ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ

ဝီကီပီးဒီးယား မှ

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ(၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှ လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။ [၁] အောက်ပါ ဆောင်းပါးသည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပါ အချက်အလက်များမှ ကောက်နုတ်ချက်များသာ ဖြစ်သည်။ ကွဲလွဲချက်များ ရှိပါက သို့မဟုတ် ဆိုလိုရင်းနှင့်ပတ်သက်၍ ဒွိဟဖြစ်ပါက မူရင်း ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင်သာ ပြန်လည်ဖတ်ရှုရန် ဖြစ်သည်။

ပါဝင်သောအခန်းများ[ပြင်ဆင်ရန်]

အဆိုပါ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင် အခန်း(၈)ခန်း ပါဝင်ပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ လုပ်ငန်းတာဝန်များ၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လတ်မှတ်ထုတ်ပေးခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်းနှင့် အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေဟူ၍ ပါရှိသည်။

ကိုယ်ပိုင်ကျောင်းတည်ထောင်ခြင်း[ပြင်ဆင်ရန်]

ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရာတွင်

  • ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း၊
  • နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင် ဖွင့်လှစ်သော (သို့မဟုတ်) ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း
  • သာသနာပြုကျောင်းမဖြစ်စေရ

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည်

  • တစ်ဦးတည်းက တည်ထောင်ဖွင့်လှစ်လိုခြင်းဖြစ်ပါက မြန်မာနိုင်ငံ သားဖြစ်ခြင်း၊
  • အဖွဲ့အစည်းက တည်ထောင်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့ဝင်အားလုံးသည် မြန်မာနိုင်ငံ သားဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။

ကိုယ်ပိုင်ကျောင်းအတွက်လိုအပ်ချက်များ[ပြင်ဆင်ရန်]

ထို့အပြင် ကိုယ်ပိုင်ကျောင်းတည် ထောင်ဖွင့်လှစ်နိုင်ရန်

  • (က) အခြေခံပညာမူလတန်းကျောင်းအလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းကို ဖွင့်လှစ်ရန် စီမံထားရှိခြင်း။
  • (ခ) ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဝင်း၊ ကျောင်းစာသင်ခန်း များသည် ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိခြင်း။
  • (ဂ) ကျောင်းအဆောက်အအုံသည် ကျောင်းအဖြစ်အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း။
  • (ဃ) ကျောင်းသားများ၏ အသက်အရွယ်နှင့် ကျောင်းသားဦးရေအလိုက် ကျောင်းသုံးပရိဘောဂ၊ သင်ကြားမှုအထောက်အကူ ကိရိ ယာပစ္စည်းများ၊ နေရာထိုင်ခင်းများ၊ ကျောင်းစုဝေးပွဲနှင့် အားကစားပြုလုပ်ရန်နေရာများ သင့်တင့်လုံလောက်စွာ ရှိခြင်း။
  • (င) ထပ်ဆောင်း သင်ခန်းစာများကို ပြည့်စုံမှန်ကန်စွာ ပြုစုတင်ပြခြင်း။
  • (စ) ကိုယ်ပိုင်ကျောင်း၏ အတန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ကိုယ်ပိုင်ကျောင်းဆရာဦးရေ လုံလောက်မှုရှိခြင်း။
  • (ဆ) ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ရက်သတ္တပတ်သင်ကြားမှု အစီအစဉ်ကို စနစ်တကျရေးဆွဲထားခြင်း။
  • (ဇ) ဘော်ဒါဆောင်ထားရှိပါက
    • ၁။ ဘော်ဒါ ဆောင်အဆောက်အအုံသည် ဘော်ဒါဆောင်အဖြစ် အသုံပြုနိုင်သည့် အခြေအနေရှိခြင်း။
    • ၂။ အမျိုးသားဘော်ဒါဆောင်နှင့် အမျိုးသမီးဘော်ဒါဆောင်များကို သီးခြားစီထားရှိပြီး ဘော်ဒါဆောင်အား လုံခြုံစွာကာရံထားရှိခြင်း။
    • ၃။ ဘော်ဒါဆောင်အလိုက် အဆောင်မှူးထားရှိခြင်း ။
    • ၄။ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံများ ထားရှိခြင်း။
    • ၅။ ကျန်းမာရေးနှင့် ညီညွတ်သည့် စားရိပ်သာစီစဉ်ထားရှိခြင်း စသည်တို့ လိုအပ်ကြောင်းဖော်ပြပါရှိသည်။

