ကားသေ့နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကားသေ့ မြို့ဟောင်းနေရာ*
UNESCO ကမ္ဘာ့အမွေခံနေရာများ

Ruines de Carthage.jpg
တည်ရှိသည့် နိုင်ငံ တူနီးရှားနိုင်ငံ၏ အလံတော် တူနီးရှား
အမျိုးအစား ယဉ်ကျေးမှု ဆိုင်ရာ
ရွေးချယ်သည့်စံနှုန်း ii, iii, iv
ကိုးကား 438
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (၃ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ

ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်လောက်က တန်ခိုးထွားခဲ့သော ကားသေ့နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် ကားသေ့မြို့သည် မြေထဲပင်လယ်ထဲတွင် ရောမမြို့နှင့် ခေတ် ပြိုင် ထွန်းကားခဲ့ပေသည်။ ထိုစဉ်က အရောင်းအဝယ် ဖွံ့ဖြိုး၍ ခမ်းနားကြွယ်ဝသော မြို့တစ်မြို့ဖြစ်ခဲ့၍၊ ယင်းမြို့ကြီး၏ နေရာ ဟောင်းမှာ အာဖရိကတိုက် မြောက်ဘက်ကမ်းခြေရှိ ယခုခေတ် တျူးနစ်မြို့နှင့် ၃ မိုင်ကွာတွင် တည်ရှိလေသည်။

ကားသေ့မြို့ တည်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အဆိုများ ကွဲပြား နေကြ၏။ နိုင်ငံသမိုင်းအရဆိုသော် ကားသေ့မြို့သည် ရှေးဖီနီ ရှန်လူမျိုးတို့ ကောင်းစားစဉ်က ဘီစီ ၈၁၃-၈၁၄ ခုနှစ်လောက် တွင် ဆိပ်ကမ်းမြို့ ကလေးအဖြစ် တည်ရှိခဲ့၏။ ရှေးသူဟောင်း တို့၏ စကားအရဆိုသော် ဘီစီ ၈၅ဝ ပြည့်နှစ်လောက်တွင် တိုင်ယာမြို့မှ ထွက်ပြေးလာသော ဖီနီရှန် မင်းသမီး ဒိုင်ဒို တည်ခဲ့သောမြို့ဖြစ်လေသည်။ ရောမ စာဆိုတော် ဗာဂျီ၏ 'အီးနီးယစ်'ကဗျာတွင် ထရိုဂျန် မင်းသား အီးနီးယပ်နှင့် ချစ် လမ်းခင်းခဲ့သော ကားသေ့ဘုရင်မ ဒိုင်ဒိုမှာ ထိုမင်းသမီးပင် ဖြစ်၏။ မြေထဲပင်လယ်ကမ်းခြေတွင် နေခင်းသာသော ကားသေ့မြို့ သည် မကြာမီပင် ကူးသန်းရောင်းဝယ်ရာ ဗဟိုဌာနကြီး ဖြစ်လာ၏။ ကားသေ့မြို့တွင် သင်္ဘောဆိပ်တွင် သင်္ဘောဆိပ် နှစ်ခုရှိ၏။ တစ်ခုမှာ ကုန်သည် သင်္ဘောများအတွက်ဖြစ်၍ အခြားတစ်ခုမှာ စစ်သင်္ဘောများအတွက် ဖြစ်၏။ မြေထဲပင်လယ် တစ်ဝိုက်တွင် ကုန်ကူးသန်းရောင်းဝယ်ရန် သင်္ဘော များကို အသုံးပြု၍ နေခဲ့ကြရာမှ ကားသေ့လူမျိုးတို့သည် နယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်လာကြ၏။ ဘီစီ ၆ဝဝ ပြည့်နှစ်လောက်မှ စ၍ ကားသေ့တို့သည် စစ်လိုလားသော လူမျိုး ဟူ၍ နာမည်ကြီးလာလေသည်။ ဘီစီ ၃ဝဝ ပြည့် နှစ်လောက်တွင် ကာသေ့မြို့သည် မြေထဲပင်လယ်နှင့် စပ်လျက်ရှိသော အာဖရိကတိုက်မြောက်ဘက် ကမ်းခြေ တစ်လျှောက်နှင့် စပိန်ကမ်းခြေတစ်လျှောက်တို့အပြင်၊ ကော်စီ ကားကျွန်းနှင့် ဆာဒင်းနီးယားကျွန်းများ ပါဝင်သော ကားသေ့ နိုင်ငံတော်ကြီး၏ မြို့တော်ဖြစ်လာ လေသည်။ ဘီစီ ၄၈ဝ နှင့် ၂၇၅ ခုနှစ်များအကြားတွင် ကားသေ့တို့သည် စစ္စလီ ကျွန်းလုံး ကို စိုးမိုးရန် ဂရိတို့နှင့် အကြိမ်ကြိမ် စစ်ပြိုင်ခဲ့ကြသည်။

