မဟူရာကျောက်

ဝီကီပီးဒီးယား မှ
မဟူရာတစ်ခု

မဟူရာသည် ကျစ်လျစ်မာကြောသောကျောက် သလင်းမျိုး ဖြစ်သည်။ ယင်းသည် ကျောက်ခေါင်းများ ထဲရှိ သဲစင်ထပ်များတွင် ဖြစ်ပေါ်လျက် ရှိသည်။ မဟူရကျောက်သည် သံမဏိထက် အနည်းငယ် မာသော်လည်း သံမဏိထက် ပိုဆတ်သည်။ မဟူရာသည် အရောင်အမျိုးမျိုးတို့ဖြင့် အစင်းများထင်လျက် ရှိသည့်ပြင် သွေးလိုက် သည့်အခါ အလွန်အရောင် တောက်ပြောင်လာနိုင်သည်။ အချို့မဟူရာ ကျောက်များသည် အစင်းများဖြစ်၍ အချို့ကား လုံးချင်း မီးခိုးရောင်၊ အညိုရောင်၊ အဝါရောင်၊ အပြာရောင်၊ သို့ မဟုတ် အမည်းရောင်များ ဖြစ်ကြသည်။ အချို့ မဟူရာ ကျောက်များကို ယင်းတို့တွင် ပေါ်ထွက်နေသော အရောင်ကို လိုက်၍ အမည်အမျိုးမျိုး ပေးကြသည်။

မဟူရာကျောက်များကို များသောအားဖြင့် တောင် အမေရိကတိုက် ဘရာဇီးနိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့ရှိ ကျောက်ကျင်းများမှ တူးဖော်ရရှိကြသည်။ ဂျာမနီနိုင်ငံရှိ အိုင်ဒါ-အိုဗာစတိုင်းခရိုင်သည် နှစ်ရာပေါင်းများစွာကပင် မဟူရာကျောက်သွေးခြင်းနှင့် အရောင်တင်ခြင်း ပြုလုပ်ရာဌာန ကြီးတစ်ခု ဖြစ်ခဲ့သည်။ ဂျာမန်အလုပ်သမားများသည် မဟူရာကျောက်အရောင်ဆိုးနည်း အမျိုးမျိုးကို တိုးတက် လုပ်ကိုင်လာခဲ့ရာ ယခုအခါ အမျိုးသမီးများ ဝတ်ဆင်သော မဟူရာကျောက်များကို ကြိုက်ရာအရောင်ရအောင် ဆိုးယူကြ သည်။ အချို့ မဟူရာကျောက်များကို အမေရိကန် ပြည်ထောင်စု၊ ဩရီဂန်ပြည်နယ်တွင် တူးဖော်ရရှိ၍ ပို့တလန်မြို့တွင် ကျောက်သွေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။

မဟူရာကို ဆံထိုး၊ ရင်ထိုး၊ စက္ကူဖြတ်ဓား၊ မင်အိုးတင်ခုံနှင့် တံဆိပ်များ ပြုလုပ်ရာ၌ အများအပြား အသုံးပြုကြသည်။ မဟူရာကျောက်သည် မာသည့်ပြင် အက်ဆစ် မစားနိုင်သောကြောင့် ဓာတ်ပစ္စည်းများ ထောင်းရန်နှင့် ရောစပ် ရန်အတွက် ဆုံနှင့် ကျည်ပွေ့များ ပြုလုပ်ရာ၌ အသုံးပြုကြ လေသည်။

မဟူရာ အမျိုးမျိုးရှိသည့်အနက် မဟူရာဖြူသည်လည်း ကျောက်သလင်းမျိုးပင် ဖြစ်သည်။ အာရှမိုင်းနာ ဒေသ၊ ဗီသင်းနီးယားနယ်၊ ကယ်လဆီဒွန်မြို့အနီးတွင် မဟူရာဖြူ ကျောက်ကျင်းတစ်ခု ရှိသည်။ အခြားမဟူရာဖြူ ကျောက်ကျင်း များကို အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယား ပြည်နယ် နှင့် ကော်လိုရားဒိုး ပြည်နယ်များ၊ အိုက်စလန်ကျွန်းနှင့် ဗြိတိန် နိုင်ငံ စကော့တလန်ပြည်တို့တွင် တွေ့ရသည်။

မဟူရာဖြူသည် ဟိုဘက် သည်ဘက် တိုးရိုပေါက် မမြင်နိုင်သော်လည်း မြင်နိုင်လုနီးပါးမျှကြည်လင်၍ အဝိုင်း စက်ကလေးများ မှုန်မှုန်ပါရှိသည်။ အချို့မဟူရာဖြူများတွင် လှပသော အရောင်အစက်ကလေးများ ပါရှိသည်။ မဟူရာညိုသည်လည်း ကျောက်သလင်းမျိုးဖြစ်၍ လက်စွပ်နှင့် အခြားဆင်မြန်းရန် ဝတ်စားတန်ဆာများတွင် ထည့်၍ ဆင်ယင်ကြသည်။ မဟူရာညိုကို အိန္ဒိယ၊ ပယ်လက်စတိုင်၊ အာရေဗျ၊ ဘရာဇီး၊ ဥရုဂွေး၊ စကော့ တလန်နှင့် အယ်ယာနိုင်ငံများတွင် တွေ့ရသည်။ ယင်းသည် ကျောက်မျက်ရတနာများတွင် အပေါဆုံး ရတနာ တစ်ခုဖြစ်၍ သွေးရာ၌ အပြားလိုက်သွေးတတ်ကြသည်။ အခုံး၊ အခွက် ဖြစ်အောင်လည်း သွေးကြသည်။

မဟူရာနီသည်လည်း ကျောက်သလင်းမျိုး ဖြစ်သည်။ ယင်းကို အိန္ဒိယနိုင်ငံ၊ တောင်အမေရိကတိုက်နှင့် ဂျပန်နိုင်ငံ များရှိ ကျောက်ကျင်းများမှ တူးဖော်ရရှိသည်။ လက်စွပ် လက်ကောက်များတွင် ထည့်၍ ဆင်ယင်ကြသည်။ မဟူရာနီ ကို တစ်ခါတစ်ရံ အဝါ၊ အညို၊ သို့မဟုတ် အဖြူရောင် ဖြစ်အောင်ဆိုး၍ အသုံးပြုကြသည်။ ရှေးလူများသည် မဟူရာနီကို လက်နက်နှင့် ပယောဂဘေးမှ အကာအကွယ် ပေးသော အဆောင်အဖြစ်ဖြင့် အသုံးပြုကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)