ကမီယိုပန်းပြောက်

ဝီကီပီးဒီးယား မှ
ရောမမှ ၂၃ ဘီစီတွင် ပြုလုပ်ခဲ့သော ကမီယို ပန်းပြောက်
လင်းယုန် ကမီယို ၂၇ ဘီစီ
ရီနော့ဆင့်ခေတ် အာဖရိကဘုရင်ပုံ ကမီယို ၁၆ ရာစု
Cameo, handmade shell (Cassis madascarensis) , Modula Gioielli.

လူတို့ အဆင်အယင်တန်ဆာအဖြစ် အသုံးပြုကြသော ပစ္စည်းအမျိုးမျိုးတွင် မိမိတို့ နှစ်သက်ရာ ကိုးကွယ်ရာ အထိမ်းအမှတ်ပြုရာ ရုပ်ပုံများကို အကြွထွင်းထု ထားသော ကျောက်မျက်ဖြင့် ပြုလုပ်သည့် ပစ္စည်းများလည်း ပါဝင်လေသည်။ ထိုကျောက်မျက်များကို 'ကမီယို'ဟု ခေါ်၍ အချိုင့်ထွင်း ကျောက်မျက်များကို 'အင်တဲလယို'ဟု ခေါ်သည်။ ကမီယိုပန်းပြောက်ကိုသုံးသော အလေ့အထသည် လူတို့တွင် ရှေးအခါမှစ၍ ရှိခဲ့၏။ ရှေးက ကျောက်မျက် များတွင်သာမက

ယောက်သွားခွံများ၊ ခရုခွံများ၊ ကနုကမာများပေါ်တွင်လည်း ပုံကြွများဖော်၍ ဝတ်ဆင်ခဲ့ကြသည်။ ကျောက်မျက်များကို ပုံကြွ များဖော်ရာတွင် အရောင်နှစ်မျိုးသုံးမျိုး ထပ်လျက်ရှိသော ကျောက်မျက်များသည် အလွန်ကောင်း၏။ အပေါ်ယံအရောင် တွင် လိုရာပုံစံကို ထုလုပ်၍ မလိုသောအပိုင်းကို ထွင်းပစ် လိုက်သောအခါ အောက်ထပ်ရှိအရောင်သည် နောက်ခံကား သဖွယ် ဖြစ်နေပေသည်။ အရောင်တစ်မျိုးတည်း ရှိသော ကျောက်မျက်များပေါ်တွင် ပြုပြင် ဖန်တီးထားသော ကမီယို ပန်းပြောက်သည် ရောင်ကွဲကျောက်မျက် များမှာကဲ့သို့ မလှပချေ။

ရှေးဟောင်းဆူမာလူမျိုးတို့၏ ခေတ်မှ ရောမနိုင်ငံတော်ကြီး ယိမ်းယိုင်ပြိုကွဲချိန်အထိ ကမီယိုပန်းပြောက် များသည် များစွာ ခေတ်စားခဲ့သည်။ ထိုနောက် အတတ်ပညာ ပြန်လည်ဆန်းသစ် ခေတ်ဖြစ်သော ခေတ်ဆန်းချိန်မှယနေ့တိုင်အောင် ကမီယို ပန်း ပြောက်ကို အသုံးပြုလာကြသည်။

ကမီယိုပန်းပြောက်အတတ်မှာ ပန်းပု ရုပ်လုံးထွင်းခြင်း အတတ်၌ အကျုံးဝင်သော်လည်း သေးငယ်သော ကျောက်မျက်တို့ အပေါ်တွင် အလွန်နုနယ်စွာ ပုံဖော်ယူရသဖြင့် သီးသန့် အနုပညာရပ်ဖြစ်ပေသည်။[၁]

နည်းပညာ[ပြင်ဆင်ရန်]

ရှေးခေတ်နှင့် ရီနေဆန်းခေတ်ကာလက ကမီယိုများကို အလတ်စား ကျောက်မျက်များဖြင့် ပြုလုပ်ပြီး၊[၂] အထူးသဖြင့် အရောင် နှစ်ရောင် စပ်နေသော ကျောက်မျက်တုံး၊ မဟူရာကျောက် (onyx)၊ သင်္ဘောမဟူရာ (‌agate) စသော ကျောက်များဖြင့် ထုလုပ်သည်။ ယင်းတို့သည် အမာခံ ကမီယိုများ ဖြစ်သည်။ ဈေးပိုပေါသော ခေတ်သစ်လက်ရာများတွင် ခရုခွံနှင့် ဖန်သားများဖြင့် အတွေ့ရများသည်။ ကျော်ကြားသော ပို့တလန်း ပန်းအိုး (Portland Vase) ကဲ့သို့သော ဖန်သားကမီယို ခွက်များကို ရောမလူမျိုးများက ပြုလုပ်သည်။

ခေတ်သစ်ကမီယိုများသည် နောက်ခံကွဲပြားသော အရောင်ပေါ်၌ ပုံတူကဲ့သို့သော ထွင်းထုပြီး အရုပ်ကို တပ်ဆင်ခြင်းဖြင့် ထုတ်လုပ်နိုင်ပြီး၊ ၎င်းကို ပေါင်းစပ်ကမီယို (Assembled cameo) ဟု ခေါ်သည်။ အမှန်မှာ ကမီယို တချပ်ကို ရိုးရာနည်းဖြင့် ထွင်းထုနိုင်သော်လည်း အလွန်ခက်၊ အလွန်လက်ဝင်လေသည်။ တိုက်ရိုက်နည်းဖြင့် အလွှာမတူ အရောင်မတူသော မဟူရာကျောက်ပေါ်၌ လိုအပ်သော ရုပ်လုံးပေါ်အောင် လက်ဖြင့် ထွင်းထုခြင်းသည် သာ၍ ခက်သေးသည်။

တခါတရံ ဆိုးဆေးများဖြင့် ပိုဆွဲဆောင်မှုရှိအောင် မွမ်းမံတတ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  2. Ting Morris (1 August 2006)။ Arts and Crafts of Ancient Rome။ Black Rabbit Books။ p. 26။ ISBN 978-1-58340-913-8။ 16 March 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး17 June 2017 တွင် ပြန်စစ်ပြီး