ရောမတို့သည် အီတလီကျွန်းဆွယ် တစ်ခုလုံးကို သိမ်းပိုက် ပြီးသောအခါ မြေထဲပင်လယ် အနောက်ပိုင်း၌ ကြီးစိုးနေသော ကားသေ့တို့ကို မျက်စိစပါးမွေး စူးလာကြ၏။ သို့ဖြစ်၍ ကား သေ့တို့နှင့် အင်အားချင်းပြိုင်ရန် ရေတပ်အင်အား စုဆောင်း ပြီးသောအခါ ဘီစီ ၃ ရာစုနှစ်လောက်တွင် ကားသေ့တို့ကို စတင် တိုက်ခိုက်ကြလေတော့သည်။ ကားသေ့နှင့်ရောမတို့ ၃ ကြိမ် ၃ခါ စစ်ဖြစ်ကြရာ ထိုစစ်ပွဲများကို ပျူးနစ်စစ်ပွဲများဟု ခေါ်သည်။ ပထမစစ် ပွဲမှာ ဘီစီ ၂၆၄ ခုနှစ်မှ ၂၄၁ ခုနှစ်အထိ စစ္စလီကျွန်းတွင် ဖြစ်ပွား၍ ကားသေ့တို့ အရေးနိမ့်သဖြင့် စစ္စလီကျွန်းကို ရောမတို့လက်သို့ အပ်လိုက်ရ၏။ သို့သော် ရောမ တို့သည် စစ္စစီကျွန်းမှတစ်ဆင့် ဆာဒင်းနီးယားနှင့် ကောစီးကား ကျွန်းများကို သိမ်းပိုက်အုပ်ချုပ်ရန် စီမံနေစဉ် ကားသေ့စစ် ဗိုလ်ချုပ်ကြီး ဟာမီးလကား ဗားကားသည် စပိန်ကျွန်းဆွယ်တွင် နိုင်ငံသစ်များ ထူထောင်ကာ အားသစ်စုရုံးပြန်လေသည်။ ထို့ကြောင့် ရောမတို့သည် စပိန်ရှိ ကားသေ့တို့ကို အနှောင့် အယှက် ပေးကြပြန်သည်။ ထိုအခါ ဟာမီးလကား၏ သား ဖြစ်သူ ကားသေ့စစ်ဗိုလ်ချုပ် ဟန်နီဘောသည် စပိန်မှ ကုန်း ကြောင်းလမ်းဖြင့် အသွားအလာခက်ခဲသော တောင်တန်းကြီး များကို ဖြတ်ကျော်လျက် ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ် အလုံးအရင်းနှင့် အီတလီနိုင်ငံအတွင်းသို့ ချင်းနင်းတိုက်ခိုက်လေ တော့၏။

ထိုစစ်ပွဲကို ဒုတိယဗျူးနစ်စစ်ပွဲဟု ခေါ်တွင်၍ ဘီစီ ၂၁၈ ခုနှစ်မှ ၂ဝ၁ ခုနှစ်အထိ ဖြစ်ပွားခဲ့ကြ သည်။ ဟန်နီဘောသည် သူရသတ္တိနှင့် ပြည့်စုံသည့်အပြင် အစီအမံလည်း သေသပ်သဖြင့် ကားသေ့စစ်သည်များကို ရောမစစ်သည် တို့ မယှဉ်နိုင်ကြချေ။ ဘီစီ ၂၁၆ ခုနှစ် ကန္နီးတိုက်ပွဲတွင် ရောမစစ်တပ်ကြီးသည် တပ်လုံး ပြုတ်ကာ အရှုံးကြီးရှုံးသွား၏။ သို့ရာတွင် ရောမတို့သည် အလျှော့မပေးကြချေ။ ရောမဗိုလ်ချုပ် ဆစ်ပီယိုသည် စပိန်သို့ ကြားဖြတ်သွားရောက်တိုက်ခိုက်ရာ အောင်မြင်သဖြင့် အာဖရိကသို့ စစ်ဦးလှည့်လေသည်။ ကားသေ့ မြို့လည်း ရန်မကင်းတော့သဖြင့် ဟန်နီဘောကို ပြန်ခေါ်ရတော့ ၏။ ဘီစီ ၂ဝ၂ ခုနှစ်တွင် ကားသေ့မြို့ အနီး ဇေးမားအရပ်၌ ကားသေ့တို့နှင့် ရောမတို့ ယှဉ်ပြိုင်တိုက်ခိုက်ရာ ကားသေ့တို့ အရေးနိမ့်လေသည်။ ကားသေ့တို့သည် စပိန်ရှိနယ်များ၊ ကားသေ့တိုင် စစ်သင်္ဘောတပ်များနှင့် စစ်လျော်ကြေး အမြောက် အမြားကို ရောမတို့အား ပေးရလေသည်။

