေနိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး' ဟု ဒေါက်တာ ဒိုဝဲလ်က ဆိုလေသည်။ ထို့ကြောင့် H5N1 ဗိုင်းရပ်စ်ပိုးသည် ကြက်ငှက်များတွင် အလွန်ကူးစက်လွယ်သော်လည်း ကြက်ငှက်များမှ လူများ သို့မဟုတ် လူသားတစ်ဦးမှ အခြားတစ်ဦးသို့ လွယ်ကူစွာ ကူးစက်နိုင်ပုံ မရသေးပါချေ။

စိုးရိမ်ပူပန်မှု[ပြင်​ဆင်​ရန်​]

မေရီလင်းပြည်နယ် ဘီသက်စ်ဒါ (Bethesda) ရှိ အမျိုးသားလုံးဆိုင်ရာ အယ်လာဂျီနှင့် ကူးစက်ရောဂါ အင်စတီကျုမှ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီအက်စ်ဖော်စီ (Dr. Anthony S. Fauci)က မျိုးစပ်ထားသော ကပြားဗိုင်းရပ်စ်ပိုး အသစ်ဖြစ်ပေါ်လာနိုင်သည့် နည်း လမ်းတစ်ခုကို ရှင်းပြခဲ့သည်။ 'ကဲ အနာဂတ်ဖြစ်နိုင်ချေတစ်ခုကို စိတ်ကူးနဲ့ ဟောဒီလို မှန်းဆကြည့်ကြရအောင်။ ဆိုပါစို့။ ကျုပ်က H3N2 တုပ်ကွေးရောဂါပိုး ကူးစက် ခံနေရသူဖြစ်တယ်။ အဲဒီပိုးက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကရှိနေခဲ့တာ။ ဒီတော့ ကျုပ်ဟာ သာမန်တုပ်ကွေးရောဂါဖြစ်နေသူ ဆိုတော့ ဆိုးဆိုးရွားရွားကြီး နေထိုင်မကောင်း ဖြစ်နေတာလဲ မဟုတ်ပြန်ဘူး။ အပယိက နည်း နည်းပါးပါးလောက်ပဲ မအီမသာဖြစ်နေတာပါ။ ဒါပေမဲ့ ကျုပ်က အာရှတိုက်မှာ ရောက်နေပြန်တယ်။ အဲဒီမှာ H5N1 ဗိုင်းရပ်စ် နဲ့ ထပ်ပြီး ကူးစက်ခံရပြန်တယ်။ အဲဒီမှာတင် GENE တွေ အလဲအလှယ်ဖြစ်ပြီး ကပြားမျိုးစပ် ဗိုင်းရပ်စ်တစ်မျိုး ထပ်မံဖြစ်ပေါ်လာနိုင်တယ်။ အဲဒီကပြားမျိုးစပ်ဗိုင်းရပ်စ်မှာ လူလူချင်း ကူးစက်နိုင်တဲ့ အရည်အသွေးတွေ ပေါ်ပေါက်လာနိုင်တယ်' ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းသည် ၄င်းတို့၏ သန္ဓေပြောင်းလဲမှုကို ဖြစ်စေနိုင်လေသည်။ '၁၉၅၅-ခုနှစ်ကစပြီးကြက်ငှက်တွေအတွင်း ရောဂါပြန့်ပွားမှုတွေ ဖြစ်ပွားခဲ့တာ အကြိမ်ပေါင်း နှစ်ဒါဇင်ကျော်ခဲပြီ။ ဒါပေမဲ့ အခုလို နိုင်ငံပေါင်းကိုးနိုင်ငံမှာ ကြက်ငှက်ပေါင်းအကောင်ရေ သန်း ၁၅ဝ ကျော်သေကုန်တာ၊ ဒါမှမဟုတ် သုတ်သင်ခံရတာမျိုး မဖြစ်ခဲ့ဖူးသေးဘူး'ဟု ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးပရိုဂရမ်မှ ဒေါက်တာ ကလော့စတိုဟာ (Dr. Klaus Stöhr) က ဆိုလေသည်။ ၄င်း၏အလိုအရ H5N1 ဗိုင်းရပ်စ်ပိုးသည် နို့တိုက်သတ္တဝါများအား သေဆုံးစေနိုင်လောက်သည့် ဘေးအန္တရာယ် ပိုရှိလာသလို ဘဲများကိုပါ ကူးစက်စ ပြုလာခဲ့လေပြီ။ ၄င်းတို့သည် နေထိုင်မကောင်း ဖြစ်မလာကြဘဲ အခြားသတ္တဝါများထံ ကူးစက်မှန်းမသိ ကူးစက် စေနိုင်စွမ်း ရှိနေကြလေသည်။