ပညာရေးဝန်ကြီးဌာန၏တာဝန်များ[ပြင်ဆင်ရန်]

ပညာရေးဝန်ကြီးဌာန သည် ကိုယ်ပိုင်ကျောင်းများကို ကြီးကြပ်ရန်အတွက် အောက်ပါပညာရေးအရာရှိ အဆင့်ဆင့်ကို တာဝန်ပေးထားရမည်ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်၏တာဝန်များ[ပြင်ဆင်ရန်]

  • ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လက်အောက်မှ ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးများအား ကြီးကြပ်စေခြင်း
  • စည်းကမ်းမညီညွတ်မှုများအား လက်အောက်မှ တင်ပြလာမှုအပေါ် အထက်သို့ဆက်လက်တင်ပြခြင်း
  • ထပ်ဆောင်းသင်ခန်းစာများ၊ သင်ကြားရေးပိုင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးခြင်း
  • လက်အောက်မှ ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးများ၏ ဆုံးဖြတ်ချက်များအပေါ် မကျေနပ်၍ အယူခံတက်လာပါက ညွှန်ချုပ်အဆင့်ဖြင့် အပြီးအပြတ် ဆုံးဖြတ်ပေးခြင်း

ပြည်နယ်/တိုင်းဒေသကြီးပညာရေးမှူးများ၏တာဝန်များ[ပြင်ဆင်ရန်]

  • ကျောင်းတည်ထောင်ရန် လျှောက်ထားသူများအား ကွင်းဆင်း စစ်ဆေးခြင်း
  • စည်းကမ်းနှင့်မညီသောကျောင်းများကို သဘောထားမှတ်ချက်နှင့်တကွ အထက်သို့ တင်ပြခြင်း
  • ထပ်ဆောင်းသင်ခန်းစာအတွက် ညွှန်ချုပ်ထံ တင်ပြ၍ သဘောထားမှတ်ချက်ရယူခြင်း
  • ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း
  • ကိုယ်ပိုင်ကျောင်းများအား အခါအားလျော်စွာ စစ်ဆေးခြင်း

ကိုယ်ပိုင်ကျောင်းများလိုက်နာရန်အချက်များ[ပြင်ဆင်ရန်]

  • ဒို့တာဝန်အရေးသုံးပါးအား ဦးထိပ်ထားခြင်း
  • ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ် ရှိသူကိုသာ သင်ကြားခွင့်ပြုခြင်း
  • နိုင်ငံတော်၏အကျိုးနှင့် မူဝါဒများကိုဆန့်ကျင်သော စာများ၊ လေ့ကျင့်ခန်းများ စီစဉ်မှု မပြုပေးခြင်း
  • အခြေခံသင်ရိုးမာတိကာများ လျော့နည်းမှု မရှိစေရ
  • ကျောင်းသားတစ်ဦးချင်းအလိုက် အရည်အချင်းမှတ်တမ်းချုပ် နှင့် ကျောင်းဝင်၊ ကျောင်းထွက်၊ ကျောင်းပြောင်း လက်မှတ်များ စနစ်တကျပြုလုပ်ခြင်း
  • ကျောင်းသားတစ်ဦးချင်း၏ အသက်၊ မွေးသက္ကရာဇ်ကို ညွှန်းကြားချက်အတိုင်း အတိအကျလိုက်နာခြင်း
  • ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုမှသာ တည်ထောင်သူပြောင်းလဲခြင်း၊ ကျောင်းအမည်ပြောင်းလဲခြင်း
  • မိဘအုပ်ထိန်းသူသဘောတူညီမှသာ ကျောင်းသားအား နာမည်ပြောင်းခြင်း၊ နာမည်ထပ်တိုးပေးခြင်း
  • ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ်များ ထုတ်ပေးခြင်း
  • သင့်လျော်သောကျောင်းဝတ်စုံ သတ်မှတ်ခြင်း (ဝတ်စုံအရောင်ကို ကွဲပြားစွာသတ်မှတ်နိုင်သည်)
  • ဘာသာရေးဆိုင်ရာ သင်ခန်းစာများ သင်ကြားခွင့်မပြုခြင်း

