ကိုမိုရိုကျွန်းစု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကိုမိုရိုကျွန်းစု[ပြင်​ဆင်​ရန်​]

ကိုမိုရိုကျွန်းစုသည် အိန္ဒိယသမုဒ္ဒရာ အတွင်း မိုဇမ်းဗစ် ရေလက်ကြားအတွင် မက်ဒါဂက်စကာ ကျွန်း၏ အနောက် မြောက်ဘက်နှင့် အာဖရိက အရှေ့တောင်ဘက် ကမ်းခြေအကြားတွင် တည်ရှိသည်။ ကိုမိုရိုကျွန်းစုတွင် အဓိကကျွန်းကြီး လေးကျွန်းအပြင် သေးငယ်သော ကျွန်းငယ် ပေါင်း မြောက်မြားစွာ ပါဝင်သည်။ ကျွန်းကြီးလေးကျွန်းမှာ ဂရင်းကိုမိုရီ၊ အန်ဂျူ အန်၊ မိုဟီလီနှင့် မာယော့တီးကျွန်းတို့ ဖြစ်သည်။ ထိုကျွန်းများသည် မီးတောင် တန်းများပင် ဖြစ်သည်။ ဂရင်းကိုမိုရီ ကျွန်းပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ကာသလာတောင်သည် ပေပေါင်း ၈၃ဝဝ မြင့်ပြီး မီးရှင်တောင်ဖြစ်သည်။ ကိုမိုရို ကျွန်းစု၏ စုစုပေါင်း အကျယ်အဝန်းမှာ ၈၆၃ စတုရန်းမိုင်ရှိပြီး ၁၉၇၅ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃ဝဝ,ဝဝဝ ခန့် နေထိုင်လျက် ရှိကြသည်။ ကျွန်းသူကျွန်းသား အများစုသည် အိန္ဒိယသမုဒ္ဒရာ အစိတ်အပိုင်း အားလုံးတွင် နေထိုင်ကြသည့် မွတ်ဆလင် လူမျိုးများမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ အစ္စလာမ်ဘာသာနှင့် ခရစ်ယန်ဘာသာကို အများအားဖြင့် ကိုးကွယ်ကြသည်။ မာယော့တီး ကျွန်းပေါ်တွင် နေထိုင်သူ အများစုသည် ခရစ်ယန်ဘာသာကို ကိုးကွယ်ကြပြီး ကျန်ကျွန်းများပေါ်မှ ကျွန်းသူ ကျွန်းသားများသည် အများအားဖြင့် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ မာလာဂါစီ ဘာသာစကား ကို သုံးစွဲကြသည်။ ဂရင်းကိုမိုရို ကျွန်းပေါ်ရှိ မိုရိုနီမြို့သည် ကိုမိုရိုကျွန်းစု၏ မြို့တော်ပင် ဖြစ်သည်။

ကိုမိုရိုကျွန်းစု၏ လမ်းပန်း ဆက်သွယ်ရေးမှာ ရာသီမရွေး သွားလာနိုင်သည့် ၃၆ဝ ကီလိုမီတာ ရှည်လျားသော မော်တော်ကားလမ်း ရှိသည်။ မက်ဒါဂက်စကာ နှင့် ဆက်သွယ်ထားသော အမြဲတမ်း လေကြောင်းလမ်း ရှိသည်။ ကိုမိုရိုကျွန်းစု၏ အဓိက စီးပွားရေးသည် စိုက်ပျိုးရေးဖြစ်သည်။ အုန်းသီး၊ လေးညှင်းပွင့်၊ ဗင်နီလာ သစ်ခွမွှေးပင်၊ ကာဖီ၊ ဆန်စပါး၊ ကြံ၊ ပီလောပီနံ၊ ရေမွှေး ထုတ်လုပ်ရာတွင် သုံးသည့် အသီးနှင့် အပင်များကို အဓိက စိုက်ပျိုးသည်။ သဘာဝပေါက်ပင်များ အဖြစ် ဟင်းသီးဟင်းရွက် ဟင်းခတ် အမွှေးအကြိုင်၊ အုန်း၊ အပူပိုင်း သစ်မာနှင့် ပလောပီနံတို့ ပေါက်ရောက်သည်။