၂ဝဝ၅ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင်တရုတ်ပြည်အနောက်ပိုင်း Qinghai ရေကန်၌ရှိနေကြသော (တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိကြသည့်) ငှက်များအတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးကို ကနဦးက ကျွန်းငယ်ကလေးတစ်ကျွန်းပေါ်၌သာ တွေ့ရှိခဲ့ရသော်လည်း ထိုဗိုင်းရပ်စ်ပိုးသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။ မေလ ၄ ရက်နေ့သို့ ရောက်သော် တစ်ရက်လျှင် ငှက်ကောင်ရေ တစ်ရာကျော် သေဆုံးနေကြတော့သည်။ မေလ ၂ဝ ရက်နေ့သို့ ရောက်သောအခါ အခြားကျွန်းငယ်ကလေးများသို့ ကူးစက်သွားတော့သည်သာမက ငှက်ကောင်ရေ ၁၅ဝဝဝ ခန့် သေဆုံးနေကြလေပြီ။ ထိုကိစ္စအား သိရှိလိုက်ရမှုအတွက် နောက်ဆက်တွဲအဖြစ် ကြောက်စိတ်ဝင်စရာ ကောင်းသည့် အကြောင်းအချက်များ ပေါ်ထွက်လာသည်။ H5N1 သည် အိမ်တွင်မွေးထားသော ကြက်နှင့်ဘဲများကိုသာမက ယခု တောငှက်ရိုင်းများကို ကူးစက်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ ထိုငှက်များသည်နွေရာသီတွင် Qinghai ရေကန်၌ နေထိုင်လေ့ ရှိကြပြီး ဆောင်းရာသီသို့ ရောက်သောအခါ ဆောင်းခိုရန် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ဆီသို့ ပျံသန်းသွား တတ်လေ့ရှိကြသည်။ ထို့ကြောင့် H5N1 ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ လူဦးရေ အလွန်ထူထပ်သည့် နေရာများဆီသို့ ရောက်ရှိသွားနိုင်သည့် အလားအလာများ ရှိပြန်လေသည်။

အလွန်ကြောက်မက်ဖွယ် ကောင်းသော ရောဂါပိုး[ပြင်​ဆင်​ရန်​]

ဤဗိုင်းရပ်စ်ပိုး H5N1သည် အခြားအခြားသော တုပ်ကွေးဗိုင်းရပ်စ်များနှင့် လုံးဝမတူချေ။ ကူးစက်ခံရသူ၏ အဆုတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ထိုးနှက်လေ့ရှိပြီး အထူးသဖြင့် လူကိုသေစေနိုင်လောက်သည့် ဘေးအန္တရာယ်ဖြစ်စေသည်။ ထိုဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်သော Antiviral ဆေးဝါးဖြစ်သည့် oseltamivir (Tamiflu) သည် စမ်းသပ်စဉ်က အောင်မြင်မှု အလားအလာများစွာ ကောင်းမွန်ခဲ့ပါ၏။ သို့ရာတွင် ရောဂါ လက္ခဏာများအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရှိရပြီး ၄၈ နာရီအတွင်း ထိုကာကွယ်ဆေးကို အသုံးပြုရမည် ဖြစ်သည်။

ထို့ကြောင့် ထိုကာကွယ်ဆေးကို အသုံးပြုမည်ဆိုပါက ရောဂါလက္ခဏာကို လျင်မြန်စွာ သိရှိနိုင်ရန် အထူးလိုအပ်လာလေသည်။ နောက်ဆုံးတွင် ဤတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကောင်းဆုံးလုပ်ငန်းစဉ်မှာ ရောဂါရှင်များကို ကုသရန်ထက် ကြိုတင်၍ ကာကွယ်ထားရန်ပင်ဖြစ်တော့သည်။ လွန်ခဲ့သော ဩဂုတ်လမှ စမ်းသပ်ချက်များအရ ကာကွယ်ဆေးကို တစ်လအတွင်း နှစ်ကြိမ်ခွဲ၍ ထိုးပေးခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ဆိုလေသည်။

ရောဂန္တရကပ်နှင့် နီးကပ်မှု[ပြင်​ဆင်​ရန်​]

လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ အတွင်းက ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့သော ရောဂါကပ်ဆိုက်မှုပေါင်း ၁ဝ ကြိမ်အထိ ရှိခဲ့သည်။ အနီးစပ်ဆုံး ကပ်ဆိုက်မှုမှာ ၁၉၆၈-ခုနှစ်က ဖြစ်ပွားခဲ့သည့် 'ဟောင်ကောင်တုပ်ကွေး' ဖြစ်သည်။ သို့ရာတွင် သိပ်မပြင်းထန်လှပါ။ ယခု ပူပန်သောကဖြစ်နေကြရသည့် အချက်တစ်ချက်မှာ H5N1သည် မနေမနား လှုပ်ရှားနေပုံရခြင်းပင် ဖြစ်သည်။ ယခုနှစ် နွေဦးရာသီက တရုတ်နိုင်ငံတောင်ပိုင်း၌ ဘဲငန်းရိုင်းများကို ထောင်နှင့်ချီ၍ သေစေခဲ့သည်။

နွေရာသီကမူ ဆိုက်ဗေးရီးယားရှိ ငှက်များအတွင်း ဤဗိုင်းရပ်စ်ပိုး ပေါ်ပေါက်လာခဲ့ပြန်သည်။ လွန်ခဲ့သော မေလက ဂျာဗားကျွန်း အနောက်ပိုင်းတွင် ဝက်အချို့၌ ဤဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း သတင်းရရှိခဲ့ပြန်သည်။ ပို၍ပင် သောကဖြစ်စရာကောင်းသည့် ကိစ္စများ၊ ဂျကာတာမြို့တော်ရှိ ကြက်ငှက်မွေးမြူရေး စခန်းအချို့မှ ကြက်များသည် နေမကောင်းသည့် ပုံသဏ္ဌာန်မျိုး အလျဉ်းမပြဘဲ ၄င်းတို့တွင် H5N1 ဗိုင်းရပ်စ်ပိုးများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆိုသော အချက်ပင်ဖြစ်သည်။ သေနေသောကြက်များ မရှိတော့ပါက အဆိုပါ ဗိုင်းရပ်စ်ပိုးသည် မည်သည့်နေရာဆီသို့ ရွေ့လျားနေကြောင်း သိရှိနိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

ရောဂန္တရကပ်၏ ပုံပန်းသဏ္ဌာန်[ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စုမှ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာန ဝန်ကြီး မိုက်ကယ် လေးဗစ်(Michael Leavitt) သည် ကက်ထရီနာ မုန်တိုင်း တိုက်ခတ်ခံခဲ့ရသော မြို့ကြီး ၁၇ မြို့၏ အပျက်အစီးများကြားထဲ၌ လျှောက်သွားနေရင်း အကယ်၍ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅ဝ စလုံး၌ သဘာဝဘေးဒဏ်များ ကျရောက်ခဲ့သည်ရှိသော် မည်သို့မည်ပုံ ရှိလေမည်နည်းဟု တွေးကြည့်မိခဲ့သည်။ 'ရောဂန္တရ ကပ်ဘေးကြီး ဆိုက်ရောက်တယ် ဆိုတာက သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေမျိုးနဲ့ အလွန် ကွဲပြားခြားနားပါတယ်။ ရောဂန္တရကပ်ဘေးဆိုက်မယ်ဆိုရင် တစ်နှစ်လောက် အချိန်ယူပြီးမှ ဖြစ်လာမှာပါ။ ပြီးတော့လဲ နေရာပေါင်း ၅ဝဝဝ လောက်မှာ တစ်ချိန်တည်းမှာလဲ ဖြစ်ပွားနိုင်ပါတယ်'ဟု လေးဗစ်က ဆိုသည်။

H5N1 ရောဂါပိုးသည် နှာချေရုံ၊ ချောင်းဆိုးရုံမျှနှင့် ကူးစက်နိုင်တော့မည်ဆိုပါက ကာကွယ်ကြဖို့ ကြိုတင်၍ အချက်ပြနိုင်မည့်အချိန် သိပ်များများစားစား ရနိုင်ဖွယ်မရှိတော့ချေ။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း သန်းတစ်ထောင်ကျော် လေကြောင်းဖြင့် ခရီးသွားလာနေကြသည်။ ထို့ကြောင့်ရောဂါ အမှန်တကယ် ဖြစ်ပွားလာသည်ဆိုပါက ထိုရောဂါသည် တစ်ကမ္ဘာလုံးသို့ နာရီအနည်းငယ်အတွင်း ပျံ့နှံ့ရောက်ရှိသွား တော့မည်သာ ဖြစ်သည်။ အကယ်၍ ကမ္ဘာပေါ်ရှိ လေဆိပ်အားလုံးကို ပိတ်ပစ်လိုက်သည့်တိုင်အောင် ရောဂါပျံ့နှံ့မှုမှာ နှစ်ပတ်၊ သုံးပတ်ခန့် နောက်ကျသွားရုံမျှသာ ရှိလိမ့်မည်ဟု ကွန်ပျူတာများနှင့် ဖန်တီးကြည့်မှုမှ ဖြေပေါ်ထွက်လာသည်။ ဤရောဂါဖြစ်ပွားလာပါက လူဦးရေ ၂ သန်းမှ ၇.၄ သန်းအထိ သေဆုံးကြဖွယ်ရှိသည်။ ကိန်းဂဏန်းအမှန်မှာ ထို့ထက်ပင်ပို၍ များပြားနိုင်ဖွယ် ရှိသည်ဟု W.H.O က ဆိုသည်။