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း[ပြင်ဆင်ရန်]

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ရရှိရန် ပြည်နယ်/တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ လျှောက်ထားရမည်။ လျှောက်ထားနိုင်သူ၏ အရည်အချင်းများမှာ-

  • ပြည်တွင်း သို့မဟုတ် ပြည်ပ မှ ပါရဂူဘွဲ့ရရှိထားသူ သို့မဟုတ် ပညာရေးဘွဲ့ ရရှိထားသူ
  • ဘွဲ့တစ်ခုခုရရှိထားပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရှိသူ
  • ဘွဲ့တစ်ခုခုရရှိထားပြီး ပညာရေးဝန်ကြီးဌာနမှ စီစဉ်ပေးသော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရှိသူ
  • အထက်ဖော်ပြပါလက်မှတ်များ မရှိသော်လည်း နိုင်ငံတော်ပိုင် တက္ကသိုလ်ကောလိပ်အခြေခံပညာကျောင်းများတွင် ဆရာအဖြစ် အနည်းဆုံး ၅-နှစ်အမှုထမ်းဖူးသူ

အရေးယူခြင်းနှင့်အယူခံခြင်း[ပြင်ဆင်ရန်]

  • ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းမပြုလုပ်မီ ရက်ပေါင်း(၃၀)ကြိုတင်၍ မပယ်ဖျက်သင့်ကြောင်း ချေပလွှာ တောင်းရမည်။
  • ပညာရေးဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။
  • ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း (၃၀) အတွင်းသတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။

တားမြစ်ချက်များ[ပြင်ဆင်ရန်]

  • ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းမပြုရ
  • ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ
  • နိုင်ငံရေးဘာသာရေး များကို ဟောပြောပို့ချခြင်းမပြုရ
  • ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ
  • ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ
  • ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်မရပဲ ပညာသင်နှစ်တစ်ခုအတွင်း မိမိသဘောအလျောက် အပြီးပိတ်သိမ်းခြင်း မပြုရ
  • ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်၍ မမှန်မကန်ကြော်ငြာခြင်းမပြုရ
  • ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ
  • ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ

ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

  • ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိပဲ ကျောင်းထောင်ဖွင့်လှစ်ပါက ထောင်ဒဏ်(၃)နှစ် + ငွေဒဏ်(၃)သိန်းကျပ်
  • နိုင်ငံရေး၊ ဘာသာရေးသင်ကြားလျှင် ထောင်ဒဏ် (၁)နှစ်မှ (၃)နှစ် + ငွေဒဏ် (၃)သိန်းကျပ်
  • ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်၍ တားမြစ်ချက်ပါ အချက်များကို ချိုးဖောက်လျှင် ထောင်ဒဏ် (၁)နှစ်မှ (၃)နှစ် + ငွေဒဏ် (၃)သိန်းကျပ်
  • ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ တားမြစ်ချက်ပါ အချက်များကို ချိုးဖောက်လျှင် ထောင်ဒဏ် (၁)နှစ် + ငွေဒဏ် (၁)သိန်းကျပ်

အထွေထွေပြဋ္ဌာန်းချက်များ[ပြင်ဆင်ရန်]

  • မူလတန်းသီးသန့်ကိုယ်ပိုင်ကျောင်း၊ အလယ်တန်းသီးသန့်ကိုယ်ပိုင်ကျောင်း၊ အထက်တန်းသီးသန့်ကိုယ်ပိုင်ကျောင်း ဟူ၍ ခွဲခြားဖွင့်ခွင့်ရှိသည်။
  • မြို့နယ်ပညာရေးမှူးအဆင့်ထက်မနိမ့်သူ ပညာရေးအရာရှိမှ မည်သည့်ကိုယ်ပိုင်ကျောင်းကိုမဆို အချိန်မရွေးစစ်ဆေးနိုင်သည်။
  • ဤဥပဒေပါ ပြစ်မှုများသည် ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှု များ ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ ကြိုတင်ခွင့်ပြုမိန့်ရယူပြီး ပညာရေးအရာရှိမှ တရားလိုပြု၍ တရားစွဲရမည်။
  • ပညာရေးဝန်ကြီးဌာနမှ လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်များကို ထုတ်ပြန်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ (၄.၁၂.၂၀၁၁)