တတိယ ပျူးနစ်စစ်ပွဲမှာ ဘီစီ ၁၄၉ ခုနှစ်မှ ၁၄၆ ခုနှစ် အထိ ၃ နှစ်ကြာမျှ ဖြစ်ပွားခဲ့၏။ ရောမတို့သည် ကားသေ့ ကို ပြန်လည်ကြီးပွားလာခြင်းကို မရှုဆိတ်ကြချေ။ ကားသေ့ တို့၏ ရန်ကိုလည်း ကြောက်ရွံ့ လျက်ပင် ရှိကြသေးသည်။ ထို့ကြောင့် ကားသေ့တို့သည် အာဖရိကတိုင်းရင်းသား ရန်သူ များ၏ တိုက်ခိုက်မှု ကို ကာကွယ်ရန် စစ်တပ်ဖွဲ့စည်းသောအခါ ရောမတို့သည် အပြစ်ရှာ၍ ကားသေ့တို့အား တိုက်ခိုက်ကြတော့ ၏။ ကားသေ့တို့သည် ရန်သူတို့ကို အစွမ်းကုန် ခုခံတိုက်ခိုက် ကြ၏။ သို့ရာတွင် အင်အားချင်း မမျှတသဖြင့် အရှုံးခံကြ ရသည်။ ဘီစီ ၁၄၆ ခုနှစ်တွင် စည်ကားခမ်းနားလှသော ကားသေ့မြို့ကြီးသည် ရောမတို့လက်တွင် ၁၄ ရက်တိုင်တိုင် မီးဟုန်းဟုန်းတောက်လောင်လျက် ပြာကျသွားလေသည်။

ဘီစီ ၄၅ ခုနှစ်လောက်တွင် ရောမဘုရင် ဆီဇာသည် ကားသေ့ကို ရောမဆင်းရဲသားများ လာရောက် နေထိုင်ရာ နယ်သစ်အဖြစ်ဖြင့် သတ်မှတ်ခဲ့၏။ ထိုအတွက် ကားသေ့သည် စည်ကားလာပြီးလျှင် ရောမပိုင် အာဖရိကနယ်ပယ်များ၏ အချက်အခြာမြို့ကြီး ဖြစ်လာပြန်သည်။ သို့သော် အေဒီ ၄၃၉ ခုနှစ်တွင် ဗင်းဒေါ လူမျိုးတို့ ဝင်ရောက်တိုက်ခိုက် လုယက် ဖျက်ဆီးခဲ့သဖြင့် မှေးမှိန်သွားပြီးလျှင် ပင်လယ်ဓားပြစခန်း အဖြစ်သို့ သက်လျှောခဲ့လေသည်။ အေဒီ ၅၅၃ ခုနှစ်မှစ၍ ဗိုင်ဇင်းတိုက် အင်ပိုင်ယာ၏ လက်အောက်ခံ နယ်တစ်ခု ဖြစ်ခဲ့ပြီးလျှင် အေဒီ ၆၉၈ ခုနှစ်တွင် အာရပ်လူမျိုးတို့၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံခဲ့ရလေသည်။

၁၈၈၁ ခုနှစ်၌ တျူးနစ်ပြည်သည် ပြင်သစ်အစိုးရ၏ စောင့်ရှောက်ခံနယ်တစ်ခု ဖြစ်လာသောအခါ ကားသေ့သည် ဗရင်ဂျီဂိုဏ်းအုပ်တစ်ပါး၏ ဌာနချုပ်ဖြစ်လာသည်။ ယခုအခါ ၌မူ ရှေးဟောင်း အဆောက်အအုံ အပျက်အစီးများ စုဝေး တည်ရှိရာ မြို့ဟောင်းရာမျှသာ ကျန်ရှိတော့သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)