ကာကွယ်ဆေး ထုတ်လုပ်မှု[ပြင်​ဆင်​ရန်​]

တစ်ကမ္ဘာလုံးတွင် ဆယ်နိုင်ငံထက် မပိုသော နိုင်ငံများ၌သာ မိမိနိုင်ငံအတွင်း၌ သုံးစွဲရန်အတွက် ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ သာမန် တုပ်ကွေးရောဂါ ကာကွယ်ဆေးများသည်ပင်လျှင် အကျိုးအမြတ် ရရှိရန် မလွယ်ကူလှချေ။ ထိုဆေးများ၏ သက်တမ်းမှာ တိုတောင်းလှသောကြောင့် နှစ်စဉ် သက်တမ်းကုန်သည့် ဆေးများကို စွန့်ပစ်နေကြရသဖြင့် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ထုတ်လုပ်ရန် လက်ရှောင်ခဲ့ကြလေသည်။ ယခု ဤကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဆိုပါက မိမိတို့ လိုလားသလောက် လျင်မြန်စွာ ထုတ်လုပ်နိုင်ကြမည်မဟုတ်ပါ။ ကာကွယ်ဆေး ဖော်စပ်ရန် အဆင့်ပေါင်း များစွာကို ကျော်ဖြတ်ရန် ရှိနေသောကြောင့်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မည့် စုစုပေါင်း ပမာဏမှာ တစ်နှစ်လျှင်သန်း ၃ဝဝ မျှသာရှိသည်။ လူ ၂ဝ လျှင် တစ်ယောက်အတွက် လုံလောက်ရုံမျှသာ ရှိသည်။

လက်ရှိ ကာကွယ်ဆေးမှာ ရောဂါဖြစ်နိုင်ချေရှိသည့် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး သုံးမျိုးကို ကာကွယ်နိုင်ရန် ပေါင်းစပ်ထား ခြင်းဖြစ်သည်။ ရောဂန္တရကပ် ဆိုက်ရောက်လာပြီဆိုပါက ဤဆေးဝါးလုပ်ငန်းက ရောဂန္တရကပ် နှင့်ဆိုင်သော ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အာရုံပြု၍ ထုတ်လုပ်သွားတော့မည်ဖြစ်သည်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုကို တားဆီးနည်း[ပြင်​ဆင်​ရန်​]

ရောမမြို့ရှိ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(F.A.O) မှဒါရိုက်တာ ဒေါက်တာ ဆင်မြူရယ်ဂျပ်ဇီက 'ရောဂါပိုး ကပ်ငြိနေတဲ့ တိရစ္ဆာန်တွေကို သုတ်သင်ပစ်လိုက်တာဟာ ဗိုင်းရပ်စ်ရောဂါပိုး ထပ်မပြန့်ပွားအောင် အကောင်းဆုံး တားဆီးတဲ့ နည်းပါပဲ'ဟုဆိုသည်။ ၂ဝဝ၄-ခုနှစ် နှစ်လယ်က ယိုးဒယားနိုင်ငံသည် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးသူ လူပေါင်း တစ်သန်းအား နယ်များသို့ ကွင်းဆင်း၍ ရောဂါဖြစ်ပွားမှု ရှိ မရှိ စစ်ဆေးစေခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းရန်အတွက် ကြက်ကောင်ရေ ၃.၅ သန်းကို သုတ်သင်ပစ်ခဲ့သည်။ ယိုးဒယားနိုင်ငံတွင်၂ဝဝ၄ ခုနှစ် အောက်တိုဘာလမှစ၍ကြက်ငှက်တုပ်ကွေးရောဂါပိုးကြောင့် ကွယ်လွန်သူ တစ်ဦးမျှ ထွက်ပေါ်မလာတော့ချေ။

