ကီးယက်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူကရိန်းနိုင်ငံ ကီးယက်မြို့တော်ရှိ ပြည်သူတို့အတွက် ဖွင့်လှစ်ထားသော ပြည်သူ့ပြတိုက်

ကီးယက်မြို့[ပြင်​ဆင်​ရန်​]

ကီးယက်မြို့သည် နီးပါးမြစ်၏ လက်ယာဖက် ကမ်းပေါ်တွင် တည်ရှိ၍ လူဦးရေ ၈၅ဝ,ဝဝဝ မျှရှိသော မြို့ကြီး ဖြစ်ပြီးလျှင်၊ ယူကရိန်းနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဆိုဗီယက်ရုရှနိုင်ငံတွင် ရှေးအကျဆုံးသော မြို့ကြီးဖြစ်၍ ထိုမြို့ကို 'မြို့များမိခင်'ဟု ရုရှတို့ ခေါ်ကြသည်။ လယ်ယာနှင့်စက်မှုလုပ်ငန်းများ ထွန်းကားသော ဒေသတွင် တည်ရှိသည့်ပြင် မီးရထားလမ်းဆုံရာ မြို့ကြီးလည်း ဖြစ်သဖြင့် ရုရှနိုင်ငံတွင် တတိယအကြီးဆုံးမြို့ ဖြစ်၏။ ကုန်တင်ကုန်ချ ရှုပ်ရှက်ခတ်မျှ စည်ကားသော ဆိပ်ကမ်းများ၊ သတ္တုရည်ကျိုရုံ များ၊ ဂျုံစက်၊ သကြားစက်၊ သားရေနယ်စက်၊ အရည်ချက်စက်၊ ဖန်ချက်စက် စသည်တို့အပြင် ဓါတ်ခွဲခန်းများ၊ စက်မှုလက်မှု ပညာသင်ကျောင်းများ၊ ပြတိုက်များ၊ တက္ကသိုလ်ကျောင်းကြီး များနှင့် အမျိုးသားစာကြည့်တိုက်၊ သိပ္ပံပညာတံခွန်အသင်း တို့လည်း ရှိသဖြင့်၊ ကီးယက်မြို့သည် ယခုအခါ ခေတ်မှီသော မြို့ကြီးလည်း ဖြစ်လေသည်။

ကီးယက်မြို့တွင် အပိုင်းကြီးသုံးပိုင်း ထင်ရှားခြားနားစွာ တည်ရှိ၏။ ပထမပိုင်းမှာ မြစ်ကမ်းတစ်လျှောက် တွင်ရှိသော ပိုဒိုးခေါ် ကူးသန်းရောင်းဝယ်ရေးရပ်ကွက် ဖြစ်သည်။ ထိုအပိုင်း တွင် ယဟူဒီရပ်ကွက်လည်း ပါဝင်သည်။ ဒုတိယအပိုင်းမှာ တောင်ကုန်းအမြင့်ပိုင်းတို့ အပေါ်တွင်ရှိသော ကီးယက် မြို့ဟောင်းရပ်ကွက် ဖြစ်၏။ တတိယပိုင်းမှာ ပက်ချာစကီ တောင်ကုန်းပေါ်ရှိ လာဗရာဘုန်းကြီးကျောင်းဖြစ်သည်။ လာဗရာ ကျောင်းတွင် ၁၁ ရာစုနှစ်အတွင်းက ဆောက်လုပ် ခဲ့သော ဂူအမြောက်အမြား ရှိ၏။ ယခင်က လာဗရာ ကျောင်း သည် မြို့တံတိုင်း၊ မျှော်စင်၊ ဈေးဆိုင်ကန္နား၊ ဘုရားရှိခိုး ကျောင်း၊ စာသင်ကျောင်း၊ စာပုံနှိပ်စက် စသည်တို့ဖြင့် သီးခြား မြို့ကလေး တစ်မြို့သဖွယ် တည်ရှိခဲ့သည်။ ၁၉၁၇ ခုနှစ် ရုရှ တော်လှန်ရေး မစမီက ရုရှလူမျိုးတို့သည် လာဗရာကျောင်းသို့ နှစ်စဉ် ဘုရားဖူးသွားရောက်လေ့ ရှိကြသည်။ အချို့သော ဘုန်း ကြီးများသည် ထိုအရပ်ရှိ ဂူများတွင် အသက်ထက်ဆုံး တရား အားထုတ်လေ့ ရှိကြသည်။ ကီးယက်မြို့ဟောင်း ရပ်ကွက်တွင် ၁၁ ရာစုနှစ် အတွင်းက တည်ဆောက်ခဲ့သော ထည်ဝါခန့်ညား သည့် စိန်ဆိုဖီးယား ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီး ရှိ၏။ ထိုဘုရားရှိခိုးကျောင်းကြီးမှာ ထိပ်ပိုင်းတွင် ရွှေသားဖြင့် ပြုလုပ် ထားသော ခေါင်းလောင်းစင်ကြီး ရှိသည့်အတွက် ထင်ရှား လေသည်။

ကီးယက်မြို့သည် ၅ ရာစုနှစ်အတွင်းက တည်ခဲ့သော မြို့ ကြီး ဖြစ်၏။ အလယ်ခေတ်တွင် စည်ကား တိုးတက်လျက် ထင်ရှားကျော်ကြားခဲ့သည်။ ထိုမြို့သည် ရုရှနိုင်ငံတွင် ခရစ်ယန် ဘုရားရှိခိုးကျောင်းနှင့် ခရစ်ယန် စာသင်ကျောင်းများ ရှေးဦးစွာ ဖွင့်လှစ်တည်ဆောက်ရာမြို့ ဖြစ်သည့်ပြင်၊ တစ်ခါက ဘုရားရှိခိုး ကျောင်းပေါင်း ၁၅ဝ မျှ ရှိခဲ့ဘူးသဖြင့်၊ ရှေးအခါက ရုရှတို့ သည် ထိုမြို့ကို 'ကီးယက်မြို့မြတ်'ဟု ခေါ်စမှတ် ပြုခဲ့ကြ၏။ မွန်ဂိုလူမျိုး၊ လစ်သွေးနီးယန်းလူမျိုးနှင့် ပိုးလူမျိုးတို့သည် ကီး ယက်မြို့ကို အသီးသီး ပိုင်ဆိုင် အုပ်စိုးခဲ့ကြဘူး၏။ သို့ရာတွင် ၁၆၆၈ ခုနှစ်၌ ရုရှလူမျိုးတို့က ပြန်လည် သိမ်းပိုက်လိုက်ကြ သည်။ ၁၉၄၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၏ မြို့တော်ဖြစ်လာ ၏။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျာမန်တို့သည် အပြင်းအထန် တိုက်ခိုက်၍ ကီးယက်မြို့ကို ၁၉၄၁ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ သိမ်းပိုက်ထားခဲ့ကြ၏။ ၁၉၄၃ ခုနှစ် ရုရှတပ်များ ကီးယက်မြို့ သို့ ပြန်ရောက်လာသောအခါ မူလလူဦးရေ ၈၅ဝဝဝဝ ခန့်မှာ ၇၅ဝဝဝ ခန့်အထိ လျော့ကျသွားသည်ကိုလည်းကောင်း၊ လူနေအိမ်များ နှင့်တကွ တံတားများ၊ စက်ရုံများ၊ တက္ကသိုလ်ကျောင်း အဆောက်အအုံများနှင့် ရှေးဘုန်းကြီးကျောင်းများမှာ မရှုမလှ ပျက်စီးကုန်ပြီကိုလည်းကောင်း၊ တွေ့ကြရလေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)