ကိုမိုရိုကျွန်းစုကို ၁၅ဝ၃ ခုနှစ်လောက်တွင် ပေါ်တူကီလူမျိုးများ စတင် တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ ၁၅၁၇ ခုနှစ်တွင် ပြင်သစ်လူမျိုးများ စတင် ဝင်ရောက် လာသည်။ ၁၈၈၆ ခုနှစ်တွင် ကျွန်းအားလုံးကို ပြင်သစ်စောင့်ရှောက်ခံ နယ်မြေ အဖြစ်၄င်း၊ ၁၉၁၂ ခုနှစ်တွင် ပြင်သစ်ကိုလိုနီနယ်အဖြစ်၄င်း သတ်မှတ်ခဲ့သည်။ ၁၉၁၂ ခုနှစ် မှ ၁၉၄၇ ခုနှစ်အထိ မက်ဒါဂက်စကာကျွန်းနှင့် ပူးပေါင်း အုပ်ချုပ်ခြင်း ခံရသည်။

၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိသော ပြင်သစ်ပင်လယ်ခြား နယ်မြေ တစ်ခု ဖြစ်လာသည်။ ၁၉၇၄ ခုနှစ်တွင် ဂရင်းကိုမိုရို၊ အန်ဂျူအန်နှင့် မိုဟီလီကျွန်း တို့က လွတ်လပ်ရေးပေးရန် ဆန္ဒပေး စကားကမ်းလှမ်းခဲ့သည်။သို့သော် မာယော့တီးကျွန်းမှ ခရစ်ယန် ၆၈% က ယင်းကမ်းလှမ်းချက်ကို ကန့်ကွက်ဆန္ဒမဲ ပေးခဲ့ ကြသည်။ ၁၉၇၅ ခု ဇွန်လ ၆ ရက်နေ့တွင် ကိုမိုရို ဥပဒေပြု လွှတ်တော်က တဘက်သတ် လွတ်လပ်ရေး ကြေငြာခဲ့သည်။

မာယော့တီးကျွန်းသည် ပြင်သစ်ထိန်းသိမ်းမှု အောက်တွင် ဆက်လက် နေထိုင်ရန် ဆန္ဒပေး ဆုံးဖြတ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပြင်သစ်အမှုထမ်း အားလုံးကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုစာချုပ် မရှိတော့သဖြင့် အမိနိုင်ငံရင်းသို့ ပြန်ပို့မည်ဖြစ်ကြောင်း ကိုမိုရို အာဏာပိုင်များက ကြေညာခဲ့သည်။လွတ်လပ်ရေး ရပြီးစ ကိုမိုရိုကျွန်း၏ စီးပွားရေးသည် များစွာ ကျဆင်းလျက်ရှိသည်။ ထို့ကြောင့် ကုလသမဂ္ဂ၏ အရေးပေါ် အကူအညီ တောင်းခံချက်အရ ဩစတြေးလီးယား နိုင်ငံမှ ဆန်တန် ၂,၅ဝဝ နျင့် ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းမှ ၈၁၄,၅ဝဝ ဒေါ်လာ ထောက်ပံ့ခဲ့သည်။

အမျိုးသား တော်လှန်ရေးကောင်စီနှင့် အမျိုးသား အမှုဆောင် ကောင်စီတို့သည် ၁၉၇၆ ခုနှစ်ဇွန်လ ၂ ရက်နေ့ တွင် မစ္စတာအလီဆွိုင်း လီယာအား ရွေးချယ်ကာ နိုင်ငံခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်စေခဲ့သည်။

၁၉၇၇ ခုနှစ် ဧပြီလတွင် သမ္မတ မစ္စတာအလီဆွိုင်းလီယာသည် ဝန်ကြီးဌာနများ ကို ပြန်လည် ဖွဲ့စည်းရန်၊ ဖြုတ်သင့်သော ဌာနနှင့် ပြည်သူ့ဝန်ထမ်းများကို ဖြုတ်ရန် စီစဉ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းသစ် ရေးဆွဲ၍ ပြည်သူ့ထံ ချပြ ဆန္ဒခံယူရန်လည်း ဆောင်ရွက်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)