ကာကွယ်ဆေး[ပြင်​ဆင်​ရန်​]

ကာကွယ်ဆေး အသုံးပြုနိုင်ပါသည်။ ၂ဝဝ၄ ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့တွင် စမ်းသပ်ချက်များအရ အဆိုပါ ကာကွယ်ဆေးအား ကြွက်သားထဲသို့ ထိုးသွင်းမည့်အစား အရေပြားမှ အလွှာ ၂ ခုကြားထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြင့် အင်တီဂျင်(Antigen ပဋိပစ္စည်းကို ကြွစေသောပစ္စည်း)အား အသုံးပြုရမှု နည်းပါးသွားစေကြောင်း တွေ့ရှိရသည်။ ဆိုလိုသည်မှာ မိမိရရှိထားသော ဆေးပမာဏကို ၅ ဆအထိ တိုးမြှင့်၍ သုံးစွဲနိုင်ခွင့်ရရှိခြင်းပင်ဖြစ်သည်။

ကာကွယ်နည်း[ပြင်​ဆင်​ရန်​]

ရာသီအလိုက် ဖြစ်ပွားတတ်သော သာမန်တုပ်ကွေးရောဂါ မိမိတွင် မဖြစ်ရလေအောင် ဆင်ခြင်နေထိုင်ပါ။ ဆရာဝန်က ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု ညွှန်ကြားပါက မပျက်မကွက် လိုက်နာပါ။ အရေးကြီးသော အခြားအချက်တစ်ချက်မှာ H5N1 ဗိုင်းရပ်စ်ပိုးသည် ရဝ ဒီဂရီစင်တီဂရိတ်တွင် သေဆုံးပါသည်။ ထို့ကြောင့် မိမိ စားသောက်မည့် ကြက်သားကို စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါသည်။

H5N1 ဗိုင်းရပ်စ်ပိုးသည် အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုးများကဲ့သို့ အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး လေထဲမှတစ်ဆင့်ကူးစက်နိုင်ပါသည်။ ၂ဝဝ၅ ခုနှစ် ဇူလိုင်လကုန်အထိ လူသားများအတွက် စိုးရိမ်လောက်အောင်ကူးစက်မှုမျိုး မဖြစ်ပွားသေးပါ။ ရောဂါဖြစ်ပွားသူပေါင်း ၁ဝ၉ ဦးတွင် လူ ၅၅ ဦး သေဆုံးကြောင်းသိရသည်။ လူသားတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်မှုမှာ ယိုးဒယားနိုင်ငံမှ မိခင်တစ်ဦးတည်း၌သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

အကယ်၍ H5N1 ဗိုင်းရပ်စ်ပိုးသည် သန္ဓေ မပြောင်းဘဲ ကူးစက်မှု ပိုမိုဖြစ်ပွားလာပါက အဆိုပါ ဗိုင်းရပ်စ် ရောဂါပိုးသည် အရှေ့တောင်အာရှတွင် နေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်ဆက်လက် တည်ရှိနေလိမ့်မည်။ အကယ်၍ ထိုဗိုင်းရပ်စ်ပိုးသည် သန္ဓေပြောင်းလဲသွားသည်ဆိုပါက မည်သည့် ပြောင်းလဲမှုများ ဖြစ်လာသည် (ပို၍ ဆိုးရွားပြင်းထန်လာမည် သို့မဟုတ် ဆိုးရွားမှုများ လျော့နည်းသွားမည်တို့)ကို သိရှိရန် ခက်ခဲပေလိမ့်မည်။ ဤအခြေအနေ နှစ်မျိုးအနက် မည်သည့်အခြေအနေမျိုးတွင်မဆို သိပ္ပံပညာရှင်များသည် ယခင်က မရှိခဲ့ ဖူးသေးသော နည်းစနစ်သစ်များ၊ လက်နက်ကိရိယာများကို ရရှိထားကြပြီ ဖြစ်သောကြောင့် ထိုနည်းစနစ်များနှင့် ရောဂန္တရကပ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမလာအောင် တားဆီးပေးနိုင်လိမ့်မည်သာ ဖြစ်ပါသည်။[၁]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. သိပ္ပံနှင့်နည်းပညာ ဂျာနယ်၊ အမှတ်(၁) ၂၀၀၅၊နိုဝင်ဘာ၊၂ရက်
  • Avian Flu, How Scared Should You Be? by Claudia Cornwall.
  • AVIAN FLU, How Scared Should We Be? by Christine Gorman.